15/01/2024
PANAS ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးချက်လေးပါ။ ကောင်းတဲ့ခံစားချက်၊ မကောင်းတဲ့ခံစားချက်တွေကို ဘယ်လောက်ပြင်းပြင်းပြပြ ခံစားနေရသလဲဆိုတာကို သိစေဖို့ ရည်ရွယ်တဲ့ စစ်ဆေးချက်လို့ ပြောပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် ဖြေကြည့်ဖို့ Comment မှာ Link လေး ရှိပါတယ်။ Link ထဲ ဝင်လိုက်ရင် ဟိုးအောက်မှာ Begin the quiz ဆိုတာ ရှိပါတယ်။ ဆရာဖြိုးသီဟရဲ့ မူရင်း Post ရဲ့ Comment ထဲမှာလည်း Link ရှိပါတယ်။
အဖြေလေးတွေလည်း ပြန်လာမန့်လို့ ရပါတယ် 😊
“အဆုံးမရှိတဲ့ ခရီး”
🔳 Positive And Negative Affect Schedule (PANAS) ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးချက် ရှိပါတယ်။ ကောင်းတဲ့ခံစားချက်၊ မကောင်းတဲ့ခံစားချက်တွေကို ဘယ်လောက်ပြင်းပြင်းပြပြ ခံစားနေရသလဲ သိစေဖို့ ရည်ရွယ်တာပါ။
အဲဒီကနေ လူ ၄ မျိုး ထွက်လာတယ်။
💟 Higher Positive, Higher Negative
သူတို့ကို Mad scientist လို့ နာမည်ပေးထားတယ်။ ကောင်းတဲ့ခံစားချက်ရော၊ ဆိုးတဲ့ခံစားချက်ရော ခံစားရသူတွေ ဖြစ်ပါတယ်။
💟 Higher Positive, Lower Negative
ဒီလိုလူတွေကိုတော့ Cheerleader လို့ ပြောပါတယ်။ ပျော်ပျော်နေ သေခဲ ဆိုတဲ့သူတွေပေါ့။ မကောင်းတဲ့ ခံစားချက်တွေဆို မကြိုက်ဘူး။ ခံစားမနေဘူး။ ဝေးဝေးက ရှောင်တယ်။ ဘဝကို ပျော်ပျော်ပဲ ဖြတ်သန်းကြတယ်။ ကြည့်လိုက်ရင် အမြဲပျော်ရွှင်နေတယ်။
💟 Lower Positive, Higher Negative
Poet ကဗျာဆရာတွေလို့ ခိုင်းနှိုင်းပါတယ်။ ကောင်းတာဆို သိပ်မခံစားရ၊ ဆိုးတာတွေပဲ ခံစားရတာ များတဲ့သူတွေပေါ့။
💟 Lower Positive, Lower Negative
ဒီအုပ်စုထဲက လူတွေကတော့ သွေးအေးတဲ့သူတွေ ဖြစ်တယ်။ Judge တရားသူကြီးလို့ နာမည်ပေးထားတယ်။
🔳 အရင်ကတော့ ကိုယ့်ဟာကိုယ်ဖြေပြီး အမှတ်ပြန်တွက်ရတယ်။ အလုပ်နည်းနည်းရှုပ်တယ်။ ကွန်မန့်မှာ ပေးထားတဲ့ လင့်ခ်မှာတော့ ဖြေလိုက်တာနဲ့ သူ့အလိုအလျောက် အဖြေထုတ်ပေးပါတယ်။ ဖြေရတာ လွယ်တယ်။ သိပ်လည်း မစဉ်းစားရဘူး။ အချိန်လည်း သိပ်မပေးရပါဘူး။
