14/03/2023
ကဲ ငပလီတစ်နှစ်တခါနီးနီးသွားနေတဲ့မိသဉ္ဇာလေး ငပလီရောက်တိုင်းစားနေကျ မြန်မာထမင်းဆိုင်လေးအကြောင်း ညွှန်းချင်လို့ပါရှင်။ အလကားလည်းမစားရသလို ကိုယ်ရေးပေးမှန်း ဆိုင်ပိုင်ရှင်အန်တီတွေသိတောင်မသိနေတဲ့ Honest Review ပါနော်။ (ဥထားတာလေး ခုချပြတာနော် သွားစားကြည့်ပြီးမှကျေးဇူးတင်ကြလိမ့်မယ်)
ဦးလေးကြီး မြန်မာထမင်းဆိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~
ငပလီဆိုတာသိကြတဲ့အတိုင်းဈေးကြီးတယ်လေနော်။ ဈေးကြီးပြီး ဟိုတယ်ခ၊လေယာဉ်ခနဲ့ အစာစားဖို့ကလည်းထုံးစံအတိုင်း ဈေးကကြီးကြီးပေးနေရတာပါပဲ။ ပြီးပါတာကျ အသားနည်းတာမျိုး၊ လက်တိုတာမျိုး၊ နိုင်ငံခြားသားမှ လူထင်တာမျိုး၊ အချိုမှုန့်တွေပါတာမျိုး စသဖြင့် အမျိုးမျိုးကြုံတွေ့ပြီးနောက်မှာ မိသဉ္ဇာလေးရှာဖွေလေတွေ့ရှိလေနဲ့ တွေ့ရှိထားတဲ့ဆိုင်ကလေးကတော့ Thande Hotel ရှေ့တည့်တည့် လမ်းဘေးလေးမှာ Vinyl ဆိုင်းဘုတ်ကလေးထောင်ထားတဲ့ "ဦးလေးကြီး" ဆိုတဲ့မြန်မာထမင်းဆိုင်ပါပဲ။ ဆိုင်နံမည်အတိုင်းရိုးရိုးရှင်းရှင်း အညာသူအညာသားအန်တီကြီးနဲ့ဦးလေးကြီးတို့ မိသားစုကနေဦးစီးပြီး အဘိုးတွေလက်ထက်အစဉ်အဆက်ကိုက Kitchen ထဲက chef အစဉ်အဆက်အမွေရလက်ဆင့်ကမ်းလာတဲ့ ရခိုင်ဒေသခံ ဟင်းချက်စပါယ်ရှယ်ကျွမ်းကျင်တဲ့အန်တီကြီးကို ငှားပြီးသေသေချာချာ သပ်သပ်ရပ်ရပ်ကလေး ဖွင့်ထားတဲ့ ပကာသနမရှိတဲ့ဆိုင်ကလေးပါ။ ဈေးကလည်း ပုစွန်ဟင်းဆိုရင် ဟိုတနှစ်က မိသဉ္ဇာတို့စားတာ အကောင် နှစ်ဆယ်ကျော်လောက်အများကြီးပါတဲ့တပွဲကိုမှ ထမင်းနဲ့စားတာကို တပွဲ ၃၅၀၀ ပဲယူတာပါ။ (တယောက်ကိုငါးကောင်နှုန်းနဲ့ လေးယောက်စားတာကို ပန်းကန်ထဲမယ်ပုစွန်လေးတွေ ရှစ်ကောင်လောက်ကျန်နေလို့ အဲ့သလောက် အများကြီးပါမှန်းသိလိုက်တာပါ) အဲ့သလောက်မို့အကောင်သေးသလားဆိုတော့လည်း ထမင်းစားဇွန်းနဲ့ တင်ရင်တကောင်အပြည့်ဝင်တဲ့ဆိုဒ်တွေ။ ပြီး အရံဟင်းချတာကလည်း စေတနာပါသလားမမေးနဲ့။ ပန်းကန်အပြည့်အပြင် လူပါသမျှလောက်ငှအောင် သေချာကိုလူစေ့စားလို့ရအောင် ချပေးတာ။ လမ်းဘေးဆိုင်မို့ လက်ရာက အဲ့သလောက်မမှန်းထားတာ အမှန်ပါ။ စားပြီးပြီးချင်း သဘောတွေကျပြီး ခေါင်းမဖော်စတမ်းဆွဲကြတာပါပဲ။ သန့်ရှင်းမှုကောညံ့မယ်ထင်သလား? သပ်ရပ်တယ် ပြီးစနစ်ကျတယ် ဖြေးဖြေးမှန်မှန်ကိုမှစေတနာထား ချက်ပေးသူကချက် ထည့်ပေးသူကထည့်နဲ့ အရမ်းကိုသဘောကောင်းတဲ့ အန်တီကြီးတို့ပါနော်။ ခုဒီနှစ်လည်း သူတို့ဆိုင်ကိုမရောက်ရောက်အောင် နေပူထဲလမ်းလျှောက်ပြီး သွားစားတာမှာ တနပ်စာကို သုံးယောက်စားတယ် ၂၄,၀၀၀ ကျတယ်။ ဟင်းတွေက portion များပြီး အကုန်မကုန်နိုင်လို့ နောက်တနပ်ကျ လျော့ထည့်ပါပြောယူရတဲ့အဖြစ် (မိသဉ္ဇာနေပူထဲ လမ်းမလျှောက်တာ၊ ယောကျာ်းလေးတယောက်လောက်နီးနီးအစားကြီးတာ လူရင်းတွေသိကြပါတယ်) ဘာဟင်းတွေနဲ့စားခဲ့သလဲဆိုတော့လည်း
