November Khin

  • Home
  • November Khin

November Khin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from November Khin, Cruise line, .

09/05/2024

အိပ်လို့ အားရှိတယ် မထင်နဲ့

ရပ်ထဲရွာထဲမှာ
နေ့ခင်းနေ့လည် အိပ်ခဲကြပါတယ်။
ည ဘာလို့ အိပ်တုန်း ?
အိပ်ခြင်းရဲ့အကြောင်းဟာ 'အပူနဲ့အပုပ်လေ
အပူနဲ့ အပုပ်ဟာ သွေးကြောလေကြောထဲ ပါသွားရော။

နေ့မှာ နေရဲ့အပူချိန် ရှိတဲ့အတွက်
မွှေးညှင်းပေါက် ပွင့်နေတယ်၊
ဒီတော့ မအိပ်ချင်သေးဘူး။

ဟော - ညဦး ၆ နာရီလောက်ဆိုတော့
နေဝင်သွားပေမယ့် အပူချိန် ကျန်နေသေးတယ်၊
မွှေးညှင်းပေါက်ကလေးတွေ ရှိနေသေးတယ်။
ရှိတဲ့အပူပုပ်က ထွက်သာသေးတယ်။

ည ၉နာရီ, ၁၀ နာရီ ဆိုတော့
နေနဲ့တော်တော် ဝေးသွားပြီ ထင်တယ်။
အအေးဓာတ်ကလေး ရလာပြီ ဆိုတော့
မွှေးညှင်းပေါက်တွေ ပိတ်ကုန်ပြီ။
အပူအပုပ်က ဘယ်မှ ထွက်စရာမရှိတော့
အစာအိတ်ထဲကနေ ခါးဆစ်ရိုးကနေ ဖောက်ပြီး
နောက်ကျောကို တက်ကရော။

ဘေးထွက်စရာ, ဖြန့်ထွက်စရာ မရှိတော့
အပေါ်ဖောက်မှာပဲလေ၊
နောက်ကျောကတဆင့် အုပ်ဆက်ကြောထိုး၊
အဲဒီကမှ ငယ်ထိပ်ကို ဖောက်သွားမှာ။

၁၀ နာရီ, ၁၁ နာရီလောက်ရောက်တော့
ပိုအေးလာပြီထင်တယ် ဟေ့ ...။
အဲဒီမှာ .... ရှိသမျှ အပူ
အကုန်လုံး အလုံးအရင်းနဲ့ နောက်ကျောက ထိုးတက်၊
ငယ်ထိပ်ကို သွားဖောက်တော့
သွေးကျပြီး .....မျက်ခုံးကြီးလေးလံလာတယ်၊
ပြီးတော့ သန်းလာတယ်၊ နောက်တော့ ငိုက်လာတယ်။

ထိနမိဒ္ဓက ဝင်ပြီး အမိန့်ပေးရော
' ငါ အိပ်မယ် တဲ့
နေ့တိုင်း အိပ်လာတာ, တစ်သက်လုံး အိပ်လာတာ
ဒီနေ့ တစ်ရက် မအိပ်ဘူးကွာ လို့ ပြောရဲလား ?

ဒီ ထိနမိဒ္ဓ ကိလေသာကျ ဘုရားထက် ကြည်ညိုတယ်
ဘုရားအာရုံပြုတာ ဘယ်လောက်ကြာတုန်း ?
( ခဏကလေးပါဘုရား )

ထိနမိဒ္ဓ ကျတော့ရော
( တစ်ညလုံးပါ ဘုရား )

ဒါဆို .....
ဘုရားနဲ့ ထိနမိဒ္ဓ ဘယ်သူ့ကို ဆည်းကပ်တာ ပိုနေတုန်း ?
( ထိနမိဒ္ဓ ကို ပိုပြီး ဆည်းကပ်ပါတယ်ဘုရား )

ဒါဖြင့် ခင်ဗျားတို့
ဗုဒ္ဓဘာသာဝင်တွေလား ? ထိနမိဒ္ဓ ဘာသာဝင်တွေလား ?...................................................................................

