20/12/2024
Vietnamသွားမယ်ဆိုရင်သိထားသင့်တဲ့အချက်(20)
20 Useful Tips before Travelling to
ဗီယက်နမ်ကို အလည်သွားသူတွေ တဖြည်းဖြည်းများလာပါပြီ။ ထိုင်းပြီးရင် Vietnam အသွားများကြတယ်တောင် ပြောရမယ်။ Vietnamမှာက လည်စရာတွေများပါတယ်။ နုမြတ်ဆိုရင် ဗီယက်နမ် ရောက်တာ ၅ခါတောင်ရှိပေမဲ့ လည်ရမယ့်နေရာတွေ ကျန်နေသေးပါတယ်။ မြို့တွေနဲ့ လည်ရမယ့်နေရာတွေကို နောက်ထပ်post တစ်ခု သပ်သပ်ထပ်ရေးပေးပါ့မယ်။ အခုကတော့ ကိုယ့်ရဲ့ အတွေ့အကြုံအရ Vietnam သွားလည်မယ့်သူတွေ သတိထားသင့်တဲ့ အချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေရယ်ပါ။
#ဗီယက်နမ်ပိုက်ဆံနဲ့ဖုန်းကတ် (Vietnames D**g & Sim card)
1-Vietnam ပိုက်ဆံတွေကို ဒေါင်လို့ ခေါ်ပြီး ငွေကြေး အရမ်းဖောင်းပွပါတယ်။ ၁၀၀၀ ဒေါင်ကို မြန်မာငွေ ၅၀၊ ၆၀ကျပ်လောက်ရှိပါတယ်။ သူတို့ပိုက်ဆံတွေကို 10000 ဆိုရင် နောက်က သုည သုံးလုံးဖြုတ်ကာ 10 လို့ပဲရေးထားတတ်ပါတယ်။ တစ်သိန်းဆို 100 လို့ပဲရေးထားတာပါ။ အဲ့လိုရေးထားလို့ စျေးပေါလှချည်ရဲ့လို့ မတွေးပါနဲ့။ နောက်က သုည ၃လုံးကို သတိရပါ။
2-ပုံမှန်ကတော့ Vietnam ဒေါင်(D**g)ကို မြန်မာငွေရအောင် ၂၀နဲ့စားပြီးတွက်ကြပါတယ်။ ဒေါင် 10000 ဆို မြန်မာငွေ ၅၀၀ကျပ် ဆိုပြီးပေါ့ တကယ်ကတော့ ၂၂လောက်စားရတာပေါ့နော်။ အလွယ်တွက်နည်းက တစ်သောင်းဆို 10 ပဲရေးထားတော့ အဲ့ရေးထားတဲ့ 10 ကို 50 နဲ့ မြှောက်ပါ။ 500 ထွက်ပါတယ်။ တစ်သိန်းဆို 100 ကို 50 နဲ့မြှောက်တော့ 5000 ကျပ်ပေါ့။ အဲ့လိုကိုယ့်နည်းကိုယ့်ဟန်နဲ့ အလွယ်တွက်ခဲ့ပါတယ်။ အခုငွေစျေးနဲ့ဆိုရင်တော့ 60 နဲ့ မြှောက်မှ ရမှာပါ။
3-ပိုက်ဆံတွေပေးရာမှာ သတိထားပါ။ ၁သိန်းတန်နဲ့ ၁သောင်းတန်က ခပ်ဆင်ဆင်ရယ်ပါ။ ၂သောင်းတန်နဲ့ ၅သောင်းတန်ကလည်း အပြာရောင်တွေ ဆိုတော့ မှားနိုင်ပါတယ်။ ပိုက်ဆံမှာပါတဲ့ သုညတွေ သေချာရေတွက်ပါ။ သုညတစ်လုံးမှားတာနဲ့ သောင်းချီ သိန်းချီ ကွာနိုင်လို့ပါ။
4- Vietnam ပိုက်ဆံက ဘန်ကောက်လို နေရာတကာမှာ လဲဖို့ အဆင်မပြေဘူး။ အထူးသဖြင့်နယ်မြို့တွေမှာဆို ပိုတောင် အဆင်မပြေဘူး။ ဒီတော့ လေဆိပ်မှာကတည်းက ကိုယ်သုံးမယ့်ပိုက်ဆံကို လိုလိုပိုပိုလဲထားပါ။ ပိုက်ဆံမလောက်တော့မှ လိုချင်တာတွေတွေ့ရင် စိတ်ဆင်းရဲနေရပါလိမ့်မယ်။