အာသာ ဘရွတ်ခ်က ဟားဗတ်တက္ကသိုလ်က ပရော်ဖက်ဆာနဲ့ လူမှုသိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ အများကြီးလုပ်ခဲ့သူပါ။ အခု သူနဲ့ အော်ပရာ ဝင်းဖရေး နှစ်ယောက်ပေါင်းပြီး “Build the life you want” ဆိုတဲ့ စာအုပ်ကို မကြာခင်ကမှ ထုတ်ဝေထားပါတယ်။ အဲဒီစာအုပ်ထဲမှာလည်း ဒီအကြောင်းအရာ ပါတာမို့ (စာအုပ်အတွက် Promotion လည်း လုပ်တဲ့အနေနဲ့) ဝက်ဘ်ဆိုက်မှာ ဒီစစ်ဆေးမှုကို တင်ပေးထားတာ ဖြစ်ပါတယ်။
🔳 ဖြေကြည့်ပါ။ ကိုယ်ရော ဘယ်အုပ်စုထဲ ပါနေသလဲ။ Mad scientist လား၊ Cheerleader လား၊ Poet လား၊ Judge လား သိနိုင်ပါလိမ့်မယ်။
ဒီ ၄ ခုမှာ ဘယ်ဟာက ပိုကောင်းတယ် မရှိဘူး။ အားလုံးမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြတာချည်းပဲ။ ကိုယ့်ကိုယ်ကိုယ် သိထားဖို့ကသာ အရေးကြီးဆုံး ဖြစ်ပါတယ်။
🔳 ကျွန်တော်ရော ဘယ်ထဲမှာ ပါမယ်လို့ ထင်သလဲ။
တချို့ကတော့ Cheerleader လို့ ထင်လိမ့်မယ်။ Page ကတော့ ဆောင်းပါးတွေပဲ တင်လို့။ Account မှာဆို ရယ်စရာတွေလည်း တင်တယ်။ Friend only နဲ့ဆို အမြဲလိုလို ဟာသတွေပဲ တင်တာ။ ကျွန်တော့်ကြည့်လိုက်ရင် ပျော်နေတယ်ပေါ့။ ဆောင်းပါးတွေဆိုလည်း အမြဲတမ်းလိုလို အပြုသဘောဆောင်တဲ့ ဘက်ကပဲ အရေးများတယ်လေ။
တချို့လည်း Judge လို့ ထင်မယ်။ တည်ငြိမ်တယ်။ အေးဆေးတယ်။ ဘယ်တော့မှလည်း လောင်နေတာ၊ ဝမ်းပန်းတသာနဲ့ စိတ်လှုပ်ရှားနေတာ မရှိဘူးလို့ မြင်ကြမယ်။
🔳 ဖြေကြည့်လိုက်တော့ ထွက်လာတဲ့ရလဒ်က Poet ပါ။ ကျွန်တော့်ကိုယ်ကျွန်တော်တော့ သိထားပြီးသား ဖြစ်ပါတယ်။ ကျွန်တော် ရေးတဲ့စာတွေ သေချာဖတ်ကြည့်မယ်ဆိုလည်း ကျွန်တော့်အတွင်းစိတ်ကို ခန့်မှန်းမိမယ် ထင်ပါတယ်။
ဟုတ်တယ်။ ကျွန်တော်က Negative Emotions တွေကို ပိုခံစားမိတတ်သူပါ။ ဒီကာလမှာတော့ ပိုဆိုးသွားပါတယ်။ အပြစ်ရှိသလို ခံစားရတာ၊ စိုးရိမ်ပူပန်တာ၊ ကြောက်လန့်တာ၊ စိတ်ဓါတ်ကျတာ၊ ဒေါသထွက်တာတွေ မကြာခဏ ဖြစ်တယ်။ ကောင်းတဲ့ ခံစားချက်တွေဖြစ်တဲ့ စိတ်လှုပ်ရှားတာ၊ တက်ကြွတာ၊ ဂုဏ်ယူတာတို့က အတော်နည်းသွားတယ်။
