Thiha Thit Htoo

  • Home
  • Thiha Thit Htoo

Thiha Thit Htoo religious knowledge

ဒီစာဆုံးတာနဲ့အပါယ်လေးဘုံဆိုတာ       သင်နဲ့မဆိုင်တော့ဘူး      ***************ဗုဒ္ဓဘုရားရှင်ဟာ  ကောသလတိုင်းထဲမှာရှိတဲ့ ဝေဠ...
28/08/2023

ဒီစာဆုံးတာနဲ့အပါယ်လေးဘုံဆိုတာ
သင်နဲ့မဆိုင်တော့ဘူး
***************

ဗုဒ္ဓဘုရားရှင်ဟာ
ကောသလတိုင်းထဲမှာရှိတဲ့
ဝေဠု ဒွါရေယျ ဆိုတဲ့ ပုဏ္ဏားရွာကြီးတစ်ရွာကို
နောက်ပါရဟန်းများစွာနဲ့အတူ
ကြွလာတော်မူတယ်၊
ဘုရားရှင်ကြွလာတယ်လို့ သတင်းကြားရင်ပဲ
ရပ်ရွာခေါင်းဆောင်တွေ၊
ပုဏ္ဏားသူကြွယ်တွေအပါအဝင်
ပရိသတ်အတော်များများလာရောက်ကြတယ်။

ပုဏ္ဏားသူကြွယ်ကြီးတစ်ဦးက
သိလိုတာမေးခွင့်ပြု ဖို့
တောင်းပန်လျှေက်ထားတယ်၊
ဗုဒ္ဓဘုရားရှင်က ခွင့်ပြုတော့ သူမေးတယ်။

" အရှင်ဂေါတမ ကျွန်ုပ်တို့ဟာ
အရှင်ဂေါတမတို့လို လူ့ဘောင်ကိုစွန့်ပြီး
တရားအားမထုတ်နိုင်ကြပါဘူး၊
သားသမီး ဇနီးမယားတွေနဲ့အတူ
လူ့ဘဝမှာ အာရုံခံစားစရာတွေ
ပြည့်ပြည့်စုံစုံနဲ့ ချမ်းချမ်းသာသာ
ပျော်ပျော်ရွှင်ရွှင် ခံစားနေချင်ပါတယ်ဘုရား၊
သေပြီးရင်လဲ
ကာမဂုဏ်စည်းစိမ်ချမ်းသာတွေပြည့်ဝတဲ့
လူ့ဘဝ, နတ်ဘဝတွေမှာပြန်ဖြစ်ချင်ပါတယ်၊
နည်းလမ်းရှိရင် မိန့်ကြားပါဘုရား" လို့
လျှောက်ထားတယ်။

ဝေဠု ဒွါရေယျ က ပုဏ္ဏားကြီးဟာ
လူသားထုတစ်ရပ်လုံးရဲ့ကိုယ်စား
လျှောက်ထားလေသလားလို့တောင်
ထင်မှတ်ရတယ်၊ အားလုံးရဲ့ဆန္ဒနဲ့
ထပ်တူကျနေလို့ပါ၊ ခုခေတ်လူတွေလဲ
ပုဏ္ဏားကြီးနဲ့တစ်ဖြတ်တည်းဖြစ်မှာပါ၊
ခေတ်အဆက်ဆက်လူသားတိုင်းနီးပါး
ဒီလိုဆန္ဒသဘောထားရှိကြတာပဲမဟုတ်လား?
ရှင်တော်ဗုဒ္ဓ မိန့်ဟတော်မူလိုက်တယ်။

" သင်တို့အားလုံး
ကိုယ်ချင်းစာစိတ် ထားကြကုန်လော့ "

ကိုယ်ချင်းစာစိတ်ဆိုတာ

(၁) ကိုယ့်ကိုသတ်တာမကြိုက်ရင်
သူများကို မသတ်ကြနဲ့၊

(၂) ကိုယ့်ပစ္စည်းမတရားယူတာမကြိုက်ရင်
သူများပစ္စည်းမတရားမယူကြနဲ့၊

(၃) ကိုယ့်သားမယား
လွန်ကြူးတာမကြိုက်ရင်
သူများသားမယား မလွန်ကြူးကြနဲ့၊

(၄) ကိုယ့်ကိုလိမ်ညာတာ
မကြိုက်ရင် သူများကို မလိမ်ညာကြနဲ့၊

(၅) ဂုံးတိုက်,ရန်တိုက်စကားတွေ
ကိုယ်မကြိုက်ရင် သူများကိုမပြောကြနဲ့၊

(၆) ကြမ်းတမ်းရိုင်းစိုင်းတဲ့
အပြု, အပြော, အရေးအသားတွေ
ကိုယ်မကြိုက်ရင် သူများမလုပ်ကြနဲ့၊

(၇) အကျိုးမရှိ, အနှစ်မရှိ,
အတင်းအဖျင်းစကားတွေ
ကိုယ်မကြိုက်ရင် သူများမပြောကြနဲ့။

ဒါဆိုရင် သင်တို့ဆန္ဒ ပြည့်ဝလိမ့်မယ်။

(မဟာဝဂ္ဂသံယုတ်၊ ဝေဠု ဒွါရေယျ သုတ်)

ဗုဒ္ဓလက်ထက်တော်က
ကျောင်းဒကာကြီးတွေ၊
ကျောင်းအမကြီးတွေဟာ
သားမယား လင်ယောက်ျားတွေ
သားသမီးတွေ စည်းစိမ်ဥစ္စာတွေ
အပြည့်အစုံနဲ့နေကြတဲ့
သူဌေးသူကြွယ်ကြီးတွေ ဘုရင်ကြီးတွေပါ။
သူတို့လဲ ကာမအာရုံတွေအပြည့်အဝခံစားကြပြီး
အထက်နတ်ပြည်ရောက်သွားကြတာပဲမဟုတ်လား။

ကိုယ်ချင်းစာစိတ်ထားကြဖို့ပါ၊
ကိုယ်ချင်းစာစိတ်ဟာ သူတော်ကောင်းစိတ်ဓာတ် ၊
မြင့်မြတ်တဲ့စိတ်ဓာတ်ဖြစ်တယ်။
ဒီလိုစိတ်ရှိတဲ့သူကိုသူတော်ကောင်း၊
မြင့်မြတ်တဲ့သူလို့ခေါ်ရမှာပါ။
သူတို့ဟာမြင့်မြတ်တဲ့ဘဝရောက်ဖို့ သေချာပြီပေါ့။

ကိုယ်နေထိုင်ရာမိသားစု
အသိုင်းအဝိုင်း, ပတ်ဝန်းကျင်,
အလုပ်အကိုင်, ရပ်ကွက်, မြို့,ရွာ,
နေရာဒေသတွေမှာ စာနာစာစိတ်ရှိသူတွေနဲ့
နေထိုင်ရတယ်ဆိုရင်
ဘယ်လောက်များ
စိတ်ချမ်းသာစရာကောင်းလိုက်မလဲ
စဉ်းစားသာကြည့်လေတော့၊
လောကကြီးဟာ သာသာယာယာကြီးနေမှာပါ။

ကိုယ်ချင်းစာစိတ်ဟာ အလိုမကျ မှု
မကျေနပ်မှုနဲ့ စိတ်ဖိစီးမှုတွေကို
လျော့ချရာမှာ အလွန်ထိရောက်တဲ့
လက်နက်ကောင်းတစ်ခုပါ။
သားသမီးတွေအပေါ် အလိုမကျ ဖြစ်နေရင်
ကိုယ်ချင်းစာလိုက်ပါ၊
ငါလဲငယ်ငယ်က ဒီလိုပါပဲလို့။

တပည့်တွေကိုအားမရရင်
ငါ့တုန်းကလဲ အတူတူပါပဲလေ။
လက်အောက်ငယ်သားတွေ
အကြီးအကဲတွေ အလုပ်သမားတွေ
အလုပ်ရှင်တွေ မိတ်ဆွေတွေ
လုပ်ဖော်ကိုင်ဖက်စတဲ့
ကိုယ်နဲ့ပတ်သက်တဲ့သူတွေ အားလုံးအပေါ်
စာနာစိတ်လေးထားကြည့်လိုက်ပါလား။

အလိုမကျတာတွေ မကျေနပ်တာတွေ
လျော့ပါးသွားပြီး စိတ်တွေလဲပေါ့ပါးသွားလိမ့်မယ်၊
အားလုံးနဲ့အဆင်ပြေပြီး လောကကြီးတစ်ခုလုံး
အလှတွေဝေဆာနေပါလိမ့်မယ်။

ဆက်လက်ပြီးတော့
ပြည့်စုံရမည့်အချက်လေးချက်ကိုလည်း
မိန်ကြားတော်မူတယ်။

(၁) ဘုရားရှင်ကို ဉာဏ်နဲ့သက်ဝင်ယုံကြည်ပါ၊
(၂) တရားတော်ကို ဉာဏ်နဲ့သက်ဝင်ယုံကြည်ပါ၊
(၃) သံဃာတော်ကို ဉာဏ်နဲ့သက်ဝင်ယုံကြည်ပါ၊
(၄) ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းပါ။

ဒါဆိုရင်တော့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့ရပါပြီ

အပါယ်လေးဘုံဟာ
သင်နဲ့မဆိုင်တော့ဘူးဆိုတာပါပဲ။

(ဝေဠု ရိယျဒွာရေယျသုတ်)

ပြင်ဆင်ရေးသာမျှဝေသူ
Ashin Thu Mingala

🙏
Credit

တရားထိုင်လွန်သော် ....(အထူးသတိပြု)============================ယခုခေတ်တွင် တရားလိုက်စား အားထုတ်သူများ ပေါများလာသည်။ တရားလ...
03/08/2023

တရားထိုင်လွန်သော် ....(အထူးသတိပြု)
============================
ယခုခေတ်တွင် တရားလိုက်စား အားထုတ်သူများ ပေါများလာသည်။ တရားလိုက်စား အားမထုတ်ဖူးသေးသူဆိုလျှင် ခေတ်မမီ လူရာမ၀င်သလို ဖြစ်လာသည်။ တရားအားထုတ်သူ များသလောက် တရားဟောသူ၊ တရားပြသူလည်း များလာသည်။ သို့ရာတွင် ဟောသူ၊ ပြသူ၊ လိုက်စားအားထုတ်သူများတွင် ဘုရားရှင်၏ မဇ္စျိမပဋိပဒါ ကျင့်စဉ်ကျသူဦးရေမှာ မများလှဟုထင်သည်။

