City of Egret ဗျိုင်းမြို့

  • Home
  • City of Egret ဗျိုင်းမြို့

City of Egret ဗျိုင်းမြို့ City of Egret ဗျိုင်းမြို့

Mohnyin
မိုးညှင်း

ယူနက်စနက်ကို အသိအမှတ်ပြု ဇီဝအဝန်းနယ်မြေ သတ်မှတ်ခံနယ်မြေဖြစ်လာတဲ့ အင်းတော်ကြီးကန်နေပြည်တော် ၁ နိုဝင်ဘာ မြန်မာနိုင်ငံ၏အကြီ...
12/12/2022

ယူနက်စနက်ကို အသိအမှတ်ပြု ဇီဝအဝန်းနယ်မြေ သတ်မှတ်ခံနယ်မြေဖြစ်လာတဲ့ အင်းတော်ကြီးကန်

နေပြည်တော် ၁ နိုဝင်ဘာ

မြန်မာနိုင်ငံ၏အကြီးဆုံးကန်ဖြစ်သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ အင်းတော်ကြီးကန်နှင့် ကန်ပတ်ဝန်းကျင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲတန်းဖိုးများ မြင့်မားမှုကို နိုင်ငံတကာမှ အသိအမှတ်ပြုတဲ့အနေနဲ့ ကန်၏ရေဝေရေလဲဒေသများ၊ စိုက်ပျိုးမြေများနှင့် ကျေးရွာများပါဝင်သောနယ်မြေကို ယူနက်စကို ဇီဝအဝန်းနယ်မြေ အဖြစ် ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်က သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အင်းတော်ကြီးကန်သည် အရှေ့တောင်အာရှဒေသမှာ တတိယ အကြီးဆုံးရေကန်ကြီးဖြစ်ပြီး ကန်၏ ရေဝပ်ဒေသတွင် ရေဝေရေလဲသစ်တောများသည် ဒေသရင်းမျိုးစိတ်များနှင့် ကမ္ဘာ့အဆင့်ခြိမ်းခြောက်မှုခံနေရသည့် ငှက်၊ ငါး၊ လိပ်၊ မျောက်နှင့် အခြားနို့တိုက် သတ္တဝါမျိုးစိတ်အများအပြား နေထိုင်ကျက်စားရာဒေသများ ဖြစ်ပါတယ်။ အခုလို အင်းတော်ကြီးကန်ဒေသကို ဇီဝအဝန်းနယ်မြေသတ်မှတ်ခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဂေဟစနစ်ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးလျက်ရှိပါတယ်။

တကယ်လို့ ဇီဝမျိုးစုံ မျိုးကွဲပျက်ဆီး ဆုံးရှုံးပါက အကျိုးဆက်အားဖြင့် ရာသီဥတုပြောင်းလဲမှု၊ ရေရှားပါးမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ စွမ်းအင်မလုံလောက်မှု စသည့် စိန်ခေါ်မှုအများအပြားနှင့် ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇီဝမျိုးစုံမျိုးကွဲ ပျက်ဆီးဆုံးရှုံးမှု၊ ဂေဟစနစ် အဆင့်အတန်းကျဆင်းမှုတို့ကို လျော့နည်းသက်သာစေရန် အဓိကထိန်းသိမ်းရေး မူဝါဒတစ်ရပ်အနေနဲ့ သဘာဝနယ်မြေများကို ကမ္ဘာအနှံ့အပြားမှာ တည်ထောင်လျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးအစားစုံလင်လှသည့် ဂေဟနစ်များကို ကိုယ်စားပြု ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် သဘာဝနယ်မြေတည်ထောင်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် တည်ထောင်ထားပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။