🔳 နဂိုကတည်းကလည်း မျှော်လင့်ချက် ထားရင် ဖြစ်မလာတာများတော့ ဘာမျှော်လင့်ချက်မှ မထားတတ်တော့ဘူး။ အိပ်မက်တွေနောက် တကောက်ကောက်လိုက်နေတယ်တို့၊ ပန်းတိုင်တစ်ခုခုဆီ မနေမနား ချီတက်နေတယ်တို့လို Positive Emotions တွေ မဖြစ်ဖူးသလောက်ပဲ။
အောင်မြင်မှု တစ်ခုခု ရခဲ့ရင်လည်း ကံကောင်းလို့ပါ၊ အကြောင်းတိုက်ဆိုင်လို့ပါ၊ ငါ တော်လို့မဟုတ်ပါဘူးလို့ တွေးတတ်တော့ ထူးထူးခြားခြား ပျော်တယ်ဆိုတာ သိပ်မရှိဘူး။ သူများက ချီးကျူးရင်လည်း မနေတတ်ဘူး။ ဆဲခံရတာကမှ ခံသာသေးသလို ဖြစ်နေတယ်။
ဒါကြောင့်လည်း Poet ဖြစ်နေတာပေါ့။ ဖော်ပြထားတဲ့ စရိုက်လက္ခဏာတွေ ဖတ်ကြည့်တော့လည်း တော်တော်များများ မှန်တယ်။ ကိုယ်ချင်းစာတတ်တယ်။ စိတ်ခံစားချက်တွေကို နားလည်နိုင်စွမ်း မြင့်မားတယ်။ စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာရှင် စသဖြင့် ဖြစ်နေတတ်တယ်။ ကျွန်တော်နဲ့ အတော်လေး တူနေတယ်။
🔳 ဒီဘက်နောက်ပိုင်း စိတ်နဲ့ပတ်သက်လို့ စာတွေအရေးများလာတာ၊ ကိုယ်တိုင်ဖြစ်နေသလိုမျိုးကို နှိုက်နှိုက်ချွတ်ချွတ် ရေးနိုင်တာ Poet ဖြစ်နေလို့လည်း ပါတယ်။ ဒါတွေက နေရင်းထိုင်ရင်း ရလာတဲ့ အတွေးအမြင်တွေတော့ ဘယ်ဟုတ်ပါ့မလဲ။ ရုန်းရင်းကန်ရင်း တက်လာတဲ့ 'စိတ်အသားမာ' တွေပဲ ဖြစ်ပါတယ်။
အာသာက သူ့မိတ်ဆွေ ဟာသပြောသူ (Comedian) တစ်ယောက်ကို မေးတယ်။ မင်းတို့လူရွှင်တော်တွေက စိတ်ကျရောဂါ ဖြစ်တာ ဘာလို့များတာလဲ၊ ဟာသနဲ့ စိတ်ကျရောဂါဆိုတာ ဘာမှမှ မဆိုင်ပဲ ဆိုတော့ သူ့မိတ်ဆွေက ပြန်ပြောတယ်။ “ဟာသပြောလို့ စိတ်ကျတာ မဟုတ်ဘူး။ စိတ်ကျလို့ သူများတွေပျော်အောင်၊ အဲဒီလိုပျော်တာကို မြင်ရင် ငါတို့လည်း ပျော်လို့ ဟာသတွေပြောရင်းက လူရွှင်တော် ဖြစ်လာကြတာပဲ” တဲ့။
🔳 နောက်တစ်ခုက လူတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့သဘော ရှိတာကို တွေ့ရတယ်။
Enneagram Personality Test ဆိုတာ ရှိတယ်။ အွန်လိုင်းက ဖြေချင်လည်း ဖြေ။ ပိုလည်းလွယ်၊ ပိုလည်း နားလည်စေမှာက ဆရာတော် ဦးဇောတိက ရေးတဲ့ “ငါ ဘယ်သူလဲ” ဆိုတဲ့စာအုပ်။ ဆရာတော်က မူရင်းအင်္ဂလိပ်စာအုပ်ကို ဖတ်ပြီး နားလည်လွယ်အောင် ပြန်ရှင်းထားတာဆိုတော့ ဘာသာစကား ခက်ခဲသူတွေလည်း ဖတ်ရပိုလွယ်လိမ့်မယ်။