ရေဘဝဲသုပ်
ကင်းမွန်သုပ်
ပုစွန်ဟင်း (ဂေါ်ဖီ၊ခရမ်းချဉ်သီး၊ ဥနီလေးတွေနဲ့ရောပြီး လက်ရာကောင်းကောင်းကိုချက်ထားတာ)
ဟင်းရွက်စုံသုပ်
အောက်မှာပုံတွေပါတယ်။ ပြီးဒါတင်လားဆိုတော့မကသေးဘူးရှင် .. ငြုပ်သီးငပိဖျော် တို့စရာ၊ ချဉ်ပေါင်ဟင်းရည်တွေချပေးသေးတယ်။ အဲ့ဒါက ကိုယ်တွေကသေချာဘာစားမယ် ဘာချက်ပေးဆိုပြီး မှာလို့ချက်တာ။ မဟုတ်ရင်သူတို့ချက်ထားတဲ့ ကြက်၊ဝက်၊ပုစွန်၊ကင်းမွန်၊ ငါးသေတ္တာ၊ ငါးဟင်း စတာတွေကို ဆိုင်မယ်ရှိတဲ့ဟင်းရံတွေနဲ့ အလျှံအပါယ်ကိုပြင်ဆင်ပြီး တည်ခင်းပေးတာပါနော်။ (ထမင်းကြိုက်သလောက်ထည့်စား ဟင်းတပွဲကိုမှ ၃၅၀၀ အလွန်ဆုံးပဲ၊ ဟင်းရံလည်းပါသေးတယ်)
ကဲ နောက်တနပ်ကျဘာစားကြသလဲဆိုတော့
ကျောက်ငါးကင် (အကောင်သေးလို့ဆိုပြီး သုံးယောက်စားတာကို လေးကောင်လုပ်ထားပေးတာရှင်.. အမလေး မိသဉ္ဇာတို့ ပစ်ကြွေတာပေါ့။ စေတနာတွေက တကယ့်ကိုပါတာ သိသာတယ်)
ရေဘဝဲသုပ် (ရန်ကုန်မယ် အဲ့လောက်တပွဲ သောင်းချီပြီလေ၊ ခုတန်တုန်းစားစမ်းဆိုပြီး ထပ်စားကြတာ၊ အရသာလည်းကောင်းသကိုး)
ကန်စွန်းရွက်မှိုကြော် (seafoodနဲ့လိုက်တယ်ဆိုပြီး အန်တီကြီးက recommendပေးတဲ့ဟင်း)
ပုစွန်တန်ပူရာ
ကိုမှ တခြားဟင်းရံတွေနဲ့ ထပ်စားခဲ့တာ ခုလေးတင်ပဲပြန်ရောက်ရောက်ချင်း ကျေနပ်လွန်လွန်းလို့ ထိုင် review ရေးနေတာ။ ခုနောက်တနပ်ကျ ၂၅,၀၀၀ကျတယ်။ ကျောက်ငါးလေနော် ကျောက်ငါး။ သို့သော် သုံးယောက်ဆိုတော့ တယောက် ၈၄၀၀ ပဲကျတယ်။ ကမ်းခြေဆိုင်တွေမယ်ဝင်စားဦး။ တပွဲကို အနည်းလေး ၈၀၀၀ပဲ။ ပြီးတကယ့်နည်းနည်းလေး။ ဟိုတယ်ကမှာစားလည်း ပိုတောင်ဈေးကြီးဦးမယ်။ နံမည်ကြီးမင်းသူတို့ ဘာညာတို့စားဖူးတယ်။ portion က အဲ့ဆိုင်လောက်ကိုများမနေတာ။ အဓိက,ကလေ အဲ့ဟင်းထည့်ချိန် အန်တီကြီးရဲ့စေတနာပဲ။ သူ့လက်ဆကိုက စားလောက်ပါစေဆိုပြီး အများကြီးထည့်ထည့်ပေးတာ။ ပြန်လျော့ခိုင်းရတာသာကြည့်တော့လေ။ အဲ့သလိုဆိုင်ကိုမှ မိသဉ္ဇာ review မရေးရင် မိသဉ္ဇာမဟုတ်တော့ဘူးဆိုပြီး ဆက်ဥမထားတော့ပဲ ချပြလိုက်တာဖြစ်ပါတယ်ရှန်။
ကဲ ကဲ ကဲ ခုချိန်ဆို အားလုံးဗိုက်ဆာနေကြပြီထင်လို့ အကျင့်မကောင်းစွာနဲ့ တင်လိုက်တယ်နော်။ ပုံလေးတွေ ဖိဖိကြည့်ပြီး လေးတွေပေးသွားကြပါနော်။ အော် ပြီးတော့ ငပလီရောက်ရင် အဲ့အန်တီကြီးရဲ့ "ဦးလေးကြီး"ဆိုင်ဆီ တခါလောက်စမ်းစားကြည့်ကြပါဦးနော်။ ရေးထားသလို မဟုတ်ရင် comment မှာတင်လာပြော။ မိသဉ္ဇာအဲ့သလောက်ထိ အာမခံရဲတယ် 😁
PS. ရခိုင်မုန့်တီတွေဘာညာစားချင်လည်း သူတို့ကိုကြိုမှာပြီး ချက်ခိုင်းလို့ရတယ်နော်။ ဖုန်းနံပါတ်တော့မယူထားတော့ဘူး၊ ခုခေတ်မယ် နံပါတ်တွေ ပေါင်းစုံမို့ ကိုယ်လည်းမမှတ်နေတော့ဘူး။ နေရာနဲ့ နံမည်ပဲမှတ်တော့တယ် 😅