ယင်းသည်မှာ ဒါန၊ သီလမျှနှင့် ပုတီးလက်စွဲသော လွန်ခဲ့သော ခေတ်ရှိ ဟောသူ၊ လိုက်စားသူများနှင့် ပြန်၍ အကောင်းအဆိုး၊ ယဉ် မယဉ်၊ သူတော်ကောင်း မကောင်းကို ပြန်လည် နှိုင်းယှဉ်၍ ပြခြင်းဖြစ်၏။ ဒါန၊ သီလမျှနှင့်ပုတီးလက်စွဲသော ခေတ်က လူများသည် ယခု ပုတီးဖယ်ချတရားအားထုတ်သူများထက်အစစသာ တာကို မည်သူငြင်းဆိုနိုင်အံ့နည်း။

တစ်ဖန် မျက်မှောက်ခေတ် ပုတီးဖယ်ချ၍ တရားခေတ်စားချိန်ကို ကြည့်ပါဦး။ မိမိ တစ်ချိန်က မြို့ကြီးတစ်မြို့တွင် တရားဟော၊ တရားပြနေစဉ် စိတ်ကျန်းမာရေး ဆေးရုံကြီးမှ ဒေါက်တာအုန်းမောင် ရေးသားသော “ စိတ်သောက ပြဿနာများ ” စာအုပ်ကို ဒကာမကြီးတစ်ယောက် ကပ်လှူသည်နှင့် ဖတ်ရ၏။ ယင်းတွင် “ တရားထိုင်လွန်သော် ” ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်ကြည့်မိသည်။

စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ လာရောက်ကုသသော လူနာအားလုံးကို “မည်သည့်အကြောင်းကြောင့် စိတ်ရောဂါ စ၍ဖြစ်သနည်း” ဟု ကျွန်တော်တို့ မေးမြန်းရပါသည်။ လူနာခပ်များများသည် တရားထိုင်ရာမှ စ၍ဖြစ်သည်ဟု ဆိုကြသသည်။

တရားထိုင်ရင်း အကြားအမြင်များ ရလာသည် ထင်ပြီး စိတ်ပါနောက်၍ သွားကြလေသည်။ ထို့ကြောင့် တရားထိုင်လွန်ခြင်းသည် စိတ်ရောဂါကို ဖြစ်စေသည် ဟူ၍ ယေဘုယျ မှတ်ချက်ချမိသည်။

အို…………တရားပြသူ၊ တရားအားထုတ်သူ အပေါင်းတို့……………. ယင်းအချက်ကို ကွက်ကွက်ကွင်းကွင်း ရှုကြည့်ဆင်ခြင် ပါလော့။ တရားထိုင်လွန်သော်လို့ ဆိုထားသည်။ ယခုခေတ် တရားပြသူ၊ တရားအားထုတ်သူများသည် ထိုင်မှ တရားလို့ ယူဆသူများ၍ ကြာကြာထိုင်နိုင်မှ ဆရာက ကြိုက်နှစ်သက်၏။ အားထုတ်သူကလည်း ကြာကြာထိုင်နိုင်တာကို ဂုဏ်ယူပြောဆို၏။ ယင်းသည်ပင် ဘုရားရှင်ဝါဒ မဇ္စျိမပဋိပဒါ မကျတော့၍ ရူးနိုင်သည့် တစ်ချက်ဖြစ်၏။

ဘုရားရှင်က လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးဣရိယာ မျှတစွာ အားထုတ်ဖို့ ညွှန်ကြားထားပါလျက် “ ထိုင် ” တာကို ဦးစားပေး အထိုင်ခိုင်းပြီး၊ ဘုရား ရဟန္တာများမှာပင် မကုန်တဲ့ အထိုင်ကြာ၍ ကိုယ်နာကျင်ကိုက်ခဲညောင်းညာမှု “ကာယိက ဒုက္ခ” တွေကို ကုန်အောင်၊ ဆုံးအောင်၊ ချုပ်အောင် “ ထိုင် ” မှုမဖျက်စေဘဲ အားထုတ်ခိုင်းခြင်းသည် ရူးနိုင်သည်တစ်ချက်၊ ရူးဆေးကြီးတစ်ခွက်ဖြစ်၏။

အားထုတ်ခိုင်းရာတွင် ရုပ်နာမ်ပရမတ်ကို ပြောမပြဘဲ သာမာန် ပညတ်အာရုံမျှ အားထုတ်ခိုင်းနေကြပြီး ပညတ်အာရုံ အမျိုးမျိုးမြင်မှုကို ဦးစားပေး၍ စစ်ဆေးဆုံးဖြတ် ခြင်းသည် ရူးနိုင်သည်တစ်ချက်၊ ရူးဆေးကြီးတစ်ခွက်ဖြစ်၏။မိမိသည် ယင်းစာအုပ်ကို တစ်ဖန် ဆက်ဖတ်ပြန်သည်။တရားမထိုင်ရ ဟူ၍ ကျွန်တော် မဆိုပါ။ ဝိပဿနာ လိုက်စား၍ တရားထိုင်ခြင်းသည်သာ နိဗ္ဗာန်ရောက်ကြောင်းတရားဟု ကျွန်တော် ယုံကြည်ပါသည်။ တရားလည်းထိုင်သည့်အခါ ထိုင်ပါ။

သို့သော် တစ်ဖက်စွန်းသို့ ရောက်အောင် အလွန်အကျွံ တရားကျင့်ခြင်းသည် ခံနိုင်ရည် မရှိသူတို့အဖို့ တကယ်ပင် စိတ်နောက်သွားနိုင်ပါသည်။ စိတ်နောက်သွားသော လူနာများကို ခပ်များများပင် တွေ့ရပါသည်။ မိန်းမ၊ ယောက်ျား၊ ဘုန်းကြီး အားလုံးတွေ့ရ၏။

အင်း……………စာရေးသူ၏ မှတ်ချက်သည် မှန်၏။ ဘုရားရှင်က အစွန်းနှစ်ပါး ဖယ်ရှား၍ မဇ္စျိမပဋိပဒါ အလယ်လမ်းသွားရန် ညွှန်ကြား၏။ တရားပြသူအချို့နှင့် တရားအားထုတ်သူအချို့သည် ယင်းကို နားမလည် သဘောမပေါက်။ ထိုင်လျှင်ပြီးတာပဲ ယူဆသည်။ ယင်းအတိုင်းလုပ်သည်။ တစ်ဖက်စွန်းရောက်၍ စိတ်နောက် ရသည်။

ဘုရားရှင်သည် ကာယနုပဿနာ-ရုပ်ကမ္မဋ္ဌာန်း အားထုတ်ပုံ အမျိုးမျိုး၊ ဝေဒနာနုပဿနာ-ဝေဒနာကမ္မဋ္ဌာန်း အားထုတ်ပုံ အမျိုးမျိုး၊ စိတ္တာနုပဿနာ-စိတ်ကမ္မဋ္ဌာန်း အားထုတ်ပုံ အမျိုးမျိုးနှင့် ဓမ္မာနုပဿနာ ရုပ်နာမ်မိဿက ကမ္မဋ္ဌာန်း အားထုတ်ပုံ အမျိုးမျိုးတို့ကို သတ္တဝါစရိုက် အကြိုက်လိုက်၍ အမျိုးမျိုးဟောခဲ့၏။

သို့ပါလျက် ယခုခေတ် တရားပြသူအများအပြားသည် ဘုရားရှင်၏ ယင်းနည်းအမျိုးမျိုးထဲမှဘုရားရှင်၏ညွှန်ကြားချက်နှင့်လည်းတကယ်မကိုက်ညီသော အထိုင်ကြာ၍ ကိုယ်နာကျင် ကိုက်ခဲ ညောင်းညာ တောင့်တင်းမှု ကာယိက ဒုက္ခ ကို ဘုရားရှင်၏ ညွှန်ကြားချက် ဝေဒနာကမ္မဋ္ဌာန်းလို လုပ်ပြီး နာကျင်ကိုက်ခဲ ညောင်းညာတောင့်တင်းမှု ကာယိက ဒုက္ခမကုန်မဆုံးမချုပ်ငြိမ်း ဘဲအထိုင်မဖျက် ရဟု အမိန့်ပေး၍ အားထုတ်ခိုင်းနေကြခြင်းသည် ရူးနိုင်သည်တစ်ချကရူးဆေးကြီး တစ်ခွက် ဖြစ်တော့၏။

တစ်ဖန် အထိုင်ကြာ၍ ကိုယ်နာကျင်ကိုက်ခဲ ညောင်းညာတောင့်တင်းမှု ကာယိကဒုက္ခကို အောင့်အည်းခံနိုင်သူအချို့မှာကျင့်သားရ၍၎င်းတို့မဖြစ်တော့သော အခါ ဝေဒနာကုန်ပြီ၊ ဆုံးပြီ၊ ချုပ်ပြီ၊ ငြိမ်းပြီ ဟု တရားရကြောင်း သတ်မှတ်ချက်ဒီဂရီ ပေးလိုက်ခြင်းသည် ရူးနိုင်သည်တစ်ချက်၊ ရူးဆေးကြီးတစ်ခွက်ပင်ဖြစ်၏။ တရားအားထုတ်သူသည် တရား ရ မရ ကိုယ်တိုင်သိရမည် ဖြစ်၏။ ဆရာကပြောမှ သိရမှုသည် မမှန်ကန်နိုင်။ မိမိ၏အမူအကျင့်၊ ကိလေသာအနည်းအများ၊ စိတ်နေစိတ်ထားဟာ တရားအားမထုတ်ခင်ကနဲ့ ယခုအားထုတ်ပြီးမှ ဘယ်လိုထူးခြားလဲဆိုတာ ချိန်ထိုးကြည့်လျှင် သိနိုင်သည်။

