Wathone Tuk Tuk Rental

  • Home
  • Wathone Tuk Tuk Rental

Wathone Tuk Tuk Rental Bagan Nyaung Oo Tuk Tuk&Car Rental

02/01/2022

တန့်ကြည့်တောင်ဘုရား

မြတ်စွာဘုရားသည် ဝါတော်(၃၅)ဝါတွင် ညီတော်အာနန္ဒာအား ခေါ်တော်မူ၍ ရတနာဓရဟိရညတောင် (ယခု တန့်ကြည့်တောင်) ထိပ်သို့ ကြွတော်မူဖူး၏။ ထို့နောက် ငါ ဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်း (၆၅)နှစ်အရောက်တွင် ဤမြစ်တစ်ဖက်ကမ်း၌ အရိမဒ္ဒနပေါက္ကံ (ပုဂံပြည်) ပေါ်ပေါက်မည့်အကြောင်း ဗျာဒိတ်ပေးခဲ့သည်။ ထိုအချိန် မြတ်စွာဘုရားအား မဟာပါလဘီလူးသည် နေပူခမည် စိုး၍ ကြာသုံးရွက်ဖြင့် မိုးခဲ့ရာ ထိုဘီလူးသည်လည်း ယင်းပေါက္ကံပြည်တွင် မင်းသုံးဆက် ဖြစ်လတ္တံ့ဟု ဗျာဒိတ်တော်ခြွေခဲ့လေသည်။

သီရိဓမ္မာသောကမင်း တည်သောစေတီ ပြင်ဆင်
သာသနာ သက္ကရာဇ် ၂၁၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ ပါဋလိပုတ် (ယခု ပဋနာ)မြို့၌ သီရိဓမ္မာသောကမင်းကြီးသည် မြို့ပေါင်း ရှစ်သောင်းလေးထောင်တို့၌ ရှစ်သောင်းလေးထောင်သော စေတီတို့ဖြင့် ကျောင်းတိုက်ကြီးပေါင်း တစ်သောင်းလေးထောင် တည်ဆောက်စဉ်က မုဋ္ဌောစေတီများ တည်ထားခဲ့ရာ သံတောင် ငါးတောင်၊ ထီးငါးဆင့်ရှိသော စေတီတော်မြတ်တို့ ဟိရညတောင် ဗျာဒိတ်တော်အရ တည်ခဲ့သည်။ ထိုတည်ရာ၌ မင်းကြီး၏ သေနာပတိ ဓမ္မာနုဂ္ဂဟအမတ်ကိုယ်တိုင် ကြပ်မတ်၍ တည်တော်မူသည်။

တန့်ကြည့်တောင် စေတီကို အေဒီ (၁၀၅၉) တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် ၌ ဘုရင်ဝိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ တန့်ကြည့်တောင် ပေါ်ရှိ သီရိဓမ္မာသောကမင်းတည်ခဲ့သည့် စေတီကို ပြုပြင်မွမ်းမံကာ စွယ်တော်ပွားကို ဌာပနာခဲ့သည်။

02/01/2022

ဗူးဘုရားသမိုင်း

ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင် ပျူစောထီး တည်ခဲ့သည်။ ဘုရင်ပျူစောထီးသည် ပြည်သူများကို ဒုက္ခပေးနေသော ရှူးပျံ၊ ဝက်၊ ဗူး၊ ကျားနှင့် ငှက်တို့ကို နှိမ်နင်းခဲ့ရသည်။ ဗူးပင် ဗူးနွယ် ဗူးချုံများကို ရှင်းလင်းသုတ်သင် အောင်မြင်သော နေရာတွင် တည်ထားကိုးကွယ်ထားခြင်းကြောင့် ဗူးဘုရားဟု ခေါ်တွင်နေခြင်း ဖြစ်သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်လျက်ရှိကြသည်။

အခြားရန်သူများကို နှိမ်နင်းရာဌာနများ၌လည်း အထိမ်းအမှတ်အဖြစ် ကျားသတ်ဘုရား၊ ရှူးပျံဘုရား၊ ဝက်သတ်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ လေးနှင်ဘုရား၊ မြားဘုရား၊ သမီးဝှက်ဘုရားများလည်း တည်ထားခဲ့သည်။ စေတီတော်ကိန်းဝတ်ရာ ကျောက်စိုင်မှာ ဗူးသီးပုံသဏ္ဌာန်ရှိသည်ဟု မှတ်ယူကြသည်။ ယခုအချိန်၌ ပျူစောထီးလက်ထက်က တည်ထားသော စေတီတော်အဖြစ်မတွေ့ရတော့ဘဲ ခေတ်အဆက်ဆက်နှောင်းလူတို့ ပြုပြင်မွမ်းမံထားသည့် မှန်စီရွှေချများဖြင့် တန်ဆာဆင်ထားသော စေတီအဖြစ်တည်ရှိနေသည်။

02/01/2022

ငှက်ပစ်တောင်ဘုရားသမိုင်း

တကောင်းပြည်၌ ခမည်းတော် သတိုးမဟာရာဇာမင်းကြီး(မောင်ပေါက်ကျိုင်း)နှင့် သားတော် ရသေ့မြို့တည် မဟာသမ္ဘာဝတို့သည် ထီးပြိုင်နန်းပြိုင် စိုးစံနေကြသည်။ ယင်းမင်းဆက်မှ ဆင်းသက်လာသော တကောင်းနန်းရိုး သတိုးအာဒိစ္စ သာကီဝင် မင်းသားသည် ပြည်ရွာ မအေးချမ်း၍ မလည်အရပ်၌ မထင်မရှား တောင်ယာအလုပ် လုပ်ကိုင်စားသောက်နေသည်။ ထိုမင်းသား၏ မိဖုရားတွင် ကိုယ်ဝန်ရှိလာပြီး နေ့လစေ့သောအခါ သားယောက်ျားလေး တစ်ယောက် မွေးဖွားလာသည်။ မိဘနှစ်ပါးက သူတို့၏သားကို စောထီးဟူ၍ အမည်မှည့်ထားကြသည်။ စောထီးကို ဆရာရှင်ရသေ့က လေးအတတ်သင်ပေးသည်။ ၁၆ နှစ်အရွယ်ရောက်သောအခါ စောထီးသည် ခမည်းတော်နှင့် မယ်တော်ကို ခွင့်ပန်ပြီးလျှင် ပုဂံပြည်သို့ ထွက်ခွာသွား လေသည်။ ခမည်းတော်က စောထီးအား ရတနာအတိပြီးသော လေးနှင့်မြားကို ပေးလိုက်သည်။ စောထီးသည် ပုဂံပြည်တွင် ပျူအိုလင်မယားထံတွင် နေသည်။ ပျူအို လင်မယား ကလည်း စောထီးအား သားအရင်းတမျှ ချစ်ကြသည်။ တစ်နေ့သ၌ စောထီးသည် သူ၏ လေးနှင့်မြားကို ယူပြီး တောထဲထွက်သွားမည် ပြုသောအခါ ပျူအိုလင်မယားက- “သားစောထီး၊ ဤအရပ်၌ အရှေ့မျက်နှာအရပ်တွင် ဝက်ကြီးတစ်ကောင်၊ အနောက်မျက်နှာအရပ်တွင် ငှက်ကြီးတစ်ကောင်၊ တောင်မျက်နှာအရပ်တွင် ကျားကြီးတစ်ကောင်၊ မြောက်မျက်နှာအရပ်တွင် ရှူးပျံကြီးတစ်ကောင် မင်းမူနေကြ၏။ ယင်းရန်သူကြီးများသည် ပြည်သူများကို ဒုက္ခပေးနေကြ၏။ ပြည့်ရှင်မင်းကြီးသော်မှ မနှိမ်နင်းနိုင်ပေ” ဟု သတိပေးလေသည်။