5- ဖုန်းကတ်လည်း လေဆိပ်မှာပဲဝယ်ပါ။ တခြားမှာဝယ်ရခက်ပါတယ်။ Viettel, Mobifone နဲ့ Vinaphone စတဲ့ ဖုန်းအော်ပရေတာတွေ အသုံးများပါတယ်။
#စျေးဝယ်တဲ့အခါ (Shopping)
6-Vietnam မှာ အထူးသဖြင့် ဟိုချီမင်း ညစျေးတွေမှာ စျေးတအားဆစ်ရပါတယ်။ စျေးကို ၃ဆ၄ဆလောက်ပိုခေါ်ထားပါတယ်။ နုမြတ်ဆို ပုဝါတစ်ခုဝယ်တာ ဗီယက်နမ်ပိုက်ဆံ ၄သိန်းနဲ့ခေါ်တာ ၁သိန်းနဲ့ စစ်ကြည့်တာရတယ်။ ဒါပေမဲ့ နောက်တစ်မြို့မှာ ဆိုင်ကြီး ဆိုင်ကောင်းနဲ့ ရောင်းတာတောင် ဒီပုဝါကို ၁သိန်းပဲခေါ်ထားတယ်။ ၈သောင်းနဲ့ လျှော့ပေးတယ်ဆိုတော့ ညစျေးမှာ စျေးဘယ်လောက်တင်ထားသလဲ စဉ်းစားသာကြည့်ပေတော့။
7. ကိုယ်သိပ်မလိုချင်ဘဲ စပ်စုပြီး စျေးသွားမမေးပါနဲ့။ စျေးမေးလိုက်တာနဲ့ မဝယ်မခြင်း အတင်းဆွဲခေါ်ပြီး အတင်းထိုးရောင်းနေမှာပါ။ မနည်းကိုရုန်းကန်ရန်ဖြစ်ပြီးထွက်ရတဲ့ အထိပါ။
8 -လက်ဆောင်ပစ္စည်းလေးတွေ ၀ယ်လို့ကောင်းပါတယ်။ Vietnam စာနဲ့ အရုပ်ထိုးပြီးသား ပိုးသားဘေးလွယ်အိတ်ဆို တစ်အိတ်မှ မြန်မာငွေ ၂၅၀၀-၃၀၀၀ကျပ်ရယ်ပါ။ ကျန်တာတွေလည်း သက်သာပါတယ်။
9 - ဘန်ကောက်လောက် အဝတ်အစားတွေ ပေါပေါလှလှ မရှိပေမဲ့ Good Fade Quality ပစ္စည်းတချို့တော့ တော်တော်ကောင်းတယ်။ စျေးလည်း သက်သာတယ်။ ဥပမာအားဖြင့် Kipling အိတ်တွေနဲ့ Sportswear တွေပေါ့။
#ရာသီဥတုနဲ့အဝတ်အစား (Weather and Fashion)
10- ဗီယက်နမ်မှာ မိုးတွင်းဆိုပြီး မရှိဘူး။ မိုးက အချိန်မရွေးရွာတတ်တော့ ထီးတို့ ဦးထုပ်တို့ဆောင်ထားသင့်ပါတယ်။
11-ရာသီဥတုက ဆောင်းတွင်းကလွဲရင် တအားပူပါတယ်။ သူတို့ ပူပုံကြီးက လျောင်လှောင်အိုက်အိုက်ပူသလိုမျိုးပါ။ ဧပြီလထဲမှာလည်း ပူပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေသာထည့်ပါ။
12-ပူလို့ဆိုပြီး အတိုအပြတ်တွေချည်းလည်း ယူမသွားပါနဲ့။ ဘုရားကျောင်းတွေ၊ ဘုရားတွေ သွားတဲ့အခါ လုံလုံခြုံခြုံဝတ်ဆင်ရပါတယ်။ ဟိုချီမင်းဂူဗိမာန်သွားရင်လည်း လုံလုံခြုံခြုံဝတ်ရပါမယ်။
#သွားလာတဲ့အခါ (Vietnam Traffic)