မိမိသည် ကိုယ်တိုင်တရားအားထုတ်ဆဲဖြစ်၍ သူတစ်ပါးတို့အားလည်း တရားပြလာသည်မှာ ဆယ်နှစ် ရှိခဲ့ပြီ။ ဓာတ်ကြီးလေးပါးကို အားထုတ်၍ ၎င်းကိုပဲပြသည်။ ယောဂီများကို ကြာကြာမထိုင်ခိုင်း။ ထိုင်နိုင်သလောက် ထိုင်ခိုင်းသည်။ ထိုင်ဆဲမှာ ပြောင်းနိုင်ခွင့်ပေးသည်။ ဣိရိယာပုတ် လေးပါး တစ်ပါးညောင်း တစ်ပါးပြောင်း အားထုတ်ခိုင်းသည်။ အထိုင်ကြာ၍ နာကျင်ကိုက်ခဲ တောင့်တင်းညောင်းညာမှု ကာယိကဒုက္ခကို မရှုခိုင်း။ ယင်းသို့ဖြင့် မိမိရော ယောဂီများပါ နာကျင်ကိုက်ခဲ တောင့်တင်းညောင်းညာမှု ကာယိကဒုက္ခနှင့် မတွေ့ရဘဲ တရားတိုးတက်၏။ ဘုရားရှင်၏ သတိပဋ္ဌာန်နိဒါန်းနှင့် ညီညွတ်လှ၏။

ဘုရားရှင်က မဟာသတိပဋ္ဌာန်သုတ်နိဒါန်းတွင်……………. ရဟန်းတို့……..နှစ်ကြောင်းနှစ်မြွာ မကွဲလာ၍ ဧကာပထ အမည်ရှိသော ဤလောကုတ္တရာမဂ်၏ ရှေ့အဖို့၌ဖြစ်သော မဂ္ဂင်ခေါ်ငြား ဝိပဿနာတရားသည် သတ္တဝါတို့၏-

၁။ ရာဂ အစရှိသော အညစ်ကြေး ဝိသမလောဘ၊ အဘိဇ္စျာ အရှိကုန်သော အညစ်အကြေးတို့မှ စင်ကြယ်မည်။

၂။ စိုးရိမ်ပူဆွေး၊ ငိုကြွေးမြည်တမ်းခြင်းတို့ကို လွန်မြောက်မည်။

၃။ ကိုယ်ဆင်းရဲမှု ကာယိကဒုက္ခနှင့် စိတ်ဆင်းရဲမှု စေတသိကဒုက္ခတို့ ချုပ်ငြိမ်းမည်။

၄။ မြတ်သော ဖြူစင်သော ကိလေသာ အညစ်အကြေးမှ ကင်းသော အရိယမဂ်ကို ရမည်။

၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်။

(မဟာသတိပဋ္ဌာနသုတ်၊ သုတ်မဟာဝါ)ဟုအကျိုးတရားများကို ပြ၍ အာမခံနှင့် ဟောထားခဲ့ပါ၏။မှန်ကန်စွာ အားထုတ်ကြ၍ ရှေးကပုဂ္ဂိုလ်များ ၎င်းအကျိုးများ ရသွားကြ၏။ ယခုလည်း အချို့ရဆဲ၊ နောင်လည်း အချို့ရလိမ့်ဦးမည်။ ယခုမူ စိတ်နောက်သွားနိုင်သည်ဟု ဆိုလာသည်။ ဘုရားရှင်၏ ညွှန်ကြားချက်နှင့် နည်းမကျ၍ ဟူ၍ မှတ်ပါ။

သို့ပါ၍ တရားအားထုတ်လိုသူသည် ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိ တဗ္ဗာ ဟူသော ဘုရားရှင်၏ ညွှန်ကြားချက်ကို ဦးထိပ်ရွက်လျက် ဆရာကောင်းကိုရှာ၍ နည်းခံအားထုတ်သဖြင့် အကျိုးထူးခံစားရပါစေသော်။ ဗုဒ္ဓတရား နည်းမှန်များ ညွှန်ကြားသူနှင့် တွေ့စေသော်။
( ဓမ္မဒူတ အရှင်ပညာဇောတ)
c/o
🆙TT. ကူးယူဖေါ်ပြပါသည်။

ဖူးရခဲတဲ့ ရွှေတိဂုံမြေအောက်ဋ္ဌာပနာရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော်၍ သဒ္ဒါတရားတိုးပွားနိုင်ပါစေကြောင်း တင်ပြအ...
13/11/2022

ဖူးရခဲတဲ့ ရွှေတိဂုံမြေအောက်ဋ္ဌာပနာ


ရွှေတိဂုံစေတီရဲ့ မြေအောက်ဋ္ဌာပနာကို ဖူးမြော်၍ သဒ္ဒါတရားတိုးပွားနိုင်ပါစေကြောင်း တင်ပြအပ်ပါသည်

(၁) ဋ္ဌာပနာတော်တိုက်အတွင်းပိုင်း ၆၆ပေအမြင့်ရှိပီးခမ်းနားထည်ဝါစွာတည်ဆောက်ထားခြင်း။

(၂) ၁၀ပေ ပတ်လည်ရေတွင်းနှင့် ပြဿဒ်၅ခုပါ ကရဝိတ်ဖောင်းတော်

(၃) ကကုသန်မြတ်စွာဘုရားတောင်ဝှေးတော် ကောဏဂုံမြတ်စွာဘုရာရဲ့ဓမ္မကရိုက်ရေစစ်တော် ကဿပမြတ်စွာဘုရားရဲ့ရေသနုပ် သင်္ကန်း တော် ဂေါတမမြတ်စွာဘုရား ရဲ့ဆံတော်၈ဆူ ဒါကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံ ဆိုကြသည်။

(၄) ဋ္ဌာပနာတော်တိုက်မှာပင်မအလယ်တိုင်မပါ သံရက်မမရှိပဲကျောက်တုံးကျောက်ခဲများဖြင့်ခန်းနားစွာတည်ဆောက်ထားခြင်း။

(၅)
ဖောင်တော်မှာအလျား၆ပေခွဲခန့်အတိုင်းတာရှိ ရွှေအစစ်ချထားခြင်း။

(၆) ဋ္ဌာပနာတော်တိုက် မုဉ်ဦးအတွင်းပိုင်း
ဥက္ကလာမင်းရုပ်ထုနှင့်စလွယ်တော် တဖုဿ ဘလ္လိကညီနောင် သာသနာတော်စောင့်နတ်မင်းကြီးလေးပါးနှင့်နတ်ဒေဝါများပူဇော်နေဟန် ရွှေရုပ်ထုများထုလုပ်ထားခြင်း။

(၇) ၁၈၂၀ ဝန်ကျင်ခန့်က လူစွမ်းကောင်း မောင်ကံသည်ဆံတော်တွင်းမှမြတ်ဗုဒ္ဓဆံတော်အစစ်ကို တရုတ်ပြည်ကောက်ကွန်ဥတည်မက်းထံသို့ပင့်ရန် ဆံတော်အတွင်းသို့ဝင်ရာတွင်ရင်ဘတ်ထိတိုင် ကျောက်ရုပ်ဖြစ်သွားခဲ့သည်။

(၈) ၁၈၂၄ခုနှစ်တွင်းအဂ်လိပ်စစ်တပ်များဋ္ဌာပနာတိုက်ဖောက်၍အဖိုးတန်ရတနာများယူကြသည် ဆံတော်တွင်းဋ္ဌာပနာတိုက်အားအကြိမ်၂ဖောက်ခဲ့သောလဲ ကျောက်နံရံကြီးများမဖောက်နိုင်၍လက်လျှော့ခဲ့ရသည်။

(၉) ၁၉၀၄ခုနှစ် အာမေနီယားလူမျိုး မစ္စတာအပရမေ အသက်၇နှစ်အရွယ် ဆံတော်ကိန်ဝပ်ရ်ာသို့ဆင်းသပ်ကြည့်ဖူးသည် ရသေ့ကြီးများဘုရားဖူးလာရောက်ချိန်တွင် အမှတ်မထင်ဝင်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

(၁၀) မစ္စတာအပပြော်ပြချက်အရ ရှေ့မြန်မာများလည်း ၁၉၇၁ခုနှစ်ကစူးစမ်းသုသေသနပြုလုပ်ခဲ့ကြပီး ကျောက်နံရံကြီး ကာထားသည့်နေရာထိရောက်အောင်သွားနိုင်ခဲ့ကြသောလည်း အတွင်းသို့ဝငိရောက်နိုင်မည့်လမ်းမတွေ့ရှိခဲ့ကြပါ။

(၁၁) ပညာရှင်များ ကျောင်းသားလူငယ်များပါအားတက်သရောသုသေသနပြုပါဝင်ခဲ့ကြသောလဲ မတည်မငြိမ်နှောင်းပိုင်းခေတ်များတွင် မသမာသူများနှောက်ယှက်နိုင်ခြင်းမရှိရန် ရည်ရွယ်ကာဆုတောင်းပြည့်စေတီလိူင်းဝကိုသံတံခါးပိတ်သော့ခတ်ထားလိုက်ကြသည်။

(၁၂) ၁၉၇၁ခေတ်အလွန်နှောင်းပိုင်း နှစ်ပေါင်း၅၀ကျော်ကြာခဲ့သည်ဖြစ်ရာ ဌာပနာတော်တိုက်အကြောင်း ဆက်လက်သုသေသနပြုနိုင်ခြင်းမရှိတော့ပေ။

💐အတိတ်ဘဝကပြုခဲ့ကြတဲ့အကုသိုလ်တွေဟာအချိန်တန်ရင်အကျိုးဖြစ်ကြရပါတယ်။      အတိတ်ကိုမပြင်ဆင်နိုင်ပေမဲ့ နောင်ဖြစ်လာမဲ့ဘဝတွေအတွက...
31/10/2022

💐အတိတ်ဘဝကပြုခဲ့ကြတဲ့အကုသိုလ်တွေဟာအချိန်တန်ရင်အကျိုးဖြစ်ကြရပါတယ်။
အတိတ်ကိုမပြင်ဆင်နိုင်ပေမဲ့ နောင်ဖြစ်လာမဲ့ဘဝတွေအတွက် အခုကစပြင်ဆင်ခွင့်ရှိပါသေးတယ်။
နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝကိုအကုသိုလ်ကင်းအောင်၊ကုသိုလ်ဖြစ်အောင် သတိတရားမပြတ်‌ကြိုးစားကြပါစို့။💐