အိပ်လိုက်ကြတာ,
တကယ်လို့များ တို့ယောဂီတွေ
လောဘကြီးကြီး, သောကကြီးကြီးနဲ့
တနေကုန်.....
ဖုတ်လှိုက်ဖုတ်လှိုက် သွားနေသူဆိုရင်
ညအိပ်ရင် .....
အပူအပုပ် များလွန်းတော့ 'ဟောက်ပြီးတော့ တောင်
အိပ်တတ်ပါသဗျာ...။

အပူအပုပ်က
နှာခေါင်းကချည်း ထွက်လို့မနိုင်တော့ဘူးလေ၊
ရှူလေမှာ လေဘက်ကို တိုးယူတာ,
ရှိုက်လေမှာ အထဲထဲရှိတဲ့ အပူအပုပ်ကို ထုတ်ပစ်တာ...၊

တို့ ရန်ကုန်ပြော ပြောရရင်တော့
နေ့မှာ ....
ကားတွေ,လူတွေ ရှုပ်နေတဲ့အတွက်
မြူနီစပယ် ဝင်မသာဘူး၊
ည .....
ကားတွေသိမ်းပြီ ဆိုတော့မှ .....
မြူနီစပယ် ဝင်ရသလို ပါပဲဗျာ။

နေပူ မိုးရွာ မရှောင် , လောဘထန်ထန်,
သောကထန်ထန်နဲ့ အတင်း သွားထားတဲ့
လူတစ်ယောက်ဟာ အပူအပုပ် `စု နေပြီ ....။

ညကျတော့ ....
ဝင်လေကလေးက လေကောင်းလေသန့်ကလေး၊
အဲဒီ လေကောင်းလေသန့်ကလေးနဲ့
လေဆိုးလေပုပ်တွေကို 'ထွက်လေ နဲ့ ထုတ်ပစ်ရတယ်၊
အဲဒီအချိန်မှာ
အလွန်ပင်ပန်းတဲ့ပုဂ္ဂိုလ်, အပူအပုပ်ကြီးတဲ့ ပုဂ္ဂိုလ်ဟာ
' နှာခေါင်းနဲ့ လေ မဆန့်တော့တဲ့အတွက်
ပါးစပ်ကြီးပါ ဟောက်အိပ်သဗျာ....။

အဲဒီမှာ .....
အပူအပုပ် ကုန်တဲ့အချိန်ဟာ
နိုးတဲ့အချိန်ပဲ ။
အအိပ်ကြီးတော့ အပူအပုပ်ကြီးလို့
စိတ် မကလက်တော့တဲ့
ရဟန္တာ အရှင်သခင်ကြီးတွေကျတော့
အိပ်ကို မအိပ်တော့ဘူး၊
အရိယာအရှင်သခင်ကြီးများမှာ
ကိလေသာမှ မရှိတော့ဘဲ။

ပြီးတော့လည်း ....
တနေကုန် ဝင်လေထွက်လေနဲ့
ရှူသွင်း, ရှိုက်ထုတ် လုပ်နေတော့
အပူအပုပ် မအောင်းနိုင်တော့ဘူး။

တို့ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးက
ဘယ်လိုများ မှတ်လောက်သားလောက်အောင်
အမိန့် ရှိသွားသလဲ ဆိုရင်
"လူတစ်ယောက်ဟာ တစ်နေ့ သုံးမိနစ် အိပ်ရင်
လုံလောက်ပါတယ် " တဲ့ ။

ဒါက အရိယာအမြင်, အရိယာရှုထောင့်က မိန့်တာ၊
`အပူအပုပ်နည်းရင် နည်းသလောက် အအိပ်နည်းတယ်

အပူအပုပ် ကင်းတဲ့အချိန်ဟာ
နိုးတဲ့အချိန်။ ဒါပေမယ့် ......
နိုးသာနိုးတယ်, မထသေးဘူး
စိတ်က နိုးတာ မျက်လုံးမဖွင့်သေးဘူး၊
နိုးချင်စိတ်နဲ့ ' ဖွင့်တယ် - ဖွင့်တယ်
အဆင့်ဆင့် သွားတာဗျ။

အပူအပုပ် ကင်းစင်ပြီး.....နိုးထလာမှသာ
ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း

#အဲဒါ .....
အိပ်လို့ အားရှိတာလား ?