ယင်းရန်သူကြီးများထဲတွင် ငှက်ကြီးက အဆိုးဆုံးဖြစ်သည်။ ငှက်ကြီးကို အစာအဖြစ် တစ်ပတ်လျှင် သမီးကညာ ခုနှစ်ဦး ဆက်ရသည်။ စောထီးသည် သူရသတ္တိရှိသည်။ မည်မျှပင် ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းသော်လည်း ပုဂံတစ်ခွင်၌ မင်းမူကြီးစိုးနေသော ယင်းရန်သူကြီးများကို လေးနှင့်ခွင်းပြီး နှိမ်နင်းဖျက်ဆီးပစ်လိုက်လေသည်။ ထိုအချိန်က ပုဂံပြည်တွင် စိုးမိုးအုပ်ချုပ်နေသော ဘုရင်မှာ သမုဒ္ဒရာဇ်မင်းဖြစ်သည်။ ဘုရင် သမုဒ္ဒရာဇ်သည် စောထီး၏ မျိုးရိုးနှင့် သူရသတ္တိကို သိရှိသွားသည်ဖြစ်၍ သမီးတော် သီရိစန္ဒာဒေဝီနှင့် လက်ထပ်စေပြီး အိမ်ရှေ့အရာပေးလိုက်လေသည်။ သမုဒ္ဒရာဇ် လွန်သောအခါ စောထီးသည် ထီးနန်းမစိုးစံသေးဘဲ သူ့ဆရာရသေ့အား ကျေးဇူးဆပ်သည့် အနေဖြင့် ထီးနန်းလွှဲအပ်သည်။ ထိုဘုရင်သည် ပုဂံသမိုင်းခေတ်ဦး မတိုင်ခင်ကာလ မင်းဆက်တွင် ရသေ့ကြောင်မင်းအဖြစ် ထင်ရှားသည်။ ရသေ့ကြောင်မင်းလွန်မှ စောထီး နန်းတက်သည်။ ပျူအိုလင်မယား မွေးမြူစောင့်ရှောက်ထားသောကြောင့် ပျူစောထီးဟု အမည်တွင်သည်။

တည်ထားကိုးကွယ်မှု

ပုဂံခေတ် အနော်ရထာမင်း အေဒီ (၁၀၄၄-၇၇) လက်ထက်တွင် သထုံမှ ရှင်အရဟံ ပုဂံသို့ကြွလာ၍ အနော်ရထာ မင်းအား ထေရဝါဒဗုဒ္ဓသာသနာကို ဟောကြားခဲ့သည်။ အနော်ရထာမင်းသည် ထေရဝါဒဗုဒ္ဓ သာသနာကို သက်ဝင်ယုံကြည်ကာ ပုဂံပြည်သူ ပြည်သားတို့ကိုလည်း ထေရဝါဒ ဗုဒ္ဓသာသနာ သက်ဝင် ယုံကြည် လာအောင် ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် ရှင်အရဟံ၏ လမ်းညွှန်မှုဖြင့် သာသနာပြုလုပ်ငန်းများသည် များစွာ အရေးပါခဲ့သည်။ အနော်ရထာမင်းသည် ရှင်အရဟံ၏ လမ်းညွှန်မှုဖြင့် အေဒီ(၁၀၅၈) တွင် ညောင်ဦးမြို့ ငှက်ပစ်တောင်တွင် အမြင့်(၁၈) ပေရှိသည့် ဂေါတမ ဗုဒ္ဓရုပ်ပွားတော်ကို တည်ထား ကိုးကွယ်ခဲ့သည်။

အနော်ရထာမင်း သည် ရှင်အရဟံထံမှ သထုံတွင် ပိဋကတ်သုံးပုံရှိကြောင်း သိရှိရသဖြင့် သံတမန် စေလွှတ် တောင်းခံခဲ့သည်။ မနုဟာမင်းက အနော်ရထာမင်း၏ တောင်းခံချက်ကို မပေးဘဲ မချေမငံတုံ့ပြန်သဖြင့် အနော်ရထာမင်း သည် သထုံကို ချီတက် တိုက်ခိုက် ခဲ့သည်။ သထုံကို တိုက်ခိုက်အောင်မြင်ပြီးနောက် သထုံဘုရင်၊ မိဖုရား၊ မှူးမတ် အခြွေအရံများ နှင့်တကွ ဗုဒ္ဓပိဋကတ်အစုံ သုံးဆယ်နှင့် သံဃာတော် (၁၅၀၀)တို့အား ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ အနော်ရထာမင်းသည် သထုံသံဃာ များ သီတင်းသုံးရန် ညောင်ဦးမြို့ ငှက်ပစ်တောင်အနီးတွင် ဥမင်များ နှင့်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း နှင့် ဝတ္ထုမြေများ လှူဒါန်းခြင်း ပြုလုပ်ခဲ့သည်။

02/01/2022

သဗ္ဗညုဘုရားသမိုင်း

မြန်မာသက္ကရာဇ် ၄၇၄ ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်တော်မူသော အလောင်းစည်သူမင်းကြီးသည် ထီးနန်းစိုးစံတော်မူ၍ ၁၁ နှစ်အကြာ တစ်နေ့သောအခါ၌ ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်၏ အရှေ့မျက်နှာရှိ ဝိသာခါသူဌေးမ၏ ကောင်းမှုဖြစ်သောပုပ္ဖာရုံ ကျောင်းတော်သဏ္ဌာန် စေတီတည်ရသော်ကောင်းလေစွဟု အကြံဖြစ်တော်မူ၏။ ပုပ္ဖာရုံကျောင်းတော်ကား လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန်၏ တန်ခိုးအာနုဘော်ဖြင့် မကြာမြင့်မီပင်တစ်စုံတစ်ရာ ချွတ်ယွင်းပျက်စီးခြင်းမရှိ၊ အောင်အောင်မြင်မြင်ပြီးစီးခြင်းသို့ ရောက်ရသောကျောင်းတော်ကြီး ဖြစ်သည်။ ယင်းကျောင်းကြီးသည် ဘုံတိုက်ခန်း ၅ဝဝ၊ အထက်ဆင့်၌တိုက်ခန်း ၅ဝဝ အားဖြင့်တိုက်ခန်း ၁ဝဝဝတို့ဖြင့် ဆန်းကြယ်စွာ တန်ဆာဆင်ယင်ထားသည်။