🙏မျက်ရည်ကျအောင် ကောင်းတဲ့ တရား🙏@@@@@@@@@@@@@@Copy & Credit ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဥ်အခါကသာဝတ္ထိမြို့အနာထပိဏ...
02/08/2022

🙏မျက်ရည်ကျအောင် ကောင်းတဲ့ တရား🙏
@@@@@@@@@@@@@@
Copy & Credit

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဥ်အခါက

သာဝတ္ထိမြို့အနာထပိဏ် သူဌေးကြီးဟာ တစ်နေ့ ဘုရားကျောင်းကို အနည်းဆုံးတစ်ခေါက်ရောက်အောင်သွားတယ်။

သွားတဲ့ချိန်တိုင်းလည်း ယာဂု ဖယောင်းတိုင် ပန်း စတုမဓု သကာရည် ပျားရည် စတဲ့ သုံးဆောင်ကောင်းတာများကို ယူဆောင်သွားလေ့ရှိတယ်။

နေ့တိုင်း သံဃာ ၅၀၀ကို အိမ်မှာ ဆွမ်းကျွေးတယ်။ ဘုရားကလည်း တွေ့တိုင်း တရားဟောတဲ့အခါ အခုလုပ်နေတဲ့ ဒါနတွေဟာ ငါဘုရားလုပ်ခဲ့ရတယ်။ ဒကာကြီးက ဘုရားလမ်းစဉ်အတိုင်းလုပ်နေတာပဲ။ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလန်တို့ကလည်း ဒါန လုပ်နေတာ ကျေးဇူးများကြောင်း ဟောကြတယ်။

နှစ်ပေါင်း ၃၈ နှစ်ကြာလာတော့ သူဌေးကြီး နာမကျန်းဖြစ်လာတယ်။ သူ့စိတ်မှာလည်း ဒီ ဝေဒနာက မကျော်နိုင်တော့ဘူးဆိုပြီး အခိုင်းအစေတစ်ယောက်ခေါ်ပြီး ဘုရားထံစေလွှတ်ပါတယ်။

ဘုရားကိုလျှောက်ပြီး ရှင်သာရိပုတ္တရာထံ၀င်ပြီး အိမ်လည်းကြွပေးဖို့ ပင့်လျှောက်ခိုင်း၏။
ရှင်သာရိပုတ္တရာကလည်း ရှင်အာနန္ဒာကိုခေါ်ပြီး သူဌေးကြီး အိမ်ကြွလေသည်။

“ဒကာကြီး ဘယ့်နှယ်နေသတုန်း”

“ဝေဒနာဟာ ရှေ့သာ တိုးပါတယ် နောက်ဆုတ်တယ်မရှိပါဘူး။ ခေါင်းကိုက်တာလည်း လွန်လို့ ၀မ်းထဲပူလိုက်တာရော”အကဲခတ်ကြည့်တော့ ဒီ ဝေဒနာဟာ သေမဲ့ဝေဒနာ သိလိုက်တာနဲ့ အားပေး စကားမပြောတော့ပါ။

ကျုပ် တရားဟောမယ် နားထောင်ပါ။

ဒကာကြီး မြင်စိတ်ကို မစွဲလို့ရှိရင် မြင်စိတ်ကြောင့် နောက်ခန္ဓာ မလာဘူး။ မြင်စိတ်နဲ့ တွဲမည့် ခန္ဓာမလာဘူး။

ကြားစိတ်ကို မစွဲလို့ရှိရင် ကြားစိတ်နဲ့တကွဖြစ်မည့် ခန္ခာမလာဘူး။

နံစိတ်ကိုမစွဲရင် နံစိတ်နဲ့တွဲဖြစ်မဲ့ ခန္ဓာမလာဘူး။

လျှာပေါ်ကပေါ်တဲ့ စိတ်ကလေး စားစိတ်ကို မစွဲရင် စားစိတ်နဲ့ ပတ်သက်တဲ့ နောက်ခန္ဓာမလာတော့ဘူး။

ယားစိတ် ကောင်းစိတ် မကောင်းစိတ်တွေကို မစွဲရင် သူနဲ့ပတ်သက်တာတွေ မလာတော့ဘူး။

မနောစိတ်တွေကို ဘယ်စိတ်မဆို မစွဲရင် မနောစိတ် ဆိုတာ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ ဒါတွေကိုမစွဲရင် မနော ဝိညာဏ်တွေနဲ့ ပတ်သက်တဲ့ခန္ဓာ မလာတော့ဘူး။

မစွဲနဲ့ဆိုတာက ဒကာ ဒကာမတွေ နားမလည်မှာဆိုးလို့ ဒီတိုင်းနေဖို့မဟုတ်ဘူး ဖြစ်ပျက်ကို ရှုပြစ်ရမှာ။

ဘယ်လိုရှုမလဲ အနိစ္စလို့ရှု မြင်စိတ်ကို အနိစ္စရှုတော့ တဏှာ ဥပါဒါန် စွဲလန်းတာ မလာတော့ဘူး။ မြင်လိုက်တာနဲ့ စွဲစွဲလန်းလန်း ကြည့်တော့တာပဲ။ မမြင်ရင် မြင်တဲ့နေရာ ရှာကြည့်တယ်။ ဒါတဏှာ ဥပါဒါန် ကံလိုက်နေတာ။ တဏှာ ဥပါဒါန် ကံလိုက်နေတော့ ဇာတိ ဇရာ မရဏ လွတ်ပါ့မလား။ မြင်ရင် လိုချင်မယ် စွဲလန်းမယ်။

မြင်လျက်မတ္တနဲ့ မြင်မြင်ချင်း အပါယ်ရောက်မဲ့ ကံတွေ ကြိုးစားမိပါလိမ့်မယ်။ ဒါစွဲလန်းလို့ပဲ ကာယကံနဲ့ ၀စီကံနဲ့ အားထုတ်နေတယ် ကမ္မဘ၀။ မြင်တာနဲ့ ဖြစ်ပျက်ရှုလိုက်နိုင်ရင် မြင်တဲ့နောက်မှာ တဏှာမလိုက်တော့ဘူး။ ဥပါဒါန်မလိုက်​​တော့ဘူး။ ဉာဏ်လိုက်လာတာ။

ဒီဉာဏ်က ဝိပဿနာဉာဏ်။
၀ိပဿနာဉာဏ်က ကံဖြတ်ချလိုက်တာပဲ။ တဏှာ ဥပါဒါန်တွေ ပေါ်ခွင့်မရတော့ အကျိုးပေးလည်း ရပ်သွားတယ်။ ကမ္မ ဝိပါကဆိုတဲ့ ဝိပါက်အကျိုးတွေ လာခွင့်မရတော့ဘူး။

ကံမပြတ်ရင် ဘုရား တောင်မဖြစ်ဘူး။ ဝေသန္တရာမင်း လှူဒါန်းမှုတွေက အများကြီးပဲ၊ ကံမပြတ်တော့ အရိယာ မဖြစ်နိုင်ဘူး။
ဒီကံက နတ်ပြည်အကျိုးပေးလည်း ဇာတိ ဇရာ မရဏ၊ ဗြဟ္မာပြည် အကျိုးပေးလည်း ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာချည်းပဲ။

ဒုက္ခကနေ နောက်ဒုက္ခရတာ ရှုံးလား မြတ်လား။ စက္ခုဝိညာဏ်ကို မစွဲရင် မှီနေတဲ့ ပဋိသန္ဓေစိတ် မလာတော့ဘူး။ ငါ့ကိုယ် ငါ့ဟာထင်နေရင် ဒိဌိကလာမှာပဲ။ သတ္တဝါတစ်ယောက်မှာ အပြစ်အကြီးဆုံးသင့်တာဟာ ဒီဘ၀စုတေပြီး နောက်ဘ၀ရတာ အပြစ်ကြီးဆုံးပဲ။

သူဌေးကြီး မျက်ရည်ကျနေပြီဆိုတာ ရှင်အာနန္ဒာ မြင်တော့ အကဲခတ်ပြီး ဒကာကြီးမှာ ချမ်းသာတဲ့ပစ္စည်းတွေ သားသမီးတွေကို စွန့်ရမှာ ကြောက်လို့ မျက်ရည်ကျတာလား မေးတော့ “အရှင်ဘုရား ဒီလိုမပြောပါနဲ့ ဒါတွေမစွဲပါဘူး၊ အကဲခတ်မလွဲပါနဲ့၊ ခု မျက်ရည် ကျတာက ဘုရားနဲ့ရော အရှင်ဘုရားတို့နဲ့ရော နှစ်ပေါင်းများစွာ နေခဲ့ရတယ်၊ ဘယ်ဟာမှ မစွဲနဲ့ဆိုတဲ့တရား မနာဖူးခဲ့ဘူး။ ခုမှနာရတော့ ရဟန္တာဖြစ်မဲ့တရားဆိုတာ သိလိုက်ရလို့ မွန်မြတ်တဲ့ တရား မနာခဲ့ရတာကို ၀မ်းနည်း လွန်းလို့ ငိုတာပါဘုရား”
ဒီတရားဟာ မဟောချင်လို့မဟုတ်ဘူး ဒကာကြီး လူတွေမှာက သားစွဲ သမီးစွဲ ပစ္စည်းစွဲတွေက ရှိတော့ တရားက နက်နဲပေနဲ့ သူတို့ကအမိုက်ထူနေရင် မထောင်နိုင်တဲ့နားရှိနေလိမ့်မယ်။ ဒါကြောင့် အချိန်ခါသင့်မှ ဟောကြား ရပါတယ် ဒကာကြီး။

(ပါမောက္ခချုပ်ဆရာတော်ကြီး တရားမှ)
🙏🙏🙏

ရှင်းသွားတာလေး ကောင်းလိုက်တာ၊ ကိုယ်တိုင်က သိပေမဲ့ အခုလို မရှင်းတတ်ဘူး ..။Copy  #      ◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►       “...
01/08/2022

ရှင်းသွားတာလေး ကောင်းလိုက်တာ၊ ကိုယ်တိုင်က သိပေမဲ့ အခုလို မရှင်းတတ်ဘူး ..။
Copy #

◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►
“စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ်”
◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►◄►

