17/04/2024
■ ၆၄ ရက်ကြာ ကျင်းပခဲ့သည့် မန်းရွှေစက်တော် ဘုရားပွဲတော် ပိတ်ပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကို မြန်မာနှစ်ဆန်း တစ်ရက် ( ဧပြီ ၁၇ ရက်) နေ့ နံနက်က အစဉ်အလာမပျက် ပိတ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရွှေစက်တော်ဘုရား ဩဝါဒစရိယဆရာတော်ကြီးများက ဦးဆောင်၍ မန်းရွှေစက်တော် ဘုရားပွဲတော် ပိတ်ပွဲအား အစဉ်အလာမပျက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရက်များအတွင်း မန်းရွှေစက်တော် ဘုရားပွဲတော်သို့ ဘုရားဖူးလာရောက်သူများ များပြားခဲ့ပြီး ပွဲတော်ပိတ်ပွဲနေ့တွင်လည်း ဘုရားဖူးလာရောက်သူများ ရှိခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲနေ့တွင် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာတို့ကို အစဉ်အလာမပျက် ဖွင့်လှစ်အပူဇော်ခံလေ့ရှိပြီး ပိတ်ပွဲနေ့တွင် ပြန်လည်ပိတ်ထားလေ့ရှိကြောင်း အောက်စက်တော်ရာကို အလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် ဖုံးအုပ်ထားသောကြောင့် ပွဲတော်ချိန်ပြင်ပတွင်လည်း မြင်တွေ့ဖူးမြော်နိုင်ကြောင်း သိရသည်။
မန်းရွှေစက်တော် ဘုရာပွဲတော်တွင် နှစ်စဉ် တဲကျောင်းပေါင်း ၁၀၀၀ ခန့်နှင့် ဆိုင်ခန်းပေါင်း ၅၀၀ ခန့်တည်ဆောက်လေ့ရှိကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်သို့ တပေါင်းလပြည့်နေ့ဝန်းကျင်တွင် နွားလှည်းများဖြင့် ဘုရားဖူးလာကြပြီး ရက်ရှည်နေထိုင်လေ့ရှိသည့် မင်းလှကျင်းကျေးရွာမှ ဒေသခံများလည်း အစဉ်အလာမပျက် လာရောက်ခဲ့ကြကြောင်း ယခုနှစ် ပွဲတော်ကာလသည် ရက်ပေါင်း ၆၄ ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။
■ ဓါတ်ပုံ - အောင်သူငြိမ်း
■ ပုံစာ။ မန်းရွှေစက်တော် ဘုရားပွဲတော် ပိတ်ပွဲကို မြန်မာနှစ်ဆန်း တစ်ရက်နေ့က ပိတ်ပွဲကျင်းပနေစဉ် ပုံများ