အလောင်းစည်သူမင်းကြီးသည် ရှင်အရဟံ၊ စိမ်းညက်မင်းသားတော် မဟာထေရ်ရှင်အာနန္ဒာစသော သံဃာတော်အရှင်မြတ်များ၊ ပညာရှိ မှူးတော်မတ်တော်များနှင့် တိုင်ပင်၍ အရှင်မောဂ္ဂလာန်စီရင်တော်မူသော ပုပ္ဖာရုံကျောင်းနှင့်သဏ္ဌာန်တူစွာ အမြင့်သံတောင် ၁၆ဝ ရှိသော သဗ္ဗညုစေတီကို မြန်မာသက္ကရာဇ် ၄၈၆ ခုနှစ် ၌ တည်ထားကိုးကွယ်တော်မူ၏။

တိုင်းနိုင်ငံအသီးသီးမှ ဆက်သအပ်သော ဓာတ်တော်များကိုလည်း ဌာပနာ၍ မလည်တောင်ခြေအရပ်မှ ရအပ်သောပတ္တမြားများကို ပေါက်ပေါက်ပြုကာ ကြဲဖြန့်ပူဇော်တော်မူ၏။ အခန်းကြီး အခန်းငယ်နှင့်တကွ အသွယ်သွယ်သော ကြောင်လိမ်တို့ကိုလည်း အံ့မခန်းမျှစီမံတော်မူ၏။ အချိန်တစ်သောင်းရှိသော ကြေးစင်ခေါင်းလောင်းကြီးကိုလည်း သွန်းလုပ်လှူဒါန်းတော်မူ၏။ ဘုရား၏အရှေ့တောင် ထောင့်တွင်ခေါင်းလောင်း ချိတ်ဆွဲသည့် ကျောက်တိုင်ကြီးများမှာ ယခုတိုင်ရှိနေသည်။

02/01/2022

အလိုတော်ပြည့်ဘုရားသမိုင်း

ကျန်စစ်သားသည် မင်းမဖြစ်မီ စစ်သူကြီးအဖြစ် အနော်ရထာမင်းကြီးထံ ခစားနေစဉ် စစ်ထွက်ရန် အမိန့်တော် (ထွေတော်) ချမှတ်လေသည်။ ကျန်စစ်သားသည် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် စစ်ထွက်ခဲ့ရာ ပေါက္ကံနေပြည်တော်၏ အရှေ့တောင်အရပ် (ယခု အလိုတော်ပြည့်ဘုရားတည်ရာ) ကုန်းမို့မိုအရောက်တွင် စိတ်လက်လေးလံခြင်းဖြစ်ရကား ထိုကုန်းမို့မို့ထက်၌ ဒူးထောက်ထိုင်ချ၍ အဓိဋ္ဌာန်ပြုလေသည်။ "မိမိသည် ယခုစစ်ထွက်လာရသော်လည်း စစ်တိုက်လိုစိတ်မရှိပါ။ တစ်ဖက် စစ်ပြိုင်ဖက်များသည် ပုဂံစစ်သည်များ စစ်ချီလာကြောင်းကြားရုံမျှနှင့် စစ်အောင်နိုင်သူ ဖြစ်ရပါလို၏။ မိမိပေါက္ကံပြည် ထီးနန်း၌ မင်းအဖြစ် ရရှိသောအခါ ယခုအဓိဋ္ဌာန်ပြုသည့်နေရာတွင် ဘုရားတည်ပြီး သာသနာပြုလိုပါ၏" ဟူ၍ အဓိဋ္ဌာန်ပြုခဲ့လေသည်။ ကျန်စစ်သားစစ်သူကြီးသည် အဓိဋ္ဌာန်ပြုရာကုန်း မှခွာ၍ စစ်ချီသောအခါ အဓိဋ္ဌာန်စိတ်အကြံအတိုင်း ပေါက်မြောက်အောင်မြင် ခဲ့လေသည်။

ပုဂံပြည်တွင် ကျန်စစ်သားမင်းအဖြစ် ရောက်ရောက်ခြင်း ရှင်အရဟံမထေရ်မြတ်နှင့် တိုင်ပင်ပြီး မိမိစစ်သူကြီးဘဝက အဓိဋ္ဌာန် ဆုတောင်းပြည်ခဲ့သည့်နေရာသို့ ချက်ချင်းသွားရောက်၍ အရှေ့ဘက် မျက်နှာလှည့် ဂူဘုရားငယ် တစ်ဆူကို ဦးစွာတည်ထားလေသည်။ ထိုဂူဘုရားငယ်ကို "အလိုပြည့်" ဘွဲ့မည်ကို သမုတ်ခဲ့လေသည်။

02/01/2022

ထီးလိုမင်းလိုဘုရားသမိုင်း

အစဉ်အလာဆိုကြသည်မှာ ဖခမည်းတော် နရပတိစည်သူမင်းသည် နတ်ရွာစံခါးနီး အချိန်တွင် သားတော်များအနက် တစ်ဦးကို နန်းရစေချင်သည်။ သို့ရာတွင် အများကျေနပ်အောင်ဟု သားတော်အားလုံးအလယ်တွင် ထီးဖြူစိုက်ကာ မင်းဖြစ်ထိုက်သူသို့ ထီးဖြူညွတ်စေသတည်းဟု အဓိဋ္ဌာန်သော် သူလိုလားသည့် ​ဇေယျသိင်္ခမင်းသား ဘက်သို့ ထီးဖြူညွတ်လေသည်။ ထိုသို့ ထီးကလည်းလို၊ မင်းကလည်းလို၍ ထီးလိုမင်းလိုမင်းဟူ၍ ခေါ်တွင်ကြသည်ဟု ဆိုသည်။ တဖန် ထီးဖြူညွတ်ရာ၌ ဘုရားတည်ထားရာ ထီးလိုမင်းလို ဘုရားဟု ခေါ်တွင်လေသည်ဟု ဆိုကြသည်။ နာတောင်မျာ ဟူသော အမည်ကား ကျောက်စာလာ အမည်ဖြစ်သည်။ ထီးလိုမင်းလို ဟူသော ဝေါဟာရမှာ တိလောကမင်္ဂလာ (သုံးလောက ကျက်သရေဆောင်) ဟူသော ရှေးမွန်ဘာသာ အရေးအသားကို အဖတ်မှားရာက ထီးလိုမင်းလို ဟူ၍ ဖြစ်လာခြင်း ဖြစ်သည်။