လူသေသွားရင် ဝိညဉ်လိပ်ပြာ အတ္တကောင်ဟာ တစ်ဘဝကနေ တစ်ဘဝကို မပျက်မစီးပဲ ပြောင်းရွေ့ကျင်လည်နေတယ်လို့ ယူဆရင် (သဿတ ဒိဋ္ဌိ) ဖြစ်ပါတယ်။ သေရင် ဘာမှ မရှိတော့ဘူး၊ ပြတ်စဲသွားတယ်လို့ ယူဆရင် (ဥစ္ဆေဒ ဒိဋ္ဌိ)ဖြစ်ပါတယ်။

ဥပမာ...လူတယောက်ဟာ ဘုရားတည် ကျောင်းဆောက်စတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်တယ်။ ဒီကောင်းမှုတွေကြောင့် ငါသေရင် ငါပဲ အကျိုးခံစားရမှာပဲလို့ ယူဆရင် (သဿတ ဒိဋ္ဌိ) ဖြစ်ပါတယ်။ ဘာကြောင့် (သဿတ ဒိဋ္ဌိ) ဖြစ်ရတာလဲဆိုရင်.. ကောင်းမှုပြုတာကတစ်ယောက်၊ အကျိုးခံစားရတာက တစ်ယောက် ဖြစ်နေလို့ပါပဲ။

ဒါဖြင့်... ကုသိုလ်ရဲ့အကျိုးကို ငါကိုယ်တိုင် မခံစားရဘဲ တစ်ခြားတစ်ယောက်က ခံစားမယ် ဆိုမှတော့ ငါ ကုသိုလ်မပြုတော့ဘူးကွာ၊ မကောင်းမှုတွေပဲ လုပ်တော့မယ်၊ ငါလုပ်တဲ့ မကောင်းမှုကို တစ်ခြားတစ်ယောက်က ခံစားရမှာပဲလို့ ယူဆပြန်ရင်လည်း ( ဥစ္ဆေဒ ဒိဋ္ဌိ ) ဖြစ်သွားပြန်တယ်။

ဘာကြောင့်လဲဆိုတော့... ကိုယ်လုပ်တဲ့ အပြစ်တွေကို ကိုယ်ကိုယ်တိုင်ပဲ ပြန်ပေးဆပ်ရမှာပဲ၊ ပြန်ခံစားရမှာပဲ။

ဒီတော့... နောက်ဘဝလည်း ငါကိုယ်တိုင်ပဲလို့ ယူဆရင်လည်း (သဿတ ဒိဋ္ဌိ) ၊ တစ်ခြားတစ်ယောက်လို့ ယူဆပြန်ရင်လည်း (ဥစ္ဆေဒ ဒိဋ္ဌိ ) ဆိုတော့ ဒီအစွန်းနှစ်ပါးကနေ လွတ်အောင် ဘယ်လို ဖြေရှင်းမလဲဆိုရင်...

ဦးဘဆိုတဲ့ လူတယောက်ဟာ မသေခင် ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုခဲ့ရလို့ သေတဲ့အခါ နတ်ဖြစ်ရတယ် ဆိုပါစို့..။

ဒီဘဝက ဦးဘရဲ့ ခန္ဓာကိုယ်ကြီးကလည်း ဒီဘဝမှာတင် ပုပ်သွားတယ်။ စိတ်ကလည်း ဒီဘဝမှာတင် ချုပ်သွားတယ်။ ဒီဘဝ ရုပ်နာမ် ဒီဘဝမှာတင် ချုပ်တယ်။ နောက်ဘဝကို မပါသွားပါဘူး။ နာမ်က ဝိညဉ်အဖြစ်နဲ့ နောက်ဘဝအထိ ပါသွားတယ်ဆိုရင်.. ဒီဘဝက ဦးဘရဲ့စိတ်နဲ့ နတ်ဘဝက နတ်ရဲ့စိတ် တူညီရမှာပေါ့။ အခုတော့ နတ်ဘဝမှာ နတ်ရဲ့စိတ်က တစ်ခု၊ ဦးဘရဲ့စိတ်က စိတ်တစ်ခုလေ။

အဲ့ဒီ ဦးဘက ကုသိုလ်ကောင်းမှုတွေ မပြုဘဲ မကောင်းမှု ဒုစရိုက်တွေပဲ ပြုသွားလို့ သေတဲ့အခါ ခွေးဖြစ်ရတယ် ဆိုပါစို့..။

ဒီဘဝက ဦးဘရဲ့စိတ်က လူ့စိတ်လေ။ ခွေးဘဝက.. ခွေးစိတ်က သပ်သပ်လေ။ မတူဘူးနော်။ စိတ်ဝိဉာဏ်က နောက်ဘဝထိအောင် လိုက်သွားတယ်ဆိုရင် ခွေးက ဘယ်မစင်စားပါ့မလဲ..။

ဒါကြောင့်.. ဒီဘဝ ရုပ်နာမ်က ဒီဘဝမှာပဲ ချုပ်ပြီးတော့ နောက်တစ်ဘဝမှာ ရုပ်နာမ်အသစ် ပြန်ဖြစ်ပါတယ်။ သေပြီးရင် အိမ်မှာ လိပ်ပြာဝိညာဉ်အဖြစ်နဲ့ (၇)ရက်နေတယ်ဆိုတာ မဟုတ်ပါဘူး။

စုတိစိတ်လို့ခေါ်တဲ့ သေတဲ့စိတ်နဲ့ ပဋိသန္ဓေဝိဉာဏ်စိတ်လို့ခေါ်တဲ့ တစ်ဖန်ဘဝသစ် ပြန်စတဲ့စိတ်က တစ်ဆက်တည်း ဖြစ်ပါတယ်။ စုတိနဲ့ ပဋိသန္ဓေကြားမှာ အခြားမရှိပါဘူး။

အနန္တရပစ္စည်းနဲ့ ကျေးဇူးပြုပါတယ်။ ဆိုလိုတာက သေတဲ့အခါမှာ ကုသိုလ်ကောင်းမှု အားကောင်းရင် နတ်ဘဝ လူ့ဘ၀ ကောင်းတဲ့ဘဝ တခုခုမှာ အမိဝမ်းတွင်းမှာပဋိသန္ဓေဝိဉာဏ်စိတ် ဖြစ်ရပါတယ်။ အကုသိုလ်အားများရင်တော့ ခွေး ဝက် အစရှိတဲ့ အပါယ်ကိုယ်ကောင် တခုခုမှာ ဝင်စားရပါတယ်။ ကြားခံဘဝ တစ်ခုဆိုတာ မရှိပါဘူး။

အိမ်မှာ ခြောက်လှန့်ကြတယ် ဆိုတာကတော့ အကုသိုလ် အားကြီးလို့ပဲဖြစ်ဖြစ်.. သေခါနီး အကုသိုလ်စိတ်ဖြစ်ပြီး သေရလို့ပဲဖြစ်ဖြစ်.. အစွဲနဲ့ သေရလို့ သား သမီး မိဘ ဇနီး ခင်ပွန်းတွေ အပေါ်မှာ စိတ်မချနိုင်ဘဲ ပြိတ္တာဘဝ ဖြစ်ရတာပါ။

ကံအားလျော်စွာ.. ပြိတ္တာ ဘဝမှာ (၇)ရက် ကြာချင်ကြာမယ်။ တစ်နှစ် ကြာချင် ကြာမယ်။ ကျွတ်ချိန်တန်ရင် ကျွတ်လိမ့်မယ်။

ဒီဘဝက သေရင် တစ်ခြားတစ်ယောက် ထပ်ဖြစ်တယ်ဆိုတော့.. အဲ့ဒီ ထပ်ဖြစ်တဲ့ တစ်ယောက်ကရော ဘယ်က လာတာလဲဆိုရင်.. ဒီဘဝ ရုပ်နာမ်ကပဲ လာတာပါ။ သရက်စေ့ ဘယ်ကလာ.. သရက်ပင်ကလာ။ သရက်ပင်ကကော ဘယ်က ဖြစ်တာလဲဆိုရင် သရက်စေ့က ဖြစ်တာပါပဲ။

ဆီမီး ကူးညှိလိုက်သလိုပေါ့။ ကူးညှိလိုက်တဲ့ဆီမီးက သပ်သပ်၊ အရင် ရှိနေတဲ့ ဆီမီးက သပ်သပ်။ ဒါဖြင့်.. နောက်ဆီမီး ဘယ်က လာတာလဲ.. အရင်ဆီမီးက လာတာပါ။ အတူတူလား ဆိုတော့ သပ်သပ်စီပါ။

တံဆိပ်တုံးရိုက်တဲ့အခါ တံဆိပ်ရာက သပ်သပ်၊ တံဆိပ်တုံးက သပ်သပ်။ တံဆိတ်ရာ ဘယ်က လာတာလဲဆိုရင်.. တံဆိပ်တုံးက လာတာ။ လူသေရင်လည်း ထပ်ဖြစ်တဲ့ သတ္တဝါက.. အရင်ဘဝက သတ္တဝါပဲလား ဆိုရင် မဟုတ်ဘူး။ သပ်သပ်စီ..။

ဒါဖြင့်.. ထပ်ဖြစ်တဲ့ သတ္တဝါ ဘယ်က လာတာလဲဆိုတော့ .. အရင်ဘဝက ရုပ်နာမ် အစဉ်က လာတာ။ အရင်ဘဝနဲ့ ဒီဘ၀.. တစ်ယောက်ထဲလား ဆိုတော့ မဟုတ်ဘူး.. သပ်သပ်စီ..။ လူသေတဲ့အခါ.. ဒီဘဝ ရုပ်နာမ် ဒီဘဝမှာတင် ချုပ်ပြီးတော့ ကံသတ္တိ အဟုန်က လိုက်နေတာ။ ဘယ်ကံတွေလဲဆိုတော့.. အရင့်အရင် ဘဝတွေက ပြုခဲ့တဲ့ ကောင်းမှုကံ၊ မကောင်းမှုကံတွေ..။

ဒါကြောင့်.. ကုသိုလ်ကံ၊ အကုသိုလ်ကံ ချုပ်ငြိမ်းပြီးဖြစ်တဲ့ ဘုရား ရဟန္တာတွေမှာ ကြိယာ ဗျာကတ စိတ်ပဲရှိတယ်။ ဘဝသစ် ရုပ်နာမ် တစ်ဖန် ပြန်မဖြစ်တော့ဘူး။ သာမန် သတ္တဝါတွေမှာတော့.. သေတဲ့အခါ ရုပ်နာမ် တစ်ဖန် ပြန်ဖြစ်ရပါတယ်။ လိပ်ပြာကောင်၊ အတ္တကောင်လို့ မရှိပါဘူး။ သင်္ချိုင်းကနေ အိမ်ကို လိပ်ပြာခေါ်တယ် ဆိုတာ မှားယွင်းတဲ့ (သဿတ ဒိဋ္ဌိ) ဖြစ်ပါတယ်။


