
15/11/2019
အကောက်တောင်
ပဲခူးတိုင်း၊ ထုံးဘိုမြို့အလွန်၊ ဧရာဝတီတိုင်း၊ ကြံခင်းမြို့ တွင်ရှိသည်။ ထုံးဘိုမြစ်ဆိပ်ကနေ ဧရာဝတီမြစ်အတိုင်း လှေစီးပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ကျော်လောက်က ရှေးဟောင်း ကျောက်တောင်ထွင်း ဗုဒ္ဓရုပ်ပွားတော်များကို လေ့လာနိုင်မည်။ ၂၅ယောက်ဆန့် စက်လှေစီးလုံးငှားမည်ဆိုလျှင် အသွား၊ အပြန် ၁၅,၀၀၀ ကျပ် ကျသင့်သည်။ ကျောက်တောင်ထွင်း ဆင်းတုတော်ပေါင်း ၃၇၀ ကျန်သေးသည်ဟု ဆိုထားပေမယ့် ကမ်းပါးပြိုကျရာကနေ ဆင်းတုတော်အချို့ မြစ်ထဲ ထပ်မံမျှောပါသွားသေးသည်။
အကောက်တောင်နဘေး၊ ဧရာဝတီမြစ်ရေပြင်ပေါ်ကနေ နေထွက်လာပုံ ရှုခင်းမှာ အကြည့်မလွှဲနိုင်လောက်အောင် လှပလွန်းအားကြီးသည်။ အကောက်တောင်၏ နေထွက်ချိန်ကို မြင်ဖူးပါမှ အကောက်တောင်ရောက်ဖူးသည်ဟု ဆိုနိုင်ပေမည်။
အကောက်တောင်ကို ရှေးတုန်းက ရတနာ၇ပါး စုဝေးရာတောင် ဖြစ်လို့ ရတနာပုဉ္စတောင်လို့ ခေါ်ကြတယ်။ တောင်ရဲ့ မနီးမဝေးမှာ သီရိဘင်္ဂလွန်ဆိုတဲ့ မြို့တစ်မြို့ရှိတယ်။ သီရိဘင်္ဂလွန်မြို့ကို အုပ်စိုးတဲ့မင်းကိုလည်း သီရိဘင်္ဂလွန်မင်းလို့ပဲ ခေါ်ကြပြန်တယ်။ မင်းကြီးမှာ မဟာပုဉ္စန၊ စူဠပုဉ္စန၊ သံပုဉ္စန ဆိုပြီး သားတော်သုံးပါးရှိပါတယ်။ တစ်နေ့မှာ မင်းကြီးက သူရရှိထားတဲ့ ဓာတ်တော်မွေတော်တွေကို သားသုံးယောက်ကို တစ်ဆူစီပေးပြီး စေတီပုထိုး တည်စေခဲ့တယ်။ အိမ်ရှေ့မင်းသားဖြစ်တဲ့ သားတော်အကြီး မဟာဉ္စနမင်းသားဟာ စေတီမှာ ဌာပနာမယ့် ရတနာတွေကို သိန္ဓဝအမည်ရမြင်းပေါ်တင်ပြီး ရတနာပုဉ္စတောင်ပေါ်ကို တက်လာခဲ့တယ်။ အိမ်ရှေ့မင်းသားဟာ တောင်စွန်းမှာ ကျောက်ဖျာလေးချပ်ကို အကာပြုပြီး ဌာပနာထည့်သွင်းစေတယ်။ ဌာပနာ အပေါ်ကနေ ကျောက်ဖျာတစ်ချပ်နဲ့ ပြန်ဖုံးအုပ်စေတယ်။ ပြီးမှ အပေါ်ကနေ ငုံပြီး စေတီတည်လိုက်တယ်။ စေတီဘွဲ့တော်ကိုလည်း ရတနာပုဉ္စစေတီလို့ ပေးစေတယ်။ ရွှေတွေကို မြင်းနဲ့သယ်ခဲ့လို့ ရွှေမြင်းတင်စေတီလို့လည်း လူသိများလာခဲ့တယ်။
ညီအလတ် စူဠပုဉ္စနမင်းသားက သူရရှိတဲ့ ဓာတ်တော်ကို ရတနာပုဉ္စတောင်ရဲ့ တောင်ဘက် တစ်ဖာလုံမှာလည်းကောင်း၊ ညီအငယ် သံပုဉ္စနမင်းသားက ရတနာပုဉ္စတောင်ရဲ့ မြောက်ဘက် တစ်ဖာလုံမှာလည်းကောင်း အသီးသီး စေတီတည်ကြတယ်။ စေတီဘွဲ့တွေကတော့ ရထာပုဉ္စစေတီနဲ့ သကဋာပုဉ္စစေတီ ပါတဲ့။ ညီအလတ်နဲ့ ညီအငယ် တည်ထားတဲ့ စေတီနှစ်ဆူကတော့ သိုက်တူးသမားတွေ ဌာပနာဖောက် ခိုးယူသွားလို့ ပျက်စီးပြိုကျသွားပါပြီ