ဗိသုကာ လက်ရာများ

နာတောင်မျာမင်း သည် ထီးလိုမင်းလိုဘုရား တည်ရာတွင် မိမိ၏ဖခင် နရပတိစည်သူ မင်းကြီး တည်ထား ကိုးကွယ်ခဲ့သည့် စူဠာမဏိ ဘုရားပုံသဏ္ဌာန် အတိုင်း တည်ခဲ့သည်။ စေတီတော်သည် အရံတံတိုင်းအတွင်း တည်ရှိ၍ အောက်ခြေမှ ကွမ်းတောင်ထိပ်အထိ ဉာဏ်တော်ပေ (၁၅၀) ရှိ၏။ ဘေးတစ်ဖက် တစ်ချက်သည် ပေ (၁၄၀) ကျယ်၏။ လိုဏ်နှစ်ထပ်ရှိ ဂူအကြီးစား ဖြစ်လေသည်။ အာရုံခံခန်းမကြီးသည် အရှေ့ဘက် မျက်နှာမူ၍ အခြားသုံးဖက်တွင် လည်း ပေါင်းကူးမုခ်ခုံး အာရုံခံများ တည်ဆောက်ထားလေသည်။

ဂူအတွင်း ဝင်လိုက်သည်နှင့် တင်ပျဉ်ခွေ ဆင်းတုတော် လေးဆူကို လင်းလင်းကျင်းကျင်း ဖူးနိုင်ပေသည်။ ထို့ပြင် ပုဂံသားအချို့က သူတို့၏ မွေးသက္ကရာဇ်များ မပျောက်ပျက်စေရန် နံရံတွင် မင်စာဖြင့် မှတ်တမ်းတင်ထားသည်ကို တွေ့နိုင်သည်။ (ဂန္ဓကုဋိ) နံရံတစ်ဖတ်တစ်ချက်ရှိ လှေကားဖြင့် အပေါ်တက်လိုက်သော် ဆင်းတုလေးဆူကို မြင်ရပြန်ဦးမည်။ ထိုအထပ်မှတဆင့် ကွမ်းတောင်အခြေအထိ တက်နိုင်လေသည်။

ထီးလိုမင်းလို ဘုရားတွင် နံရံဆေးရေး ပန်းချီ၊ အင်္ဂတေ ပန်းတော့လက်ရာ များနှင့် စဉ့်ကွင်း များကို လေ့လာနိုင်သည်။ ထီးလိုမင်းလို ဘုရားအတွင်းရှိ နံရံဆေးရေး ပန်းချီများမှာ ရာသီဥတုဒဏ်နှင့် ပိုးမွှားဒဏ်များကြောင့် ပျက်စီးယိုယွင်း လျက်ရှိသည်။ စင်္ကြန်ပတ်လမ်း ပေါင်းကူး မျက်နှာကျက်တွင် နံရံဆေးရေးပန်းချီ အနည်းငယ်နှင့် ဇာတာခွင်များ ရေးမှတ်ထားသည်ကို တွေ့ရသည်။

ထီးလိုမင်းလို ဘုရား အရှေ့ဘက် အတွင်းမုခ်ခုံး၏ တောင်ဘက် နံရံတွင် ခရစ်(၁၅)ရာစုနှစ်က ရေးထိုးခဲ့သည့် မိဖုရားစော တောကျောင်းနေ သဒ္ဓမ္မဒိဝါကရ မထေရ်၏ ဆုတောင်း မေတ္တာစာ ကမ္ပည်းမင်စာ (၁၄)ကြောင်းရှိသည်။

ထီးလိုမင်းလို ဘုရားတွင် အင်္ဂတေပန်းတော့ လက်ရာများရှိရာ ဘုရားအပြင်ဘက် ချင်မိတ် တိုးတန်း အောက်တွင် ပင့်ထောက်ခံ ထားသော သံကျောက်တုံးတန်းနှင့် ဘီလူး ပန်းဆွဲများ၊ အပေါ်ထပ် လိုဏ်ထောင့် တိုင်ဖုန်းပန်းများ၊ ဘီလူး ပန်းကိုက်နှင့် ခြူးပန်း ခြူးနွယ်များ၊ အဝင်မုခ်ဝရှိ ပန်းဆွဲများ၊ တိုင်ဖုံးပန်းများ၊ ပြတင်းပေါက်တံကဲရှိ အင်္ဂတေပန်း များကို လေ့လာနိုင်သည်။ ထီးလိုမင်းလို ဘုရား၏ အပေါ်ထပ် ပစ္စယာစိန်တန်း များနှင့် အောက်ခြေမှန်ကွက် များ၌ အစိမ်းရောင် အတွင်း အဝါရောင် ထည့်သွင်း ထားသော စဉ့်ကွင်းများဖြင့် တန်ဆာဆင် ထားသည်။ ထီးလိုမင်းလို ဘုရား၏ တိုင်မ နံရံအဆုံးတွင် ခြင်္သေ့ရုပ်ကို ကိုယ်ထည်နှစ်ခွ ဖြင့် တန်ဆာဆင် ထားသည်

02/01/2022

ရွှေစည်းခုံဘုရားသမိုင်း

ပုဂံပြည်အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီးသည် စွယ်တော်မြတ်ကို နန်းတော်ရှေ့ ရတနာပြသာဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ဝတ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တဝါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဉာဏ်ပေးခဲ့သည်။

