28/01/2024
Ko Ba Hein
#မိတ်ဆွေကောင်း_ဆရာကောင်းဟူသည်
ကလျာဏမိတ္တဆိုတာ
ပါပမိတ္တနဲ့ ပြောင်းပြန်ပဲ။
၁။ သဒ္ဓါတရားနဲ့လဲ ပြည့်စုံရမယ်။
၂။ သီလနဲ့လဲ ပြည့်စုံရမယ်။
၃။ အကြားအမြင်သုတလဲ များရမယ်။
၄။ ဝန်မတိုဘဲ စွန့်ကြဲပေးကမ်းလေ့ ရှိရမယ်။
၅။ ဉာဏ်ပညာနဲ့လဲ ပြည့်စုံ ရမယ်။
အဲဒီလိုပုဂ္ဂိုလ်ဟာ
ကလျာဏမိတ္တခေါ်တဲ့
#မိတ်ဆွေကောင်း ဆရာကောင်းပဲ။
လောကမှာ အကောင်းဆုံး
ပထမတန်း ကလျာဏမိတ္တကတော့
မြတ်စွာဘုရားပဲ။
မြတ်စွာဘုရားကို
မှီဝဲဆည်းကပ်ရတဲ့ ပုဂ္ဂိုလ်တွေဟာ
အကောင်းဆုံး ကလျာဏမိတ္တကို
မှီဝဲဆည်းကပ်ကြရတာပဲ။
မြတ်စွာဘုရား
ပရိနိဗ္ဗာန်စံ တော်မူသွားပေမယ်လို့
မြတ်စွာဘုရား၏တရားတော်တွေကိုနာပြီး
လေးလေးနက်နက် ဆည်းကပ်ကိုးကွယ် ကြရတဲ့သူတွေလဲ
အကောင်းဆုံး ကလျာဏမိတ္တကို
မှီဝဲရတယ်လို့ ဆိုနိုင်ပါတယ်။
မြတ်စွာဘုရား လက်ထက်တော်ကတော့
မြတ်စွာဘုရား၏ အဂ္ဂသာဝက
အရှင်သာရိပုတ္တရာ
အရှင်မောဂ္ဂလာန် တို့ဟာ
ဒုတိယတန်း ကလျာဏမိတ္တတွေပဲ။
အဲဒီကအောက်
အရှင်မဟာကဿပ
အရှင်အနုရုဒ္ဓါအစ ရှိသော မဟာသာဝကတွေဟာ
တတိယတန်း ကလျာဏမိတ္တတွေပဲ။
အဲဒီကအောက်တော့
ဘုရားလက်ထက်တော်ကရော
နောက်ကာလမှာရော
ရဟန္တာပုဂ္ဂိုလ် အစစ်တွေဟာ
ကလျာဏမိတ္တတွေပဲ။
အဲဒီကအောက်
အနာဂါမ်ပုဂ္ဂိုလ်
သကဒါဂါမ်ပုဂ္ဂိုလ်
သောတာပန်ပုဂ္ဂိုလ်တွေဟာ
ကလျာဏမိတ္တတွေပဲ။
အဲဒီကအောက်တော့
သဒ္ဓါစသည်နှင့်ပြည့်စုံတဲ့ ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်တွေဟာ
ကလျာဏမိတ္တတွေပဲ။
ယခုနေအခါမှာ
ရဟန္တာပုဂ္ဂိုလ်အစစ် ဟုတ် မဟုတ် ဆုံးဖြတ်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။
ထို့အတူ မလွယ်ပါဘူး။
အရိယာအစစ်တွေ
ဗဟုသုတပြည့်စုံတဲ့
သူတော်ကောင်း အစစ်တွေကသာလျှင်
ခန့်မှန်းဆုံးဖြတ်နိုင်စရာ ရှိပါတယ်။
ဒါကြောင့်
သာမာန်ပုဂ္ဂိုလ်အနေနဲ့
ကလျာဏမိတ္တကို စိစစ်ချင်ရင်
ယေ တေ ပုဂ္ဂလာ - အကြင် ပုဂ္ဂိုလ်တို့သည်။
သဒ္ဓါ - သဒ္ဓါတရားနှင့် ပြည့်စုံကုန်၏။
သီလဝန္တော - စင်ကြယ်သော သီလရှိကုန်၏။
ဗဟုဿုတာ - များသော အကြားအမြင် ရှိကုန်၏။
စာဂဝန္တော - ဝန်မတိုဘဲ စွန့်ကြဲ ခြင်း ရှိကုန်၏။
ပညဝန္တော - ဉာဏ်ပညာနှင့် ပြည့်စုံကုန်၏။
လို့ ဟောထားတဲ့ ဓမ္မသင်္ဂဏီပါဠိတော်နှင့်အညီ စိစစ်ရမယ်။
အဲဒါကို ဘုန်းကြီးက
ဆောင်ပုဒ်စီထားတယ်။
" သဒ်ဓါ သီလ သုတ စာဂါ
ပညာရှိ ပေါင်းဘိမြတ်ဆရာ " တဲ့။
ကဲ အဲဒါကို ဆိုရမယ်။
သဒ်ဓါ သီလ သုတ စာဂါ
ပညာရှိ ပေါင်းဘိမြတ်ဆရာ။
မဟာစည်ဆရာတော်ဘုရားကြီး
သလ္လေခသုတ်တရားတော်ကြီး
(ဒုတိယတွဲ)