ဇီဝအဝန်းနယ်မြေများအဖြစ် မြန်မာနိုင်ငံတွင် အင်းလေးကန်ဒေသနှင့် အင်းတော်ကြီးကန်တို့ကို သတ်မှတ်ခဲ့ပြီး အင်းတော်ကြီးကန်သည် ဇီဝမျိုးစုံမျိုးကွဲ ထူးခြားစွာပေါများမှုကြောင့် အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသကို ၂၀ဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ် အဖြစ်လည်းကောင်း၊ ၂၀ဝ၄ ခုနှစ်တွင် ငှက်မျိုးစိတ်အရေးကြီး နယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှာ အရှေ့အာရှ သြစတြေးလျ ငှက်ပျံသန်းလမ်းကြောင်း မိတ်ဖက်အဖွဲ၏ ကွန်ရက်နယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ယခု ၂၀၁၇ ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်း နယ်မြေအဖြစ်လည်းကောင်း သတ်မှတ်ခံရကြောင်း သိရပါတယ်။

Credit: MDN
https://www.mdn.gov.mm/my/yuunkcnkkiu-asiamttpu-jiiwawnnyme-sttmttkhnnymephclaattai-angtteaakiikn

ရှမ်းတိုင်းရင်းသားများ၏ ရိုးရာအစားအစာ ဆီတိုဟူးကို မိရိုးဖလာနည်းပညာအတိုင်းသာ ပြုလုပ်နေကြဆဲဟိုပင် ဒီဇင်ဘာ ၈ ၂၀၁၇ကချင်ပြည်န...
12/12/2022

ရှမ်းတိုင်းရင်းသားများ၏ ရိုးရာအစားအစာ ဆီတိုဟူးကို မိရိုးဖလာနည်းပညာအတိုင်းသာ ပြုလုပ်နေကြဆဲ

ဟိုပင် ဒီဇင်ဘာ ၈ ၂၀၁၇

ကချင်ပြည်နယ် ဟိုပင်မြို့ တကွင်းကျေးရွာတွင် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာအစားအစာတစ်ခုဖြစ်သော ဆီတိုဟူးကို ရှေးယခင်က ရှမ်းလူမျိုးများ၏ လက်ဆင့်ကမ်းခဲ့သော မိရိုးဖလာနည်းပညာအတိုင်းသာ ယခုအချိန်ထိ ပြုလုပ်နေကြဆဲဖြစ်သည်ဟု သိရသည်။

ဆီတိုဟူးပြုလုပ်ရာတွင် အဓိကအသုံးပြုသည်မှာ ပဲငါးပိဖြစ်ပြီး ပါဝင်သည့်ပစ္စည်းများမှာ ဆား၊ ငရုတ်မှုန့်နှင့် ဆန်အရက်တို့ဖြစ်ကြောင်း၊ ပထမဆုံး ပဲငါးပိကို ပွလာအောင် တစ်ညရေစိမ်ရပြီး ပွလာပါက ကြိတ်စက်နှင့် ကြေသွားအောင် ကြိတ်ပေးရသည်ဟု အဆိုပါလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

''ကြိတ်ပြီးလို့ရလာတဲ့ ပဲရည်တွေကို ကျိုချက်ပြီးမှ သန့်ရှင်းတဲ့ လေးထောင့်သစ်သားပုံးထဲ လောင်းထည့်ပြီး လေးတဲ့အရာနဲ့ ဖိထားရပါတယ်၊ ခဲလာရင် လေးထောင့်သေးသေးဖြစ်အောင် ဓားနဲ့ဖြတ်ပေးပြီး သက်ငယ်ပေါ်မှာ မှိုပေါက်လာတဲ့အထိ ခင်းထားရတယ်''ဟု ဆီတိုဟူး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မပုက ပြောသည်။

မှိုပေါက်လာပါက သက်ငယ်ပေါ်မှ ခွာလိုက်ပြီး နှံ့အောင်မွှေပေးမည့်ပုံးထဲသို့ထည့်ကာ လိုအပ်သည့် ပါဝင်ပစ္စည်းများကို ပေါင်းထည့်ပြီး အရသာရှိသည့် ဆီတိုဟူးဖြစ်လာအောင် မွှေပေးရသည်ဟု ၎င်းက ဆက်ပြောသည်။