မဆုတ်မနစ် ကြိုးစားလိုစိတ် ဘယ်လောက်ရှိသလဲ ဆိုတဲ့ စစ်ဆေးချက်တွေလည်း ရှိသေးတယ်။
ဝင်ဖြေကြည့်သမျှကတော့ ဟုတ်တယ်။ ကိုယ်နဲ့ ကွက်တိပဲ။
သို့သော် လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်ကသာ ဖြေရင် ဒီလိုအဖြေထွက်ပါ့မလား စဉ်းစားစရာရှိတယ်။
🔳 ခုနေတော့ စာရေးနေရရင် ပျော်တယ်။ ထမင်းမေ့ ဟင်းမေ့ ဖြစ်နေတယ်။ စိတ်ကိုနှစ်ပြီး လုပ်ဖြစ်တယ်ဆိုပေမဲ့ ဘွဲ့ရပြီးခါစမှာသာ ဝင်ဖြေကြည့်။ ဘာမှကို ဖြေစရာရှိမှာ မဟုတ်ဘူး။ ဘာလို့ဆိုတော့ ရေးမှ မရေးဖူးတာ။ မရေးဖူးတော့ ဝါသနာပါမှန်း ဘယ်သိမလဲ။ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ်ပဲ ကူးချည်သန်းချည် လုပ်ခဲ့တဲ့အခါ၊ ပြင်ပအထိအတွေ့ နည်းတဲ့အခါ ကိုယ်ဘာဝါသနာပါလို့ ပါမှန်း၊ ဘယ်နေရာ အားသာလို့ အားသာမှန်း မသိတော့ဘူးပေါ့။
နောက်ပိုင်း အလုပ်တွေလုပ်လာ၊ အထိအတွေ့တွေ များလာတော့မှပဲ ပိုပိုပြီး သိလာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း လူငယ်တွေမှာ Exposure က သိပ်အရေးကြီးတယ် ပြောရတာပါ။ ဘာဖြစ်ချင်မှန်း မသိဘူးဆိုပြီး ထိုင်စိတ်ညစ်နေလို့တော့ အဲဒီဖြစ်ချင်စိတ်က ရှာတွေ့လာမှာ မဟုတ်ဘူး။ ပြင်ပကမ္ဘာနဲ့ ထိတွေ့ရင်းနဲ့မှ ကိုယ့်အတွင်းထဲက စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေ၊ Passion တွေက ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
🔳 ကျွန်တော် ဘာလို့ ကိုယ့်ကိုယ်ကိုယ် မသိခဲ့သလဲ။ တခြားလူငယ်တွေရော ဘာကြောင့် မသိကြသလဲ။ နိုင်ငံခြားက လူငယ်တွေက ဘာလို့ ပိုပြီး သိနေကြသလဲ။
“အထိအတွေ့” ပါပဲ။
ကျောင်းတွေမှာ Extracurricular Activities ဆိုတာ မရှိသလောက် ရှားတယ်။ အားကစား၊ အနုပညာ၊ ပန်းချီ၊ ဂီတ ဘာတွေနဲ့များ ထိတွေ့ခွင့် ရခဲ့လို့လဲ။ ကျောင်းစာပဲ တော်အောင်လုပ်။ ဒီပေတံတစ်ချောင်းတည်းနဲ့ပဲ တိုင်းတော့ ပြင်ပအထိအတွေ့ မရှိတော့ဘူး။ မရှိတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဘာဝါသနာပါမှန်း မသိတော့ဘူး။
🔳 Self-discovery is a never-ending journey.