အနော်ရထာမင်းလဲ ရှင်အရဟံမထေရ်၏ အကြံဉာဏ်မှာ အလွန်လျှော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်းဟု အဓိဋ္ဌာန်၍ ဆင်ဖြူတော်၏ ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် ဥဿဘ ၅ဝ အကွာ (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ဝပ်လေသည်။(သဲစည်း ခုံတွင် ဝပ်လေသော် မင်းကြီးသည် များစွာ စိတ်မသက်မသာ ဖြစ်လေသည်။ ယင်းအဖြစ်ကို သိကြားမင်းသိသော် စိတ်မဆင်းရဲရန် အိပ်မက်ပေး၍ ထိုမြေကို ကျောက်မြေအတိ ဖြစ်စေ၍ သံပြားနှင့် ကွပ်ပေးသည်ဟု သမိုင်းစာအုပ်များ၌ အဆိုရှိသည်။)[၁] ဆင်ဖြူတော် ဝပ်ရာ သဲစည်းခုံတွင် စွယ်တော်မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။
ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း (၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတစ်ဆူနှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တဘောင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ထို့နောက် မင်းကြီး၏ကိုယ်စား ရတနာပန်းတောင်းကို ဖက်နေဟန် ရွှေစင်ကို သွန်းလုပ်၍ ဌာပနာတော်မူသည်။ သက္ကရာဇ် ၄၂၁ ခုနှစ်တွင် ရွှေစည်းခုံအတွင်း ထပ်စေတီကို ဖိနပ်ခြေသံတောင် ၃၂ဝ ရှိအောင် တည်တော်မူ မည်ဟု အကြံတော်ရှိသော်လည်း ၄၄၆ ခုနှစ်တွင် နတ်ရွာစံသဖြင့် အကြံတော် မအောင်မြင်ချေ။[၁] ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက်မှာပဲ အနော်ရထာမင်း နတ်ရွာစံခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့သည်။ အနော်ရထာမင်း ရည်ရွယ်တော်မူရင်း ဖိနပ်ခြေ သံတောင် ၃၂ဝ သည် ကြီးကျယ်လွန်းသဖြင့် ရှင်အရဟံနှင့် ညှိနှိုင်းတိုင်ပင်ကာ ဖိနပ်ခြေသံတောင် ၃ဝဝ၊ အမြင့် သံတောင် ၈ဝ ရှိသော စေတီကို အတွင်းထပ်စေတီအား ငုံ၍ တည်သည်။ တုရင်တောင်၌ ရှိသော ကျောက်များကို အလျားသုံးထွာ၊ အနံ တစ်ထွာ ရွှေခြမ်းစေ၍ လူအများ လက်ဆင့်ကမ်း၍ ဘုရား တည်ရာသို့ ပို့ရသည်ဟု ဆိုသည်။[၁] ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။
ပုဂံတွင် နှစ်ထပ်စေတီ (၄၅)ဆူအနက် တစ်ဆူအပါအဝင် ဖြစ်သည်။ “ငယ်တုံသေးသည့် စိတ်−ရည်ပိုက်တုပ် နောက်ထပ်လုပ်၏” ဘုရားစဉ်လင်္ကာအဆိုနှင့် ကိုက်ညီနေသည်။

အချို့ကလည်း ရွှေစည်းခုံစေတီကို အနော်ရထာတည်သည်မှာ ပစ္စယာသုံးဆင့် အရောက်တွင် နတ်ရွာစံရာ အပြီးမသတ်၍ ကျန်စစ်သားမင်းကြီး ဆက်တည်သည်ဟု ဆိုကြ၍ အချို့ကမူ အနော်ရထာလက်ထက် စေတီတည်ပြီးသည်ကို ကျန်စစ်သား မင်းကြီးက အပြင်မှ စေတီတစ်ထပ် ငုံတည်ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုတွေ့မြင်ရသော စေတီသဏ္ဌာန် အချိုးအစားကား ကျန်စစ်သားတည်ခဲ့သည့် အချိုးအစားအတိုင်း ဖြစ်လေသည်။ စေတီတော်ဖိနပ်ခြေ သံတောင် ၃ဝဝ၊ အမြင့် သံတောင် ၈ဝ၊ ချယားသီး ပဉ္စလောဟာ အစောက်ကိုး၊ အိုး ၁၂ လုံး၊ ခြင်္သေ့ရုပ် ၂၁၊ မကန်းရုပ် ၁၆၊ ပင်လယ်ဖားရုပ် ၁၆၊ မုခ် လေးခု၊ လှေကား ၁၂၊ ပထမထီးတော်အဝ ကိုးတောင်၊ ဘုံ ကိုးဆင့် ရောင်လျှံတောက် တစ်တောင်တစ်မိုက် လက်လေး သစ်တို့ ဖြစ်သည်

သိမှတ်ဖွယ်ရာများ

ရွှေစည်းခုံစေတီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။

ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဉ့်စိမ်းသုတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀)ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့်တကွ တွေ့ရသည်။ ရွှေစည်းခုံစေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ဝရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတဉ်းပညာ)ကို လေ့လာနိုင်သည်။

ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) ၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားရှင်လက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့်အကြောင်း ရေးထိုးထားသည်။

ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်နော်ရထာ အေဒီ(၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို (၂၃)မေ၊ (၁၅၅၇) ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (၃.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖော်ပြခဲ့သည်။

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃-၁၇၇၆) သည် (၃၀)မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၎င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။ ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။ ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။

အတွင်းအံ့ကိုးပါး

ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊
စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။
စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။
စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။
တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။
အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း။
စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။
မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။
စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။
ထို့အတွက်ကြောင့် ရှေးမှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ - တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ၊ အမြင့်မှာ သဗ္ဗညု ဟူ၍ ဖြစ်သည်။

အပြင်အံ့ကိုးပါး

ဧရာဝတီမြစ်ကမ်းစပ် ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း။
ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။
ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲ စီးဆင်းခြင်း။
မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။
စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။
ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ချင်းပေါက်ခြင်း။
ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။
ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။
စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။

ရွှေစည်းခုံဘုရားကျော်စာ(သို့)ကျန်စစ်သားမင်းကြီးကျောက်စာ

ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။
အချို့လည်း အထက်အညာသို့ ပါကြရသည်။
ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။
များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊ မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။
ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။
ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊
ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့၊
ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ပေးအံ့။
အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့