ဆီတိုဟူးကို စားသုံးသည့်အဆင့်ထိ ရောက်ရှိလာပါက ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရာတွင် စစ်ကိုင်းတိုင်းဒေကြီးအတွင်းရှိ ကသာ၊ အောက်အင်းတော်၊ ထန်းတပင်၊ ရွှေဘိုနှင့် ခင်ဦး၊ ရေဦး၊ မြစ်ကြီးနား၊ မိုးကောင်း စသည့်ဒေသများသို့ အများဆုံးတင်ပို့ရောင်းချမှုများ ပြုလုပ်နေကြကြောင်း သိရသည်။

''ကျွန်တော်က ဆီတိုဟူး ပို့ဆောင်တဲ့လုပ်ငန်းလုပ်ကိုင်နေတာကြာပါပြီ၊ တစ်ရက်မှ မပျက်ဘူး၊ နေ့တိုင်း ဟိုပင်ဘူတာကို သွားပို့ပေးရတယ်၊ အဲဒီကနေတစ်ဆင့် အထက်ပိုင်း၊ အောက်ပိုင်းပို့တာကတော့ သူတို့ပိုင်ရှင်တွေက စာတွေကပ်ထားပြီးသားပဲ''ဟု ဆီတိုဟူး ပို့ဆောင်ပေးနေသော ဦးပန်းအောင်က ပြောသည်။

ဈေးကွက်တွင်းရောင်းချရာတွင် ဆီတိုဟူး ပုံးကြီး၊ ပုံးသေးဟု နှစ်မျိုးရှိသည့်အနက် ယခုအခါ ပုံးသေး အချောတစ်ပုံးကို ကျပ် ၁၇ဝဝ၊ ပုံးသေးအကြမ်းတစ်ပုံး ကျပ် ၈ဝဝ နှင့် ပုံးကြီးတစ်ပုံးကို ကျပ် ၂ဝဝဝဝ ထိ ရောင်းချရကြောင်း သိရသည်။

ရှေးယခင် ရှမ်းတိုင်းရင်းသားများက လက်ဆင့်ကမ်း လုပ်ကိုင်ခဲ့သော ရိုးရာအစားအစာတစ်ခုဖြစ်သည့် ဆီတိုဟူးပြုလုပ်ခြင်းကို ယခုအချိန်ထိ တကွင်းကျေးရွာတွင် မူလနည်းပညာအတိုင်းသာ ပြုလုပ်နေကြဆဲဖြစ်ပြီး ကျေးရွာအုပ်စုအတွင်း အိမ်ထောင်စု တစ်ထောင်ကျော်ရှိသည့်အနက် အိမ်ထောင်စု ၂၅ စုခန့်သာ အဆိုပါ ဆီတိုဟူးလုပ်ငန်းကို လုပ်ကိုင်နေကြကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ - မင်းမင်းဦး
Credit: MDN

Happy International Coffee Day1st Octoberကျွန်တော်တို့သိရသလောက်ကတော့ ကော်ဖီရွက်သုတ်ဟာ အင်းတော်ကြီးမှသာရရှိနိုင်သည်။Credi...
01/10/2022

Happy International Coffee Day
1st October

ကျွန်တော်တို့သိရသလောက်ကတော့ ကော်ဖီရွက်သုတ်ဟာ အင်းတော်ကြီးမှသာရရှိနိုင်သည်။

Credit: Face of Indawgyi

🍘 ခေါပုတ် မီးကင် 🍘ဒီအချိန်ရောက်ရင် မိုးညှင်းဘက်မှာ အတော်လေးအေးလာပြီလေ....။📌 မအေးသေးဘူးတဲ့ 😒💛 အပိုပြောတာမဟုတ်ဘူးရယ်။မိုးည...
30/09/2022

🍘 ခေါပုတ် မီးကင် 🍘

ဒီအချိန်ရောက်ရင် မိုးညှင်းဘက်မှာ အတော်လေးအေးလာပြီလေ....။
📌 မအေးသေးဘူးတဲ့ 😒

💛 အပိုပြောတာမဟုတ်ဘူးရယ်။
မိုးညှင်း၊ ဟိုပင်ဘက်က ခေါပုတ်တို့ပေါင်းတင်းတို့က မတအားစားကောင်းတာ။
မိုးညှင်း၊ ဟိုပင်မှာ အနေများတော့ အဲ့ဘက်က ထောင်းတဲ့ ခေါပုတ် နုနုအိအိလေးတွေက အသဲစွဲပဲ။