ကိုယ့်ကိုယ်ကိုယ် ရှာဖွေတယ်ဆိုတာ ဘယ်တော့မှ မဆုံးနိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
အသက် ၂၀ မှာ ဖြေထားတဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးချက်ရလဒ်တွေဟာ အသက် ၃၀ ကျ တူတော့မှာ မဟုတ်ဘူး။ ၄၀ ကျ တူတော့မှာ မဟုတ်ဘူး။ ၅၀ ဆို ပိုတောင် ကွဲပြားသွားလိမ့်မယ်။
ကျွန်တော့်အသက် ၂၃ အလုပ်စမလုပ်ခင်နဲ့၊ ၃၃ အလုပ်လုပ်ပြီး ဆယ်နှစ်အကြာနဲ့မှာ တခြားစီ ဖြစ်သွားပြီ။ ၂၀၂၁ က ကျွန်တော်နဲ့၊ အခု ၂၀၂၄ က ကျွန်တော် သုံးနှစ်အတွင်းမှာကို မတူတော့တာတွေ အများကြီး ဖြစ်သွားပြီ။
🔳 နေရင်းထိုင်ရင်း ရလာမှာတော့ အိုမင်းမှုပဲ ရှိတယ်။ အတွေ့အကြုံတို့၊ ရင့်ကျက်မှုတို့၊ ပြောင်းလဲမှုတို့ကတော့ လုပ်ယူရတာချည်းပဲ။ ဒီဆယ်နှစ် အိမ်မှာပဲ ထိုင်နေကြည့်ပါလား။ ဘာမှထူးပြီး ပြောင်းလာမှာ မဟုတ်ဘူး။ ဒီသုံးနှစ် အရင်လိုပဲ နေကြည့်ပါလား။ Self-respect တို့ Resilience တို့ကို ကျွန်တော် ခုလောက် နားလည်လာမှာ မဟုတ်ဘူး။ ဆယ်နှစ်အတွေ့အကြုံ ရှိတယ်ဆိုပြီး တစ်နှစ်စာ အတွေ့အကြုံကို ဆယ်ခါထိုင်ယူနေတာမျိုး ဖြစ်ရင်လည်း အချိန်ဖြုန်းနေတာနဲ့ အတူတူပဲပေါ့။
ဒါကြောင့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်။ အခက်အခဲတွေကို မကြောက်နဲ့။ ဒုက္ခတွေကို အမြင်ပြောင်းပြီး ကြည့်။ ဒါတွေကသာ လူကို တောက်ပြောင်လာစေတဲ့၊ ကိုယ့်ကိုယ်ကိုယ် ပိုသိလာစေတဲ့ အရာတွေ ဖြစ်ပါတယ်။
🔳 Growth Mindset ဆိုတာလည်း ဒါပါပဲ။ ခုကိုပဲ ကြည့်လေ။ အသက်နှစ်ဆယ်က ကိုယ်နဲ့၊ အခုလက်ရှိ ကိုယ်နဲ့ တူတော့တာမှ မဟုတ်တာ။ ဒါ ဘာကို ပြသလဲဆိုတော့ လူဟာ တိုးတက်နိုင်တယ်၊ ပြောင်းလဲနိုင်တယ်၊ တသမတ်တည်း မဟုတ်ဘူး၊ Fixed ဖြစ်နေတာ မဟုတ်ဘူး ဆိုတာကိုပဲ။
ဒါကြောင့် ငါက ဒေါသကြီးတယ်၊ ငါက အစွဲအလမ်းကြီးတယ်၊ ငါက လိုချင်တာဆို ရမှ၊ မရရင် မပျော်တော့ဘူး စတဲ့ စိတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာတွေ၊
ငါက ပရမ်းပတာနဲ့ သပ်သပ်ရပ်ရပ် မလုပ်တတ်ဘူး၊ ငါက ပြောင်းလဲရတာ မကြိုက်ဘူး၊ ငါက မပွင့်လင်းဘူး စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊
ငါက ဘာသာစကား အားနည်းတယ်၊ ငါက ဉာဏ်မကောင်းဘူး၊ အသက်က ကြီးပါပြီ၊ ဒါတွေ မသင်ယူနိုင်တော့ပါဘူး စတဲ့ ထင်မြင်ချက်တွေ အားလုံးဟာ ပြောင်းလဲယူလို့ ရနိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၄.၁.၂၀၂၄