02/01/2022

အာနန္ဒာဘုရားသမိုင်း

ကျန်စစ်သားမင်းတရားသည် အနော်ရထာ၏ကုသိုလ်တော်ဖြစ်သော ရွှေစည်းခုံစေတီတော်ကို ထပ်မံမွမ်းမံ၍ အပြီးသတ် တည်ဆောက်ပြီးလေသော် အကြံတစ်ခု ဖြစ်ပေါ်သည်။ ထိုအကြံကား ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမဘုရားရှင်တို့အား ရည်စူး၍ ဂေါတမ ဘုရားရှင်၏ အရပ်တော် ၁၈ တောင် ပမာဏဖြင့် ရပ်တော်မူဟန် လေးဆူသောရုပ်ပွားတော်များကို ထုလုပ်ပူဇော်လိုသော အကြံဖြစ်ပေသည်။ ထိုလေးဆူသော ရုပ်ပွားတော်များကို ကိုးကွယ်ပူဇော်ထားရန် အဘယ်သို့သော ပုံသဏ္ဌာန်ရှိသည့် အဆောက်အအုံဖြင့် ကြည်ညိုဖွယ်ဖြစ်အောင် တည်ဆောက်ကိုးကွယ်ရအံ့နည်းဟု ကြံစည်တွေးတောနေတော်မူခဲ့လေသည်။ ထိုအတွင်း၌ပင် ရဟန္တာရှစ်ပါးတို့သည် မင်းကြီးနန်းတော်၌ ဆွမ်းရပ်လာကြသည်။ မင်းကြီးလည်း ကြည်ညိုစွာဖြင့် ဆွမ်းလုပ်ကျွေးပြီးလျှင် မည်သည့်အရပ်က ကြွလာကြောင်း မေးမြန်းလျှောက်ထားသော် (ဟိမဝန္တာ အရပ်) ဂန္ဓာမာဒနတောင်မှ ကြွလာကြောင်း မိန့်ကြားကြသည်။ ထိုအခါ မင်းတရားကြီးသည် အရှင်မြတ် တို့အား အလွန်သဒ္ဓါကြည်ညိုလှသဖြင့် ဝါဆိုကျောင်းဆောက်၍ လှူပြီးလျှင် ဝါတွင်းသုံးလပတ်လုံး နန်းတော်သို့ ပင့်၍ ဆွမ်းလုပ်ကျွေးတော်မူသည်။ တစ်ရံခါသော် ကျန်စစ်သားမင်းတရားက အရှင်မြတ်တို့အား အရှင်မြတ်တို့ သီတင်းသုံးခဲ့ရာ ဂန္ဓမာဒနတောင်ရှိ နန္ဒမူလ လိုဏ်ဂူကို တန်ခိုးတော်ဖြင့် သဏ္ဌာန်တူစွာပြု၍ ပြတော်မူရန် လျှောက်တောင်းပန်သည်။ အရှင်မြတ်တို့ကလည်း တန်ခိုးဖြင့် ပြတော်မူသော် နန္ဒမူလလိုဏ်ဂူ၏ တင့်တယ်သော အသရေကို မင်းတရားကြီး အလွန်တရာ နှစ်သက်ကြည်ညိုခြင်း ဖြစ်သည်။ ထိုကြောင့် မူလ ရည်ရွယ်ရင်းရှိခဲ့သော ဘုရားရှင်လေးဆူတို့ စံပယ်ရန် နန္ဒမူလလိုဏ်ဂူသဏ္ဌာန် ကောင်းမှုတော် တစ်ဆူကို တည်ဆောက်၍ ပူဇော်ကိုးကွယ်ရန် အကြံတော် ဖြစ်သည်။ ရဟန္တာအရှင်မြတ်တို့အားလည်း ကူညီစောင်မရန် လျှောက်ထား တောင်းပန်သည်။ မထေရ်မြတ်တို့ကလည်း သဘောတူညီကြသဖြင့် သက္ကရာဇ် ၄၅၂ ခုနှစ်(ခရစ် ၁ဝ၉၁ ခုနှစ်)အတွင်း၌ပင် အာနန္ဒဘုရားကို စတင် တည်ဆောက်ရန် စီမံလေသည်။

ကျန်စစ်သားမင်းသည် မိမိ၏ကောင်းမှုတော်ကို သာသနာအနှစ် ၅ဝဝဝ တည်စေရန် ရည်ရွယ်သဖြင့် မည်သည့်အရပ်၌ တည်ဆောက်ရအံ့နည်းဟု ဆင်ခြင်သည်။ ထိုအခါ သိကြားမင်း ကြွလာလတ်၍ ဘုရား တည်ဆောက်ရမည့်အရပ်ကို ညွှန်ပြသည် ဟုဆိုသည်။ မင်းတရားကြီးလည်း ထိုအရပ်၌ ဧရာဝတီမြစ်ရေ တိုးစေကာမူ မိမိ၏ကောင်းမှုတော် မပါနိုင် မပြိုနိုင်စေရန်၊ မြေကို အစောက် သံတောင် ၆ဝ ရေတွက်အောင် တူးစေပြီးသော် ရေမှ သံတောင် ၃ဝ နဂါးရစ်ကျောက်တို့ကို တည်ခင်းစေ၏။ ထိုကျောက်တို့၏ အထက်၌ကား ဌာပနာအံ့သောငှာ သံတောင် ၃ဝ ရှိ ဥမင်တိုက်ကို ဆောက်စေသည်။ မင်းတရားကြီး၏ ကောင်းမှုတော်အတွက် ဆောင်ရွက်ရသော ပန်းရံတို့ကား ဗိသုကာလေးရာ၊ ကံကျွေး လေးသောင်းဖြစ်၍ လက်ခမှာ ရွှေစင်လေးသိန်းပေးရသည်။ ရဟန္တာအရှင်မြတ်တို့လည်း ဌာပနာတိုက် ဆောက်လုပ်ရာ၌ ကူညီကြသည်။ ထိုအရှင်မြတ်တို့အပြင် သီတင်းသုံးဖော် အခြားသောရဟန္တာအရှင်မြတ် တို့ကလည်း ဝိုင်းဝန်းကြသဖြင့် ထိုကောင်းမှုတော် တည်ဆောက်ရာ၌ ကူညီဝိုင်းဝန်းကြသော ရဟန္တာလေးကျိပ်လေးပါးရှိသည်။ ကောင်းမှုတော်၏ တစ်မျက်နှာလျှင် ရဟန္တာတစ်ကျိပ်စီ စောင့်ရှောက်ကြသည်။ အခြား ရဟန္တာ လေးပါးတို့ကမူ နန္ဒမူလလိုဏ်ဂူသို့ ကြွရောက်၍ လိုဏ်ဂူ၏ပုံပန်းအနေအထား အသေးစိတ်တို့ကို မျက်နှာ တစ်ခုစီ၌ လိုဏ်ဂူ၏ပုံပန်းအနေအထား အသေးစိတ်တို့ကို မျက်နှာတစ်ခုစီ၌ ကြီးကြပ်နေတော်မူသော ရဟန္တာ တို့ကိုလည်းကောင်း၊ ဗိသုကာလေးရာတို့တွင် အကြီးဖြစ်သော ဗိသုကာလေးယောက်တို့ကို လည်းကောင်း ညွှန်ကြားပြသပေးကြသည်။ ဝိသကြုံနတ်သားကမူ လေးမျက်နှာလုံးကို လှည့်လည်ကြည့်ရှု စီရင်သည်ဟု ဆိုသည်။ ထို့ပြင် ဗိသုကာအကြီး လေးယောက်တို့၏ နှလုံးတွင် သူရဿတီ နတ်သမီး ဝင်ရောက်နေသည်ဟုလည်း ဆိုကြသည်။