(ရှမ်းပြည်ဘက်လည်း စားလို့ကောင်းတယ်)

😁ပြီးတော့ အဲ့ဘက်မှာက ကောက်ညှင်းကောင်းတာလည်းပါမယ်ထင်တယ်။

ခုလိုကာလရောက်ပြီဆိုရင် အရင်တုန်းက အိမ်ကွက်လပ်မှာ မီးပုံပြီး ခေါပုတ်မီးကင်ရတာနဲ့ ပေါင်းတင်းမီးကင်ရတာနဲ့

😍နောက်ပြီး အလွယ် ခရမ်းချဥ်သီးကို မီးထဲ ပစ်ထည့်
အနေတော်ဖြစ်ရင် ပြန်ယူပြီး နှယ်ချေ ပြီးတာနဲ့ ငါးပိဖုတ်ရယ် ငရုတ်သီးထောင်းလေးရယ်ကိုရောပြီး ခရမ်းချဥ်သီး ပန်ထွေဖျော်လေးလုပ်ပြီး စားကြည့်

ချမ်းချမ်းအေးအေးကို မီးအပူအနွေးဓာတ်ရယ် ခေါပုတ်မီးကင်မွှေးမွှေးကို ချဥ်ချဥ်စပ်စပ်ပန်ထွေဖျော်လေးရယ်နဲ့ ဘယ်လောက်တောင် လိုက်ဖက်လိုက်လဲ....။

ခုများတော့ နေရာတွေဝေးပြီး.....အဆင်ပြေသလိုပဲ စားဖြစ်နေတော့တယ်။

💛အရင်ချိန်တွေတော့လွမ်းမိပါရဲ့💛

မိုးညှင်း၊ ဟိုပင်ဘက်က ပန်ထွေဖျော်နဲ့စားကြတာများတယ်
ရှမ်းပြည်ဘက်ကတော့ ဆီတိုဟူးနဲ့ပေါ့ သကြားနဲ့ တချို့က ခရမ်းချဥ်သီးကို အနှစ်​ဖျော်ထားတာနဲ့စားကြတယ် 💛

Credit: All Original Uploader
Paye The Foodie

 #မိုးညှင်းမြို့နယ်မိုးညှင်းမြို့နယ်သည် ရှေးဟောင်းသမိုင်ဝင်နယ်မြေတစ်ခုဖြစ်ပါသည်။ သာသနာသက္ကရာဇ် (၁၁၉) ခုနှစ်၊ ရာဇဂြိုလ်ပြ...
23/07/2022

#မိုးညှင်းမြို့နယ်

မိုးညှင်းမြို့နယ်သည် ရှေးဟောင်းသမိုင်ဝင်နယ်မြေတစ်ခုဖြစ်ပါသည်။ သာသနာသက္ကရာဇ် (၁၁၉) ခုနှစ်၊ ရာဇဂြိုလ်ပြည့်ရှင်နာဂဓရမင်း၏သားတော် ဥပတိဿမင်းသားသည် ကောက်ကွေ့ချောင်းပေါက်ဝ၌ ကျခတ်မြို့ (ယခုထင်းခါးဆိပ်) ကိုတည်ထောင်ပြီး မင်းပြုကာနေလေသည်။ ယင်းမင်းကာ သရေခေတ္တရာပြည် ဒွတ္တဘောင်မင်း၏ လက်အောက်ခံအဖြစ် အခွန်ပဏ္ဏာဆက်သရသည်။ ရှေးသူတော်ဟောင်းတို့သည် #မိုးညှင်းအစ_ကျခတ်က ဟု ဆိုစမှတ်ပြုကြသည်။ ဘိန္နကမင်းသာ၏ ညီတော် အလိန္ဒနမင်းသည်နောက်ပါ အခြံအရံများနှင့် အရှေ့ဖက် မောရှမ်းတို့ကို စည်းရုံးလျက် လှပယဥ်ကျေးသော မောရှမ်းအမျိုးသမီး နန်းစောမွန်နှင့် စုံမက်ပြီးလျှင် (ဝိန်းဟိုဟူ) မြို့ကို တည်ထောင်စိုးစံတော်မူသည်။ ၎င်းတို့မှစောခွန်လိပ်နှင့် စောခွန်ခမ်းတို့ (၁၆) နှစ်ပြည့်သော် ခွန်တောင်ရွာမင်း လက်ထက် ယူနန်ရှမ်းတရုတ်ပြည်မှ တာလီလူမျိုးတို့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်သောကြောင့် အချို့သော မောရှမ်းတို့သ်ည ဧရာဝတီမြစ် အနောက်သို့ ကူးလာပြီး ကျခတ်မြို့ ဥပတိဿမင်းထံ ခိုလှုံကြလေသည်။