{{သစ္စာ လေးပါး}}

"သီလမလုံတဲ့ဘုန်းကြီး မလှူချင်ဆိုသူများအတွက်" မြတ်စွာဘုရား အလောင်းတော်ဝေဿန္တရာမင်း  လက်ထက်တုန်းက- ဇူဇကာပုဏ္ဏားကြီးကို  သာ...
19/07/2022

"သီလမလုံတဲ့ဘုန်းကြီး မလှူချင်ဆိုသူများအတွက်"

မြတ်စွာဘုရား
အလောင်းတော်ဝေဿန္တရာမင်း
လက်ထက်တုန်းက-

ဇူဇကာပုဏ္ဏားကြီးကို
သားတော်နဲ့ သမီးတော်တွေ
လှူလိုက်တုန်းက
ဇူဇကာပုဏ္ဏားဟာ
ဘယ် သီလရှိတဲ့ပုဂ္ဂိုလ် ဟုတ်မှာလဲ။
မိန်းမကြောက်လို့ ကလေးတွေကို
အဝေးကြီးက လာပြီးတော့
တောင်းတာ၊ သီလ လုံးဝမရှိဘူး။

အဲဒီ သီလမရှိတဲ့ ပုဏ္ဏားကို
မြတ်စွာဘုရားလောင်းက
သားတော် သမီးတော်တွေကို
ရက်ရက်ရောရော လှူလိုက်တယ်။

အဲဒီအလွူဒါနဟာ
ဇူဇကာဆိုတဲ့ အလှူခံပုဂ္ဂိုလ်ကြောင့်
အကျိုးကြီးတာ မဟုတ်ဘူး။

ဝေဿန္တရာမင်းဆိုတဲ့
ကိုယ်ကျင့်တရားကောင်းတဲ့
ဘုရားလောင်းဘက်က
အကျိုးကျေးဇူးဟာ အများကြီးရတာ။

အများကြီးရရုံတင် မဟုတ်ဘူး၊
သူ့ရဲ့စေတနာစွမ်းအားကြောင့်
သားသမီးတွေကို လှူလိုက်တဲ့အခါ
မြေငလျင်တောင် တုန်ဟီးသွားတယ်လို့
ပြောတယ်။

လှူတဲ့ အခါမှာ
အလှူခံပုဂ္ဂိုလ်က ပိုပြီးတော့
အရေးကြီးသလား၊
အလှူဒါယကာက ပိုပြီးတော့
အရေးကြီးသလားဆိုတော့
နှစ်ဖက်စလုံး အရေးကြီးတယ်လို့တော့
ပြောရမယ်။

သို့သော် တကယ် ပြင်ရဆင်ရမှာက
လှူတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့
ပြင်ရဆင်ရမယ်။

အလှူခံပုဂ္ဂိုလ်ဆိုတာ
ကိုယ်သိနိုင်တာ မဟုတ်ဘူး။
ကိုယ်ကျင့်သီလ ရှိသလား
မရှိဘူးလား မသိနိုင်ဘူး။

မြတ်စွာဘုရားဟောထားတာ
လောကမှာ-
`အပေါ်ယံ ရွှေမှုန်ကြဲ၊
အထဲက နောက်ချေးခံ ဆိုတာလို
ကိုယ်ကျင့်တရားမရှိပေမယ့်
ကိုယ်ကျင့်တရားရှိတဲ့
အသွင်သဏ္ဍာန်ပေါ်အောင်နေတဲ့
ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။

ဒါကြောင့်
အလှူခံပုဂ္ဂိုလ် သီလ ရှိ မရှိ
အတိအကျ မသိနိုင်ဘူးပေါ့။

ဒါယကာ တစ်ယောက်က
မြတ်စွာဘုရားကို လာပြီးတော့
ဖူးစဉ် မြတ်စွာဘုရားက မေးတယ်။

ဒါနကောင်းမှုတွေ ပြုသလားဆိုတော့
ပြုပါတယ်၊
တပည့်တော်ရဲ့ အလှူကိုကြွတဲ့
ပုဂ္ဂိုလ်တွေဟာ အကုန်လုံး
ရဟန္တာတွေချည်းပဲ ဘုရား၊
တပည့်တော်က
ရဟန္တာတွေမှ ရွေးလှူတာလို့
ပြောတယ်။

အဲဒီတော့ မြတ်စွာဘုရားက
သတိပေးတယ် ။

`ဒါယကာ၊
သင်လို လူတစ်ယောက်အနေနဲ့
ဒီပုဂ္ဂိုလ်ဟာ ရဟန္တာလား၊
ဒီပုဂ္ဂိုလ်ဟာ
ရဟန္တာ မဟုတ်ဘူးလားဆိုတာ
မသိနိုင်ဘူးတဲ့ ။
သံဃာကိုသာ ရည်စူးပြီးတော့
လှူပါ လို့ မြတ်စွာဘုရားက
ဆုံးမဖူးတယ်။

ရဟန္တာပုဂ္ဂိုလ်ဆိုပြီးတော့
ရွေးလှူတာမျိုး မလုပ်ပါနဲ့တဲ့။
သံဃာကိုသာ ရည်စူးပြီးတော လှူပါတဲ့။

ဒီစာလေးကို ဖတ်ပြီး
သံဃာကိုလှူတဲ့အခါမှာ
ပုဂ္ဂိုလ်ကို မရည်ညွှန်းဘဲ
သံဃာတော်အများကို
ရည်ညွှန်းပြီး လှူနိုင်ကြပါစေ။

ပါချုပ်ဆရာတော်ကြီး
Crd # Original uploader

 #စိတ်အပြင်မထွက်အောင်စောင့်ရှောက်နည်း=============================Copy #တရားထိုင်တဲ့အခါစိတ်ဟာ ထားတဲ့အာရုံမှာ မနေပဲ ပျံ့လ...
08/07/2022

#စိတ်အပြင်မထွက်အောင်စောင့်ရှောက်နည်း
=============================

Copy #
တရားထိုင်တဲ့အခါ
စိတ်ဟာ ထားတဲ့အာရုံမှာ မနေပဲ
ပျံ့လွင့် ပြေးလွှားနေတတ်တဲ့သဘော
ရှိပါတယ်။ ‌

စိတ်အပြင်ထွက်တိုင်း ‌သတိလေးနဲ့
ပြန်ပြန်ထိန်းနေရင်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်ကလေးတည်ငြိမ်မှ ‌
သမာဓိဖြစ်ပြီး, သမာဓိဖြစ်မှ
မိမိခန္ဓာရဲ့ဖြစ်ပျက်တွေကို မြင်နိုင်ပါတယ်။ ‌ ‌

စိတ်အပြင်မထွက်အောင်
စောင့်ရှောက်တဲ့နည်းလေးကို
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ကြီးက
ဆီခွက် ဥပမာလေး ‌ပေးပြီး
ရှင်းပြထားပါတယ်။ ‌ ‌ ‌

သေမိန့်ကျထားတဲ့
ရာဇဝတ်သားတစ်ယောက်ကို ‌
ရှင်ဘုရင်က အခွင့်အရေးတစ်ခု
ပေးထားပါတယ်။ ‌

တပိဿာဆီအပြည့်ရှိတဲ့ ဆီခွက်ကိုကိုင်ပြီး ‌
ရာဇဝတ်သားကို ရှေ့က သွားခိုင်းပါတယ်။ ‌ ‌
လူသတ်သမားငါးယောက်ကိုလည်း
နောက်ကနေဓားထမ်းပြီး လိုက်ခိုင်းပါတယ်။ ‌

ဆီတစ်စက်ဖိတ်ရင် ဖိတ်တဲ့နေရာမှာ
သတ်စေလို့ အမိန့်ပေးလိုက်တယ်။ ‌ ‌

နောက်ပြီး
အလွန်နာမည်ကြီးပြီး ‌စည်ကားလှတဲ့
လူတွေ ‌ကြိတ်ကြိတ်တိုးနေတဲ့
ဇာတ်ပွဲတစ်ခုကို ဖြတ်သွားရမယ်။ ‌ ‌

ဇတ်ပွဲကိုလွန်ပြီးရင်
လူစည်ကားပြီး မူးရမ်းဆိုးသွမ်းနေကြတဲ့
အရက်ဆိုင်ထဲက ဖြတ်သွားရမယ်လို့
အမိန့်ချပါတယ်။ ‌ ‌

ဒီကပွဲသဘင်နဲ့ အရက်ဆိုင်လွန်လို့မှ
ဆီမဖိတ်ရင် ‌သေမိန့်မှလွတ်စေလို့လည်း ‌
အမှာစကား ရှိထားပါတယ်။ ‌ ‌

မိမိတို့လည်း ‌ဇာတိတစ်ခု ရလာပြီးကထဲက
သေမိန့်က ကျခဲ့ပြီးသားပါ။
ခန္ဓာငါးပါးလို့ခေါ်တဲ့ လူသတ်သမား ‌
ငါးယောက်ကလည်း ပါလာပြီးသား။ ‌ ‌
စိတ်ဆိုတဲ့ဆီခွက်ကို ‌ဘယ်လိုထိန်းမလဲ။

မိမိတို့ တရားထိုင်တဲ့အချိန်မှာ ‌
လူသတ်သမားငါးယောက်နဲ့
တိုက်ပွဲဝင်နေတယ်လို့ သဘောထားပါ။ ‌ ‌

မိမိတို့ဖြတ်သန်းရမဲ့ #ဇတ်သဘင်ပွဲနဲ့_အရက်ဆိုင်ဆိုတာ
#သုခနဲ့_ဒုက္ခဆိုတဲ့
#မျောလမ်းနဲ့_မြှုတ်လမ်းပါ။

#မိမိစိတ်ဆိုတဲ့_ဆီခွက်ကို ‌
#ဝင်လေ_ထွက်လေလေးကို ‌
#သတိပညာနဲ့_မှန်မှန်ရှုရင်း
#မနောမှာ_ထားပါ။

ဝင်လေနဲ့ ထွက်လေရှုနေရင်း ‌
မတော်တစ်ဆ ပျံ့လွင့်သွားရင် ‌
ဆီခွက်ကို မြန်မြန်ပြန်တည့်သလို ‌
ပျံ့လွင့်တဲ့စိတ်ကလေးကို ‌သတိနဲ့ပြန်ထိန်းပါ။ ‌ ‌

ရာဇဝတ်သားဟာ ‌ဆီခွက်မဖိတ်စင်ဖို့အတွက် ‌
ဘယ်လောက်ပဲ သာယာတက်မက်ဖွယ်ဖြစ်တဲ့
ကိလေသာအာရုံတွေကိုလည်း ဂရုမစိုက်ပါ
ဘူး။ ဆီခွက်အပေါ်မှာသာ သတိထားပြီး ‌
ထိန်းထားပါတယ်။ ‌ ‌

ရာဇဝတ်သားဟာ ‌ဆိုးသွမ်းမူးရမ်းနေကြတဲ့
အရက်ဆိုင်ထဲက ဖြတ်သွားပေမဲ့
မိမိအပေါ်ကျရောက်လာမဲ့
အန္တရယ်တွေကိုလည်း ဂရုမစိုက်ပါဘူး။ ‌
ဆီခွက်မဖိတ်စင်ဖို့ကိုသာ အဓိကထားပြီး ‌
သတိနဲ့စောင့်ရှောက်သလို....