13- လမ်းဖြတ်ကူးရာမှာ သတိထားပါ။ ဗီယက်နမ်က ဆိုင်ကယ်ပေါလွန်းုပီး လမ်းပေါ် ရှုပ်ရှက်ခတ်နေတာပါပဲ။ ဗီယက်နမ်မှာ လမ်းဖြတ်ကူးရင် ဘုရားတပြီးကူးမှရပါမယ်။ လမ်းဖြတ်ကူးရင် ဆိုင်ကယ်လုံးဝရှင်းတာစောင့်ဖို့ဆို မဖြစ်နိုင်ပါဘူး။ ဘယ်ကြည့်ညာကြည့် အသက်ဝဝရှူပြီး အရှေ့တည့်တည့်ကို တစ်လှမ်းချင်း တန်းတန်းမတ်မတ်လျှောက်ပါ။ ဒီနေရာမှာ တွန့်ဆုတ်တွန့်ဆုတ်လုပ်လို့မရပါ။ ကြောက်ပြီး ပြေးသွားလည်း မရပါ။ အရှိန်ကိုလျှော့လည်းမလျှော့တိုးလည်းမတိုးဘဲ ပုံမှန်လျှောက်ပါ။ ဆိုင်ကယ်သမားတွေ အလိုလိုရှောင်တတ်ပါတယ်။
14 -Taxi တွေက မီတာTaxi ပါ။ စျေးလည်းတန်ပါတယ်။ ဟိုနားဒီနားသွားဆို ၃၀၀၀၀ဒေါင် (၁၅၀၀-၂၀၀၀ကျပ်လောက်ပဲကျမှာပါ) ဆိုင်ကယ် Taxi တွေက စျေးပိုပေါပေမဲ့ accident ကြောက်ရပါတယ်။ တောင်ပိုင်းဟိုချီမင်းဘက်မှာ Mai Linh နဲ့ Vinasun တက္ကစီ company တွေက စျေးမှန်ပြီး စိတ်ချရပါတယ်။
15 -ဟနွိုင်းနဲ့ မွေ့နဲမှာဆို ဆိုက်ကားလည်းရှိပြီး ဆိုက်ကားကိုတော့ တိုးရစ်တွေက အပျော်စီးကြတာများပါတယ်။
#အစားအသောက်
16 -Vietnam အစာတွေက ကျန်းမာရေးနဲ့ ညီညွတ်သလောက် အရသာပေါ့ပါတယ်။ အရွက်မျိုးစုံလည်း အခြောက်လိုက်ကြီးစားတတ်ကြပါတယ်။ ဆီပြန်ဟင်းမရှိလို့ ခြောက်ကပ်တတ်ပါတယ်။ တောင်ပိုင်းနဲ့ မြောက်ပိုင်းလည်း အရသာမတူတတ်ပါဘူး။ မြို့ပေါ်မူတည်ပြီးလည်း အရသာကွဲပါတယ်။ မစားတတ်သူတွေ မြန်မာပြည်က ငပိကျော်တွေ၊ လက်ဖက်တွေ ဆောင်သွားကြပါ။ ဟင်းတွေကို ထမင်းနဲ့လည်းစားကြပေမဲ့ ထမင်းကိုနောက်ဆုံးမှ ချလေ့ရှိတော့ ထမင်းစားချင်ရင် ထမင်းကိုကြိုတောင်းထားပါ။ ထမင်းကတော့ ခပ်စေးစေးပါ။
17 -Vietnam မှာ လမ်းဘေးဆိုင်တွေ ပေါမှပေါပါ။ စားလို့လည်း ကောင်းပါတယ်။ ရောက်တုန်း လမ်းဘေးမုန့်တွေ စားကြည့်သင့်ပါတယ်။ ထူးဆန်းတာက ခရုမျိုးစုံ ရှိတာပါ။ လမ်းဘေးမှာတင်ပြုတ်ပြီးရောင်းတာကိုတွေ့ရပါတယ်။ စားရဲရင် စားကြည့်ကြပါ။ အချဉ်နဲ့တို့စားရတာ အရမ်းအရသာရှိပါတယ်။