ဥပတိဿမင်းသည် မောရှမ်းတို့ကို မင်းကျင့်တရာ (၁၀) ပါးနှင့်အညီအုပ်စိုး၏။ ၎င်းသည် သက်တော် (၅၀) နှစ်၊ နန်းသက် (၁၇) နှစ် သာသနာသက္ကရာဇ် (၁၃၆) ခုနှစ်တွင် နန်ရွာစံတော်မူ၏။ ခမည်းတော် နတ်ရွာစံသော် သာတော်စောရန်နောင် နန်တက်၏။ သာသနာသက္ကရာဇ် (၁၇၆) ခုနှစ်တွင် သားတော် ကုမ္မာရမင်းသာကို ထီးနန်းလွဲအပ်၍ စောရန်နောင်မင်းသည် ဥပုသ်ဆောင်ဝင်တော်မူ၏။ ကုမ္မာရမင်းသည် စောဝ်စောညယ်၊ စောဝ်စောဝမ် ဟူသော သားတော် (၂) ပါးထွန်းကား၏။ သာသနာသက္ကရာဇ် (၁၉၈) ခုနှစ်တွင် ယက္ခပူရ (ယခုဘီလူးမြို့) မှ လာရောက်၍ နှောက်ယှက်သဖြင့် ကုမ္မာရမင်းသည် သားတော် (၂) ပါးအား စေလွှတ်နှိမ်နင်း၏။ တစ်ဖက်နှင့် တစ်ဖက် အပြင်းအထန် တိုက်ခိုက်ကြရာ နောက်ဆုံး၌ မင်းသား (၂) ပါးသည် စစ်အောင်မြင်၍ ယက္ခပူရမြို့ ပျက်စီးခြင်းသို့ ရောက်လေ၏။ ထို့နောက် မောရှမ်းညီနောင်သည် သာသနာသက္ကရာဇ် (၂၁၀) ခုနှစ်တွင် ၎င်းနေရာ၌ပင် မြို့သစ်ပြန်လည်တည်ထောင်ကြ၏။ ၎င်းမြို့ကို ရှမ်းဘာသာဖြင့် (မိန်းဖိုင်း)၊ မြန်မာဘာသာဖြင့် (ဘီလူးမြို့) ဟု ခေါ်ဝေါ်သမုတ်ကြသည်။