အောက်ဠာပနာတိုက်

ဌာပနာတော်တိုက်အတွင်း၌ သွင်းထားပူဇော်အပ်သော ဓာတ်တော်များကား ဂေါတမဘုရားရှင်၏ လက်သန်းဓာတ်တော်တစ်ဆူ၊ သွားတော်ဓာတ်တော်တစ်ဆူ၊ ပုဆစ်ခုန်ညင်းဓာတ်တော်တစ်ဆူ၊ လည်ရိုးတော် တစ်ဆူ၊ ဦးခေါင်းဓာတ်တော်တစ်ဆူ၊ ပါးစောင်ဓာတ်တော်တစ်ဆူ၊ ဆံတော်ဓာတ်တော်တစ်ဆူတို့အပြင် သရီရဓာတ်တော် အစစ်ချည်း ၃ဝဝ ကျော်တို့နှင့် သင်းပိုင်တော် တို့လည်း ပါဝင်သည်။ ယင်းဓာတ်တော် မွေတော်တို့ကို ပဲနောက် အဆင်းရှိသော ကျောက်ခွက်ဖြင့် အပြည့်ထည့် ပြီးသော်၊ ရွှေစင် သုံးသိန်းဖြင့် သွန်းအပ်သော ဓာတ်တော်ကြုပ်၌ တစ်ဖန်ထည့်၍ ရတနာပန်းတောင်းထက်၌ ထားသည်။ ဌာပနာတိုက်အတွင်း၌ ကြေးဘုရား ဆင်းတုတော်ရှိရာ၊ ထိုရုပ်ပွားတော်၏ အထက်အောက်၌ ရွှေစင်ဖြင့် သွန်းအပ်သော အရုပ်များရှိသည်။ ထိုရွှေစင်ရုပ်များကား ငရမာန်ကာန်းကို မုဆိုး လေးနှင့်ပစ်ဟန်၊ ငရမာန် ကာန်း သေဟန်၊ ကျန်စစ်မင်းကြီး ဘုရားတည်မည့်အရပ်ရွေးဟန်၊ သိကြားမင်းက ညွှန်ပြဟန်၊ ထို့နောက် ဂေါတမဘုရားအလောင်းတော် တောထွက်တော်မူသည်မှ ပရိနိဗ္ဗာန် ပြုတော်မူသည်အထိ ဗုဒ္ဓဝင်ခန်းများလည်း ပါဝင်သည်။ ထိုရုပ်လုံးများ သွန်းလုပ်ရာ လူတို့အား နရတောင်မှ နတ်တို့က ကူညီသည်ဟု ဆိုသည်။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုဟန် ပြုလုပ်ထားသော ရုပ်တုတော်သည် အနောက်ဘက်သို့ မျက်နှာ မူလျက် ကြေးဘုရားအောက်၌ တည်ရှိသည်။ နေရဗာန်ဘုရား၏ ခေါင်းရင်းဝယ် ရွှေစင်ငါးသောင်းအကုန်ခံ၍ ပြုလုပ်ထားသော ဆင်းတုတော်ကား မလ္လာယုကျွန်းမှ သာရစန္ဒရ သရက္ခာန်သား အနှစ်ဖြင့် ထုလုပ်ထား သည်။ ဌာပနာတိုက်အတွင်း အနောက်မျက်နှာ၌ကား နေရဗာန်ဘုရား၊ အရှေ့၊ တောင်၊ မြောက် သုံးမျက်နှာ တို့၌ကား ထက်ဝယ်ဖွဲ့ခွေ ဆင်းတုတော်တစ်ဆူကျစီ ရှိသည်။ ရွှေစင်ဖြင့် သွန်းအပ်သော ရဟန္တာရုပ်ပွား၊ ကျန်စစ်သားမင်းကြီး၏ ရုပ်တုများလည်း လက်ဝဲ၊ လက်ယာ လေးမျက်နှာလုံး၌ ထားပေးသည်။ ထို့ပြင် ဘုရားသခင် စင်္ကြန်ကြွတော်မူခန်း၊ သာသနာတည်သမျှ အရိယာရဟန်းတို့ စည်းဝေးဟန်၊ ရှင်အရဟံနှင့် အာနန္ဒာဘုရား တည်ဆောက်ရာ၌ ကြပ်မတ်ပေးကြသော ရဟန္တာတို့၏ စည်းဝေးဟန်တို့ကိုလည်း ရွှေစင်ဖြင့် သွန်းထားသည်။ ရနိုင် သမျှသော ပိဋကတ်၊ ဓမ္မသတ်၊ မန္တာန် စသည်တို့ကိုလည်း ဌာပနာတိုက်အတွင်း၌ ထည့်သည်။ ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းထားသော ရွှေတုံး၊ ငွေတုံးတို့ကား ရှစ်ဆယ့်ရှစ်တုံးရှိရာ တစ်တုံးလျှင် အချိန်သုံးသောင်း သုံးရာ သုံးဆယ့် သုံးကျပ် သုံးမတ်သားစီရှိသည်။ မိကျောင်းရုပ်ကို နဖားထွင်း ပြီးလျှင် ရွှေတုံးကို ငွေကြိုး၊ ငွေတုံးကို ရွှေကြိုးဖြင့် သီထားသည်ဟု ဆိုလေသည်။