#မိမိတို့လည်း_စိတ်ဆိုတဲ့ဆီခွက်ကလေး ‌
#မဖိတ်စင်ဖို့_သတိလေးဉာဏ်လေးနဲ့_ထိန်းပြီး
#ဝင်လေနဲ့ထွက်လေကြားမှာ_ဘောင်ခတ်ထားပါ။
#တွေးစိတ်ကြံစိတ်တွေ_ဝင်လာတာနဲ့
#ဆီခွက်စောင်းပြီဆိုပြီး_ပြန်တည့်ပါ။ ‌ ‌

🔺 #သုခနဲ့ဒုက္ခ_လမ်းနှစ်ခု၊ #အလယ်ကသွားရင်
#မဂ္ဂင်လမ်းမပေါ်ကတစ်ဆင့် ‌
#အသေလွတ်တဲ့နေရာကို_ရောက်ပါလိမ့်မယ်။ ‌

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး
(ဝိပဿနာ အခြေခံအလုပ်ပေးတရားများ)

🌹🌹🌹🌹🌹
🙏🏻🙏🏻🙏🏻🙏🏻🙏🏻

🌹 ခန္ဓာဉာဏ်လမ်း နိဗ္ဗာန်စခန်း စံမြန်းနိုင်ပါ​စေ


Credit : Nay Lin
နိဗ္ဗာန်ပျိုးခင်း Account မှ ကူးယူ မျှ​ဝေ ပူ​ဇော်ပါသည်။

ယနေ့အကြိုက်ဆုံးဥပမာ.သိပ်ကောင်းတဲ့စာတပုဒ်မို့ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် ရေထဲပြန်ဆင်းဖို့ သူ...
20/06/2022

ယနေ့အကြိုက်ဆုံးဥပမာ.
သိပ်ကောင်းတဲ့စာတပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ"

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ်
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ဖြစ်လာတာ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."

ရေစက်မချဘဲ လှူတာကိုဒါနလို့ ခေါ်တယ်။ ရေစက်ချခြင်းကိုပတ္တိဒါနလို့ ခေါ်တယ်။ ရေစက်"မချဘဲ လှူလျှင်ဒါနအကျိုးသက်သက်မျှကိုသာ ရတယ...
09/06/2022

ရေစက်မချဘဲ လှူတာကို
ဒါနလို့ ခေါ်တယ်။

ရေစက်ချခြင်းကို
ပတ္တိဒါနလို့ ခေါ်တယ်။

ရေစက်"မချဘဲ လှူလျှင်
ဒါနအကျိုး
သက်သက်မျှကိုသာ ရတယ်။

ရေစက်ချတဲ့အတွက်
ဒါန"အကျိုးမျှ မကဘူး ၊
ပတ္တိဒါန"အကျိုးကိုလည်း ရတယ်

ပတ္တိ+ဒါန ဆိုတဲ့ ပုဒ်နှစ်ပုဒ်မှာ

မိမိထံ
ကုသိုလ် ရောက်လာတာကို
ပတ္တိလို့ ခေါ်တယ်

ဒါန"ဆိုတာဟာ ပေးခြင်း။

ဒါကြောင့်
မိမိထံ ရောက်လာတဲ့
ကုသိုလ်ကို

သူတစ်ပါးထံ
အမျှပေးဝေခြင်းကို
ပတ္တိဒါန လို့ခေါ်တယ်။

ရှေးဦးစွာ
တစ်စုံတစ်ခုသော
ဝတ္ထုကို လှူတယ်။

ထိုသို့ လှူတဲ့အတွက်
ရောက်လာတဲ့ ဒါနစေတနာကို
ပတ္တိလို့ ခေါ်တာ။

မိမိထံ ရောက်လာတဲ့
ဒါန စေတနာကို

ကြားကြားသမျှ
သာဓုခေါ်တော်မူကြပါလို့

ဝေငှပေးတဲ့ စေတနာကို
ပတ္တိဒါနလို့ ခေါ်တယ်။

ကိုယ်ရထားတဲ့ ကုသိုလ်ကို
သူတစ်ပါးတို့အား ပေးလိုက်လျှင်

ကိုယ့်အထံမှာက
ကုသိုလ် ကုန်သွားရော့လားလို့
တွေးမှားစရာ ရှိတယ်။

မီးတိုင် တစ်တိုင်
ထွန်းထားရာက

မီးတိုင် အများ
မီးလာကူးတဲ့ အတွက်

မူလမီးရဲ့ အရောင်အလင်းဟာ
လျော့မသွားသည့်အပြင် အလင်းရောင် ပိုလာသလို

မူလကုသိုလ်ရှင်မှာ
ကုသိုလ် မကုန်တဲ့အပြင်

ပတ္တိဒါန ကုသိုလ်အကျိုးကိုပင်
ထပ်ပြီးရသေးတဲ့အတွက်

ရေစက်မချဘဲ လှူလျှင်
ဒါနအကျိုး
သက်သက်မျှသာ ရတယ်။

ရေစက်ချ
အလှူပေးတဲ့အတွက်
ပတ္တိဒါန အကျိုးကိုပါ
ရတယ်လို့ မှတ်သားသင့်တယ်။

ရေစက်ချစဉ်
ခံယူရမည့် စိတ်ထားက
ရုပ်တရား နာမ်တရားမှန်သမျှ

ဖြစ်ပြီး ပျက်တတ်တာချည်းမို့
မမြဲတဲ့ အနိစ္စဆိုတာလည်း
ရုပ်နာမ်ပဲ ။

ဆင်းရဲတတ်တဲ့
ဒုက္ခဆိုတာလည်း ရုပ်နာမ်ပဲ ။

ခိုင်မာမှုမရှိတဲ့
အနတ္တဆိုတာလည်း ရုပ်နာမ်ပဲ ။

ဤကုသိုလ်ကြောင့်
အနိစ္စ ဒုက္ခ အနတ္တ ဖြစ်တဲ့

ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ
နိဗ္ဗာန်ကို
မျက်မှောက်ပြုရပါလို၏' လို့်

မိမိစိတ်ကို
နိဗ္ဗာန်ဆီ ညွှတ်ထားရမှာသာ
ဖြစ်တယ်။

(ထီးချိုင့်)မြို့ -
တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများ (၆) စာအုပ်မှ-

Credit 🙏🙏🙏

Copy  # crdတရား စထိုင်မည့်သူများ************************ပါချုပ်ဆရာတော် -----–----------------------အချို့တရားထိုင်ချင်တယ...
04/05/2022

Copy # crd
တရား စထိုင်မည့်သူများ
************************
ပါချုပ်ဆရာတော်
-----–----------------------
အချို့တရားထိုင်ချင်တယ်၊ တရားမှတ်ချင်တယ်။
နည်းစနစ် မသိလေတော့ ဆန္ဒရှိသော်လည်း
အထ မမြောက်ဘဲ ဖြစ်နေသောသူများနဲ့
စာပေနည်းကျကျ ရှုမှတ်ပွါးလိုသောသူများအတွက်
ရည်ရွယ်ပါတယ်။

တရားဆိုတာထိုင်၍ဖြစ်စေ၊ သွားရင်းဖြစ်စေ၊
ရပ်လျက်ဖြစ်စေ လဲလျောင်း၍ဖြစ်စေ ရှုမှတ်နိုင်ပါတယ်။
အများ နားလည်လောက်ပြီး အဆင်ပြေနိုင်လောက်မယ့်
ထိုင်၍ ရှုမှတ်နည်းလေးကို ပြောပြပါမယ်။

ဦးစွာ ကိုယ်လက်သန့်စင်ပါ၊ ဘုရားကို ဆီမီး၊ ရေချမ်း၊
ပန်း စတာ ကပ်လှူပါ။ မိမိရတဲ့ ဘုရားရှိခိုးနဲ့
ဘုရားကန်တော့ မေတ္တာပို့ပါ။
ဘုရားကန်တော့ပြီးလျှင်
ဘယ်ခြေထောက်ပေါ်ကို ညာခြေထောက် တင်ပါ။
ဘယ်လက်ပေါ်ကို ညာလက်တင်ပြီး
လက်မထိပ်ချင်း ထိကပ်ထားပါ။

ခါးကိုဆန့်ပြီး ဖြောင့်ထားပြီလျှင်
စိတ်ကို နှာသီးဝမှာထားကာ ထွက်လေ ဝင်လေရှုပါ။
ထွက်လေ ဝင်လေ ရှုနေရင်းးး
(၁) ထွက်လေ ဝင်လေလေးကို ရှုနေတာက
ကာယာနုပဿနာ၊
(၂) ဝမ်းနည်းတယ်၊ ဝမ်းသာတယ်၊ ချမ်းသာတယ်၊
ဆင်းရဲတယ်ဆိုတဲ့ ခံစားချက်လေးကို
ရှုနေတာက ဝေဒနာနုပဿနာ၊
(၃) ကိုယ့်သန္တာန်မှာဖြစ်တဲ့ လောဘနဲ့ယှဉ်တွဲလာတဲ့စိတ်၊
ဒေါသနဲ့ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့ယှဉ်တွဲလာတဲ့စိတ်
ဒီစိတ်ကလေးကို ရှုနေတာက စိတ္တာနုပဿနာ၊
(၄) ကြံတွေးမှု၊ ကြံစည်မှုတွေ၊ ရုပ်ခန္ဓာဓာတ်
သဘောတွေကိုရှုနေတာက ဓမ္မာနုပဿနာ၊
အဲဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို
အမှန်မြင်အောင်ကြည့်တတ်ဖို့ လိုအပ်တယ်။