ညောင်ဦးစောရဟန်မင်း ပုဂံပြည်တွင် မင်းပြုစဥ် မြန်မာသက္ကရာဇ် (၃၀၂) ခုနှစ် ခရစ်သက္ကရာဇ် (၉၄၀) ခန့်တွင် တရုတ်ပြည်မင်းဥတည်ဘွားနှင့် ကိန္နရာဒေဝီတို့၏ မျက်မမြင်သမီးတော်စောလှမှ ဖွားမြင်သော တတိယသားတော် ဆေးကျန်ဖမှ ယခု မိုးညှင်းမြို့ကို တည်ခဲ့သည်ဟု အယူရှိလေသည်။ သမီးတော်စောလှအရွယ်ရောက်စတွင် ဖောင်နှင့်မျှောလိုက်ရာ ရှေးကခင်ပွန်းဟောင်းဖြစ်ခဲ့သော (ကျားဖြူ)နှင့် တွေ့ရှိသည်တွင် သင့်မြတ်၍ သားတော် (၄) ပါး ဖွားမြင့်တော်မူ၏။ သားတော်များ အရွယ်ရောက်လေသော် အဖိုးဖြစ်သူ ဥတည်ဘွားထံသို့စေလွှတ်သည်။ ဘိုးတော်က အကြီးဆုံးမြေအား (အိုးစည်)၊ ဒုတိယမြေးတော်အား (ဓါးမြောင်)၊ တတိယမြေးတော်အား (ဗျိုင်းတစ်ကောင်)ပေး၍ တိုင်းပြည်ထောင်ရန် မှာကြား၏။ မြေးတော်အငယ်ကိုမူ အဖကျားဖြူထံ စေလွှတ်၏။ တတိယမြေးတော်ဆေးကျန်ဖသည် ဘိုးတော်မှာကြားသည့်အတိုင်း တိုင်းပြည်တည်ထောင်မင်းပြုရန်လာသည်တွင် မိုးညှင်းမြို့ တည်ရှိသည့်ဒေသသို့ ရောက်သောအခါတွင် ဗျိုင်းသည် ကျယ်လောင်စွာအော်၏။ ယင်းဒေသတွင် မြို့တည်ထောင်၍ (မိန်းယန်း) ဟုအမည်ပေး၏။ (မိန်း)မှာ မြန်မာဘာသာဖြင့် (မြို့)ဟု အဓိပ္ပါယ်ရ၏။ (ယန်း)မှာ (ဗျိုင်း)ဟု အဓိပ္ပါယ်ရ၏။ ကာလရှည်လျားသော် မိန်းယန်းမှ မိုးညှင်းဖြစ်လာသည်ဟု အဆိုရှိလေသည်။

ဘုရင်မင်းကြီးစွာလက်ထက်သက္ကရာဇ် (၇၃၂) ခုနှစ်တွင် မိုးညှင်းကို ခုံမိုင်းအမည်ရှိသော စော်ဘွားအုပ်ချုပ်လေသည်။ မြန်မာသက္ကရာဇ် (၇၆၃) ခုနှစ်တွင် မြို့လှစာ ဥဒိန်သည် မိုးညှင်းမြို့ကို စားလေသည်။ ၎င်း မိုးညှင်းသတိုးသည် မြန်မာသက္ကရာဇ် (၇၈၈) မှ (၈၁၀) ခုနှစ်ထိ ရတနာပူရ အင်းဝမြို့တွင် မိုးညှင်းမင်းတရား ဟုသော အမည်နာမဖြင့် စိုးစံတော်မူခဲ့သည်။
အင်းဝမှနေ၍ မိုးကောင်း၊ မိုးညှင်းစော်ဘွားများကို အုပ်ချုပ်သည်။ မိုးညှင်းစောလုံခေါ် စလုံးစော်ဘွားများ လက်ထက်တွင် မိုးညှင်းသည်အလွန် ကြီးကျယ် စည်ကားခဲ့သည်။ မိုးညှင်းစလုံနှင့် သားသိုဟန်ဘွားတို့သည် တစ်စတစ်စ အင်အားကြီးလာသောအခါ အင်းဝမြို့တော်ကို မြန်မာသက္ကရာဇ် (၈၈၈) ခုနှစ် (ဂငယ်သုံးခု အုပ်ရှစ်ထု) တွင် ချီတက်တိုက်ခိုက်အောင်မြင်ခဲ့၏။ သိုဟန်ဘွားသည် (၈၈၈) ခုနှစ်မှ (၉၀၄) ခုနှစ်ထိ ခရစ်သက္ကရာဇ် (၁၅၂၇-၁၅၄၃) အင်းဝတွင် စိုးမိုးအုပ်ချုပ်ခဲ့၏။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် မိုးညှင်းမြို့သည် တန်ခိုးမည်မျှ ကြီးထားခဲ့ကြောင်း ခန့်မှန်းနိုင်ပါသည်။