18- Pho (ဖာ)လို့ခေါ်တဲ့ ဆန်ခေါက်ဆွဲပြုတ်လည်း နာမည်အရမ်းကြီးပါတယ်။ မနက်စာဆို Pho ပဲစားကြတာများပါတယ်။ အမဲသား၊ ကြက်သားနဲ့ရပါတယ်။ Bahn Mi လို့ခေါ်တဲ့ ပေါင်မုန့်အသားပြားညှပ်လည်း တော်တော်အစားများကြပါတယ်။ ဗီယက်နမ်ကော်ပြန့်စိမ်းလည်း နာမည်ကြီးပါတယ်။ Bun cha ဆိုတာကတော့ အမေရိကန်သမ္မတဟောင်း အိုဘားမား ဗီယက်နမ်ရောက်တုန်း လမ်းဘေးဆိုင်မှာ ၀င်စားသွားခဲ့လို့ နာမည်ကြီးတဲ့ အစားအစာပါ။ ၀က်သားကင်နဲ့ ခေါက်ဆွဲ အရွက်တို့တွဲစားရတာမျိုးပါ။ လက်ဆောင်ဝယ်မယ်ဆိုရင်တော့ ဒူးရင်းသီးကိတ်ကတအားကောင်းပါတယ်။
19-ကော်ဖီဆိုင်တွေလည်းပေါပါတယ်။ Vietnam မှာထူးဆန်းတာက ကြက်ဥကော်ဖီနဲ့ အုန်းသီးကော်ဖီဆိုတော့ သောက်ကြည့်သင့်ပါတယ်။ ဗီယက်နမ်မှာ လက်ဆောင်ဝယ်မယ်ဆို မဝယ်မဖြစ်က ကော်ဖီပါ။ ကမ္ဘာ့ဒုတိယအကောင်းဆုံးကော်ဖီထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ အလျောက် ကော်ဖီအရမ်းကောင်းပါတယ်။ ကော်ဖီထုပ်ရောင်းတဲ့ဆိုင်တွေ အရမ်းများပြီး ကော်ဖီတွေကတကယ်စစ်ပါတယ်။ စျေးလန်တန်ပါတယ်။ ဒါပေမဲ့ သူတို့ ကော်ဖီမှုန်ကတွေ က ရေနဲ့ ဖျော်ရုံပဲ မဟုတ်ဘဲ နှပ်ဖျော်ရတာပါ။ နှပ်ဖျော်လို့ရအောင် ကော်ဖီစစ်တဲ့ စကာပေါက်ပါ ဒန်ခွက် စတီးခွက်လေးတွေလည်းရောင်းပါတယ်။ ကိုယ်သောက်မယ့်မက်ခွက်ပေါ် အဲ့ခွက်လေးတင် ပြီးရင်ကော်ဖီမှုန့်ထည့် ရေနွေးထည့်စစ်ရုံပဲ။ သူတို့ ဆိမှာကော်ဖီကို အဲ့လိုပဲသောက်တာရယ်။ အဲ့ ကော်ဖီစစ်ခွက်ကလည်း ဗီယက်နမ်မှာပဲရှိတာဆိုတော့ မဝယ်မဖြစ်ဝယ်သင့်ပါတယ်။ တစ်ခွက်မှ 1$ လောက်ရယ်။ Ready made coffee mix ၀ယ်ချင်ရင်တော့ G7 တံဆိပ်နဲ့ Vinacafe တံဆိပ်တို့ကောင်းပါတယ်။ ကော်ဖီထုပ်မှာ ကြောင်လိုလို အကောင်ပုံလေးပါရင်တော့ သတိထားပါ။ အကောင်းစားကော်ဖီစေ့တွေပဲကျွေးမွေးထားတဲ့ ကြောင်ကတိုးကောင်တွေရဲ့ မစင်ကနေလုပ်ထားတဲ့ ကော်ဖီပါ။ အရသာကောင်းသလို စျေးလည်း တခြားကော်ဖီထက်ပိုကြီးပါတယ်။ Kopi Luwak လို့လည်း ရေးထားတတ်ပါတယ်။
#ဘာသာစကား
20 – ဗီယက်နမ်သွားလည်မယ့်သူတွေ အသုံးဝင်မယ့် စကားလုံးတွေကတော့
မင်္ဂလာပါ = စင်းကြောင်း
ကျေးဇူးပါ = ခမ်းအွန်း
ဘယ်လောက်လဲ = ဘောင်မြူ
Oh My God = အိုအီးဂျာကွား
စျေးကြီးလိုက်တာ = မက်ကွာ
လျှော့ပေးဦး = ရမ်ရာ
ဒါတွေကတော့ ကျွန်တော်လက်လှမ်းမီသလောက် ရှာဖွေလေ့လာထားတဲ့ Tipsနဲ့ ဆောင်ရန် ရှောင်ရန်တွေပေါ့နော်။ တခြားသိထားသင့်တဲ့ အချက်တွေရှိရင်လည်း ဝေမျှနိုင်ပါတယ်နော်။