၁။ အဲဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ
သမ္မာဒိဋ္ဌိလို့ခေါ်ပါတယ်။ သမ္မာဒိဋ္ဌိဆိုတဲ့
အမှန်မြင်နိုင်ဖို့အတွက်

၂။ သမ္မာသင်္ကပ္ပဆိုတဲ့ မှန်မှန်ကန်ကန်
စဉ်းစားတတ်ဖို့ လိုတယ်။

၃။ အဲဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက်
သမ္မာဝါယာမ ဆိုတဲ့ကြိုးစားဖို့ လိုအပ်တယ်။

၄။ အဲဒီလို ကြိုးစားဖို့အတွက် သမ္မာသတိဆိုတဲ့
စိတ်စိုက်ဖို့ လိုတယ်။

၅။ အဲဒီ သမ္မာသတိ ခေါ်တဲ့ အာရုံတစ်ခုထဲမှာ
စိတ်ကိုငြိမ်အောင်ထားတာက သမ္မာသမာဓိ ပါ။

ဒီလို ပေါင်းစပ်လိုက်တဲ့ မဂ္ဂင်(၅)ပါးကို
ကာရာပကမဂ္ဂင်(သို့) ကာရကမဂ္ဂင် လို့ ခေါ်တယ်။
တရားဓမ္မ ကျင့်ကြံ ကြိုးကုတ်အားထုတ်တဲ့အခါ
ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ်သွားပြီ
ဆိုရင်ဖြင့် သဘာဝတွေကို အမှန်အတိုင်း
သိနိုင်မှာဖြစ်တယ်။

ဆိုကြပါစို့
ထွက်လေ ဝင်လေလေးကို ရှုမှတ်နေတယ်ဆိုရင်
ထွက်လေ ဝင်လေလေးကို သူ့သဘာဝလေးအတိုင်း
မသိ သိအောင် ကြိုးစားတာဟာ သမ္မာဝါယာမ။
အဲဒီ ထွက်လေ ဝင်လေလေးကို အမြဲတမ်း
သတိကပ်ထားတာက သမ္မာသတိ။
ထို ထွက်လေ ဝင်လေ အာရုံတစ်ခုထဲပေါ်မှာ
စိတ်ကို ငြိမ်အောင်ထားတာက သမ္မာသမာဓိ။
ထွက်လေ ဝင်လေလေးရဲ့သဘာဝကို
စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ။

ဟော အဲဒီလို လေးခု ပေါင်းစပ်လိုက်တဲ့အခါ
ဘာ ပေါ်လာတုန်း ဆိုရင် ထွက်လေ ဝင်လေလေးရဲ့
သဘာဝတရားကို အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာ
ပေါ်လာတော့တာပါပဲ။
ဘာကို အမှန်မြင်သလဲဆိုတော့
ထွက်လေ ဝင်လေလေးဟာ သူ့သဘာဝ
ထွက်လေ ဝင်လေပဲ၊ ငါမဟုတ်ပါလား ဆိုတဲ့
အယူမှန်သွားတာကို သမ္မာဒိဋ္ဌိ အမှန်မြင်ခြင်း
လို့ ခေါ်တယ်။
ငါမဟုတ်ဘူးဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့။
အဲဒီ အမှန်မြင်လိုက်တဲ့အခါ ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ပတ်သက်ပြီး ငြီးငွေ့မှု ဆိုတာ ပေါ်လာတယ်။
ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်တည်း
တွယ်တာမှု ဆိုတာ မရှိတော့ဘူး။
တွယ်တာမှု မရှိတာနဲ့တစ်ပြိုင်နက်
လွတ်မြောက် သွားတာပဲ။

အဲ့ဒီလို အဆင့်ဆင့်အကျိုးရှိသွားအောင်
မြတ်စွာဘုရားက -
ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ လို့ ဆိုတဲ့
သတိပဋ္ဌာန်အာရုံလေးပါးပေါ်မှာ
လူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ်
မိမိတို့အားလပ်တဲ့အချိန်လေးမှာ အာရုံစိုက်ပြီးတော့
ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ အသိဥာဏ်တွေ
အားလုံး ပေါ်လာကြမှာပါ တဲ့။
အဲဒီလို ပေါ်လာတဲ့အခါမှာ
ဝိမုတ္တ လွတ်မြောက်မှု ဆိုတာကို
ရလာမှာဖြစ်ပါတယ်။ ။
🙏🙏🙏 #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်

🙏🙏🙏

 #လူမျိုးတွေရဲ့ယုံကြည်ချက်°°°°°°°°°°°°°°°🍂🍂🍂🍂🍂Copy # crdသင်္ကြန်ကျပြီဆိုရင် သိကြားမင်းက လူ့ပြည်ဆင်းတယ်ဆိုတာဟာ ဗုဒ္ဓစာပေထ...
14/04/2022

#လူမျိုးတွေရဲ့ယုံကြည်ချက်
°°°°°°°°°°°°°°°🍂🍂🍂🍂🍂
Copy # crd
သင်္ကြန်ကျပြီဆိုရင် သိကြားမင်းက
လူ့ပြည်ဆင်းတယ်ဆိုတာဟာ
ဗုဒ္ဓစာပေထဲမှာ မပါဘူးနော်
အစဉ်အလာအရ ပြောနေကြတာသာ
ဖြစ်တယ်။

အဲ့ဒါ ဘုရားလက်ထက်ကလည်း မရှိခဲ့ဘူး။
အဂုင်္တ္တရနိကာယ် စတုမဟာရာဇသုတ်မှာ
လူ့ပြည်က သတင်းတွေကို နတ်တွေက
အမြဲတမ်း စုံစမ်း ထောက်လှမ်းနေတယ်
ဆိုတာတော့ ပါတယ်ပေါ့။

သူဆင်းချင်ရင်တော့ သင်္ကြန်ဟုတ်ဟုတ်
မဟုတ်ဟုတ် ဆင်းတာတွေတော့ရှိတယ်။

ဥပမာ- ဘုရားဆီလာပြီးတော့ တရားတော်နဲ့
ပတ်သတ်ပြီးတော့ မေးမြန်းစရာတွေရှိတယ်
ဆိုရင် လာတယ်။

မြတ်စွာဘုရား သာသနာပမှာတော့
ကယ်တင်ရမယ့်သူတွေရှိရင် လာပြီး
ကယ်တင်တယ်ဆိုတာတော့
၅၅၀နိပါတ်တော်တွေမှာ ပါတယ်။

အေးဒါကြောင့် သင်္ကြန်ကာလ
သိကြားမင်းဆင်းတယ်ဆိုတာ
ဗုဒ္ဓစာပေပိဋကတ်စာတွေက မဟုတ်ဘူး။

အကြောင်းအရင်းကို ဆင်ခြင်ကြည့်မယ်
ဆိုလည်း သိကြားမင်းနေတဲ့ဘုံက
တာဝတိံတာနတ်ပြည်......

အေး တာ၀တိံတာနတ်ပြည်ဆိုတာ
လူ့ပြည်မှာ အနှစ်တစ်ရာမှ တစ်ရက်ပဲရှိတယ်၊
အဲ့တော့ လူ့ပြည်က တစ်နှစ်ပြည့်တိုင်း
တစ်ခါဆင်းနေရရင် သိကြားမင်းက
နတ်ပြည်ကနေ မိနစ်တိုင်း မိနစ်တိုင်း
ဆင်းနေရမှာပေါ့။

အဲ့လို ယုတ္တိနဲ့ကြည့်မယ်ဆိုရင်လည်း
ဒါက အင်မတန်မှ ယုတ္တိမရှိဘူးလို့
ပြောလို့ရတယ်ပေါ့။

အကြောင်းကိစ္စရှိရင်တော့ မဆင်းဘူး
မဟုတ်ဘူး။ ဆင်းရင် ဆင်းမယ်ပေါ့။

ဒါပေမယ့် လူ့ပြည်မှာ နှစ်သစ်ကူးတိုင်းသာ
ဆင်းတယ်ဆိုရင် လူ့ပြည်မှာ နှစ်သစ်
ဘယ်နှစ်ခါကူးတယ် ထင်ကြတုန်း

မြန်မာနိုင်ငံမှာတင် နှစ်သစ်ကူးတာလား?
တခြားနိုင်ငံတွေမှာရော နှစ်သစ်
မကူးဘူးလား?

အဲ့တော့ မြန်မာနိုင်ငံမှာပဲ ဆင်းမယ်
ဆိုလို့ရှိရင် ဒီသိကြားမင်းက
မြန်မာလူမျိုးတွေကိုပဲ
Favourပေးနေတယ်လို့ပဲ ပြောမှာပေါ့။

ကမ္ဘာမှာNewYearဆိုတာ ရှိသေးတာပဲလေ

အဲ့အချိန်တွေမှာသာ ဆင်းရမယ်ဆိုရင်
မြန်မာပြည်က တန်ခူးလ။

သူတို့က ဇန်နဝါရီလဆိုတော့
နတ်တော် ပြာသိုဆိုတော့ တစ်နှစ်ကို
ကမ္ဘာ့နှစ်သစ်ကူးနဲ့ မြန်မာ့နှစ်သစ်ကူး
ဆိုပြီးတော့ ဒီလိုတွေဆင်းရမယ့် ပုံ
ဖြစ်နေတယ်။

အဲ့တော့ အဲ့ဒါတွေ အသာထား
ဒါတွေက စာလာ ပေစာ စကားမဟုတ်ဘူး
လူမျိုးတွေရဲ့ယုံကြည်ချက်လို့ပဲပြောရမှာပေါ့။

#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Address


Website

Alerts

Be the first to know and let us send you an email when Thiha Thit Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share