မြန်မာသက္ကရာဇ် (၁၂၄၀-၁၂၄၇) ခုနှစ်အတွင်း အထက်မြန်မာနိုင်ငံ၌ သီပေါမင်း စိုးစံလျက်ရှိစဥ် မိုးညှင်းမြို့ကို စောဘွားကြီး ဦးသိန်းအုပ်ချုပ်ခဲ့လေသည်။ ၎င်းစော်ဘွားကြီး လက်ထက်တွင် အတွင်းဝန် (၄) ပါး၊ အပြင်ဝန် (၄) ပါးခန့်လျက် အုပ်ချုပ်လေသည်။ စော်ဘွားကြီးကွယ်လွန်လေသော် ဗြိတိသျှအစိုးရ လက်ထက်တွင် ၎င်းစော်ဘွား၏ အမတ်ဦးအေး ဆက်လက်အုပ်ချုပ်သည်။ စော်ဘွားကြီး ဦးသိန်းလက်ထက်တွင် အုပ်ချုပ်ရေးကို ဆွေးနွေးတိုင်ပင်ရန် စောဘွားကြီးတွင် ခစားဝင်ရောက်ရာ၌ အဆောင်အယောင်များကို ဝတ်လဲရာတွင် အစွဲပြု၍ မိုးညှင်းမြို့တွင် ဝတ်တော်လဲချောင်ဟူ၍ ယခုတိုင်ခေါ်ဝေါ်အမည်တွင်လျှက်ရှိသည်။ အမတ်ကြီး ဦးအေး ကွယ်လွန်ပြီးနောက် တရုတ်နွယ် ဦးဖိုးလမ်းဆိုသူ ဝန်းသိုမှ လာရောက်အုပ်ချုပ်သည်ကို မကျေနပ်သဖြင့် အိမ်ခြေ (၆၀) ကျော်သည် မိုးညှင်းမှ ခွဲထက်၍ (၁၂၅၅) ခုနှစ်တွင် ဟိုပင်ကို တည်ထောင်နေထိုင်ကြသည်။ ထို့နောက် တစ်ခြားလူများလည်း ရေကြည်ရာ မြက်နုရာဆိုသလို မိုးညှင်းမှ ပြောင်းရွေ့ကြရာ (၁၂၈၅) ခုနှစ်တွင် နန်းမားကို တည်ထောင်ကြလေသည်။ မရှေးမနှောင်းတွင် တကွင်း၊ နန့်ရင်းရွာများကို တည်ထောင်ကြသည်။

မိုးညှင်၌ ဦးဖိုးလမ်းအုပ်ချုပ်စဥ◌် မြို့မ၊ မိုးဒါးစု၊ နမီးစု၊ နောင်စွန်း၊ ရွာသစ်ကုန်းရပ်ကွက်များ ဖွဲ့စည်းပေးလျှက် လမ်းများကိုလည်း ခွဲခြားသတ်မှတ်ပေးခဲ့သည်။ ဦးဖိုးလမ်းကွယ်လွန်သော် ဦးငွေ (မန်လုံ-မန်ဝီ) မှ လာရောက်အုပ်ချုပ်လေသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်ဖြစ်၍ ဖက်ဆစ်ဂျပန်များ ဝင်ရောက်ကာ မြို့နယ်စည်ပင်သာယာရေးဟူသော အဖွဲ့ငယ်တစ်ခုဖွဲ့စည်းအုပ်ချုပ်လေသည်။
မိုးညှင်းမြို့သည် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၈) ခု အနက် မြို့နယ်တစ်ခုဖြစ်ပါသည်။ ယခင်က တိုက်နယ်ဖြစ်၍ ၁၉၅၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့၌ မိုးညှင်းမြို့နယ်အဖြစ် စတင်ဖွဲ့စည်းသည်တွင် မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်လာပါသည်။ ၂၀၀၄ ခုနှစ် သြဂုတ်လ (၂) ရက်နေ့တွင် မိုးညှင်းခရိုင်အဖြစ် စတင်ဖွဲ့သည်သည်တွင် မိုးညှင်းခရိုင်ရုံးစိုက်ရာမြို့ ဖြစ်လာပါသည်။

Credit: GAD

Address


Website

Alerts

Be the first to know and let us send you an email when City of Egret ဗျိုင်းမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share