ဌာပနတိုက်၏ မုခ်လေးမျက်နှာ၌ ဆီမီးလေးတိုင် ပတ္တမြားလေးလုံးတို့ တည်ရှိရာ၊ ယင်းပတ္တမြား တို့၏ အရောင်သည် နေရောင်၊ လရောင်၊ ဆီမီးရောင် ကဲ့သို့ ဌာပနာတိုက်အတွင်း ထွန်းလင်းလျက်ရှိသည်။ မြတ်စွာဘုရား၏ ဓမ္မစကြာတရားဟောသံကို ယန္တရားဆင်၍ ဖန်တီးစီရင်ထားရာ၊ ကရဝိတ်ငှက်၏ ကြွေးကြော်သံကဲ့သို့ အလွန်တရာ သာယာလှသည်။ ထိုအသံကို နတ်ဗြဟ္မာတို့က ကောင်းချီးပေး၍ ခရုသင်း မှုတ်သံ၊ စည်၊စောင်းငြင်းတီးမှုတ်ဟန်တို့ကိုလည်း စီရင်ထားရာ၊ ဌာပနာတိုက်အတွင်း အသံသဲသဲ မြည်နေသည်။ နတ်တို့ လက်ပန်းပေါက်ခတ်ဟန်၊ ပန်းပေါက်ပေါက်ကြဲဟန်တို့ကိုလည်းကောင်း၊ ဂန္ဓမာဒနတောင်၊ နန္ဒ မူလလိုဏ်ဂူဝ၌ မဉ္ဇူသက သစ်ပင်အောက်ရှိ ဂန္ဓကုဋီတိုက်၌ ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့အား နတ်တို့က ဒန်ပူကပ်ဟန်၊ ဇေတဝန်ကျောင်းတော်၌ ရှင်အာနန္ဒာက ဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မူသည့်အခါ သာဓုကီဠနသတ္တာဟ၊ စိတကသတ္တာဟ၊ ဓာတုပူဇာ သတ္တာဟတို့နှင့် ဓာတ်တော်ဝေခန်းတို့ကိုလည်းကောင်း ရွှေစင်ရုပ်များ သွန်းလုပ်ထားသည်။ သင်္ဂါယနာသုံးတန် တင်ဟန်၊ ပျူစောထီးမင်းသည် ဝက်ကြီးစသော ရန်သူများကို အောင်နိုင်ဟန် အရုပ်များကိုလည်း ရွှေစင်ဖြင့် သွန်းလုပ်ထားသည်။ ထို့ပြင် ရွှေဆင်းတုချည်းတစ်ထပ်၊ ငွေဆင်းတုချည်းတစ်ထပ်၊ လက်ဝဲ လက်ယာရံ တို့နှင့်တကွ သွန်းလုပ်ထားသေးသည်။
ဌာပနာတိုက်အတွင်းရှိ ကောင်းမူတော်အစုစုကို ရွှေကွန်ရက်၊ ငွေကွန်ရက်၊ ပုလဲကွန်ရက်၊ ကြေးကွန်ရက်၊ စန္ဒကူးသရက္ခာန်ကွန်ရက်ဖြင့် ရံထားသည်။ ဌာပတိုက်၌ သွင်းအပ်သော ရုပ်လုံးရုပ်ပွားများကို ရွှေစင် သုံးကုဋေခြောက်သန်း အကုန်ခံ၍ သွန်းလုပ်ထားလေသည်။ ပြည့်ရှင်မင်းကြီးက မရေမတွက်နိုင်သော ရွှေငွေ ရတနာတို့ကို အကုန်ခံ၍ ကုသိုလ်ပြုသည်ကို မြင်တွေ့ရသော ပြည်သူလူထုကလည်း ကြည်ညိုသဒ္ဓါတရားဖြစ်လာကြပြီးလျှင် များစွာသော ပစ္စည်းဥစ္စာတို့ကို ထည့်ဝင် လှူဒါန်းကြသည်။ မင်းကြီးသည် ဌာပနာတိုက် အတွင်းလှူဒါန်းပူဇော်ထားသော ကောင်းမှုအစုံစုံကို ရှုမြင်တော်မူရလျှင် သဒ္ဓါစိတ်လွန်ကဲကာ ပီတိသော မနဿစိတ် အလွန်ဖြစ်ပွားပြီးလျှင် ဌာပနာတိုက်ကို မပိတ်မိဘဲ ရှိနေသဖြင့် ရဟန္တာအရှင်မြတ်များက တရားဟောကြားကာ ဌာပနာတိုက်ကို ပိတ်စေရသည်။

ယန္တရားစက်များ

အဖိုး အတိုင်းမသိသော ဌာပနာ ရတနာများကို ကာကွယ်သောအားဖြင့် ခြင်္သေ့စက်၊ ကျားရဲစက်၊ နဂါးစက်၊ ဂဠုန်စက်၊ ခွေးရဲစက်၊ ဆိတ်ရဲစက်၊ နွားရဲစက်၊ ကျွဲရဲစက်၊ စိုင်ရဲစက်တို့ကိုလည်း ဌာပနာတိုက်၏ တံခါးအထက်၌ တန်အောင်ထားသည်။ တံခါးရွက်ကား အဖိုးအတိုင်း မသိထိုက်သည်။ တံခါးတွင် ရွှေဘုရား၊ ငွေဘုရား၊ ပဉ္စလောဟာဘုရားများ ထားသည်။ ထိုများစွာသော ဘုရားတို့ကို ချီနိုင်မှသာလျှင် တံခါးကို ဖွင့်နိုင်မည်။ တံခါးတစ်ခုပွင့်လျှင် တံခါးအကုန် ပွင့်နိုင်အောင် စီရင်ထားလေသည်။

အထက်ဌာပနာတိုက်

ဖော်ပြခဲ့သောမြေအောက်ဌာပနာအပြင်အထက်ဌာပနာတိုက် ၌လည်း မြတ်စွာဘုရား၏ရုပ်ပွားတော် များကို ရွှေစင်သုံးကုဋေခြောက်သန်း အကုန်ခံ၍ သွန်းလုပ်လှူဒါန်းသည်။ ရွှေလှေနှင့်မင်းများအရုပ်ကိုလည်း ရွှေစင်ဖြင့် သွန်း၍ ဌာပနာသည်။ မင်းများ အသုံးအဆောင်ဖြစ်သော စောင်းငြင်းတူရိယာ တို့ကိုလည်း တီးသူ လူရုပ်နှင့်တကွလည်းကောင်း၊ နတ်သားရုပ်တို့ကိုလည်းကောင်း ဌာပနာလေသည်။ ကျန်စစ်မင်းကြီးသည် ပျူစောထီး စသော ရှေးဘေးလောင်းတော် ဘိုးလောင်းတော် မင်းအဆက်ဆက်တို့ထံမှ ဆက်ခံရရှိသော ဓာတ်တော်၊ မွေတော်၊ ကျောက်သံပတ္တမြား၊ ရွှေငွေဥစ္စာမှန်သမျှနှင့် မိမိ၏ဘုန်းကံကြောင့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ လက်ဆောင် ပဏ္ဏာဆပ်သလာသမျှတို့ကို စွန့်တော်မူမည်ဟု မိန့်ကြားပြီးလျှင် အတုမရှိသော ကောင်းမှုတော်ကို စီရင်စေလေသည်။

28/11/2021
သူငယ်ချင်းတို့ပုဂံဘုရားဖူးလည်ဖို့အတွက်သိချင်တာလေးတွေရှိရင်မေးနိုင်တယ်နော်လည်ဖို့အတွက်လိုအပ်ခဲ့မယ်ဆိုရင်လဲcar & tuk tuk န...
27/11/2021

သူငယ်ချင်းတို့ပုဂံဘုရားဖူးလည်ဖို့အတွက်သိချင်တာလေးတွေရှိရင်မေးနိုင်တယ်နော်လည်ဖို့အတွက်လိုအပ်ခဲ့မယ်ဆိုရင်လဲcar & tuk tuk နဲ့ ebikeသူငယ်ချင်းတို့နှစ်သက်ရာကိုငှားရမ်းနိုင်ပါတယ်နော်

27/11/2021
27/11/2021
27/11/2021

Address


Telephone

+959442467304

Website

Alerts

Be the first to know and let us send you an email when Wathone Tuk Tuk Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wathone Tuk Tuk Rental:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share