နေ့မှာထက် ညမှာက ဝင်လေထွက်လေက
ပုံမှန် မဖြစ်ဘူးလား ?
အိပ်ပြီဆို ....
သောကအနှောင့်အယှက်တွေ မရှိတော့ဘူး
ဝင်လေထွက်လေက -
နှာသီးနဲ့ ချက်တိုင်၊ ချက်တိုင်နဲ့ နှာသီး ပုံမှန်ဗျ ။

ပုံမှန်ဖြစ်တဲ့အတွက်
ချက်တိုင်ကနေ တန်းပြီးထွက်ရင်
အပူအပုပ်တွေ အကုန်ပါသွားပြီ ၊
အဲဒီအပူအပုပ် ကုန်လို့အားရှိတာ ။

အိပ်လို့ အားရှိတယ် မထင်နဲ့ ။

တို့ ... နေ့မှာလည်း
ပုံမှန်လေးသာ ရှူ နေ, ရှိုက်နေရင်
အပူအပုပ် အောင်းနိုင်ပါဦးမလားဗျာ ...။
ည အိပ်တဲ့ .....လူတစ်ယောက်ရဲ့
ရှူ ရှိုက်နှုန်း မဖြစ်သေးလို့ အပူအပုပ်တွေ စုနေတာ
ဘာလို့ မဖြစ်တုန်း ?

နိုးကတည်းက -
သောကနှိုးလို့ နိုးခဲ့တာက များတာကိုး....
`ငါ့နှယ်
အိပ်ယာထ ....နောက်ကျလိုက်တာ,
ဘာလုပ်ရဦးမယ်, ညာလုပ်ရဦးမယ်,
ပျာယီးပျာယာနဲ့ ။
အဲဒီကတည်းက ဝင်လေထွက်လေခင်ဗျာ
ချက်တိုင်အထိ မရောက်တော့ဘဲ
ရင်ညွှန့်ကနေ ပြန်ထွက်ရတာ၊

သူ့အောက်က ....
ဘဝင်လေက ပင့်တင်ထားပြီလေ
အိပ်နေချိန်ကတော့ ...
လောဘတွေ , သောကတွေ
ခဏ ပျောက်နေတော့
ဘဝင်လေ ....အခုအခံ မရှိတော့ဘူး၊
သူ့စိတ်နဲ့ သူ့ကိုယ် ကောင်းလိုက်တာဗျာ

ဟော နိုးပါပြီ ဆိုတာနဲ့
သောကက တစ်ချက် ဆောင့်လိုက်မယ်၊
လောဘက တစ်ချက် ဆောင့်လိုက်မယ်၊
ဆောင့်လိုက်တာနဲ့ ...
ဝင်လေထွက်လေ ပုံမှန် မဖြစ်တော့ဘူး၊
ရင်ညွှန့်လောက်ကပဲ အဆင်းအတက်
လုပ်နေရတော့ အပူအောင်း မနေပေဘူးလားဗျာ။

ဒါ အိပ်ခြင်းရဲ့ အကြောင်းကို ပြောတာ။
ယောဂီတို့ ....
ကိုယ်တိုင် စမ်းကြည့်ပါ။
တို့ ပြောလို့ ဆိုပြီး မယုံပါနဲ့ ဦး
ဟုတ်, မဟုတ် ...လက်တွေ့ စမ်းကြည့်ကြ။
အိပ်တာလေးကိုပင်လျင် ကောင်းကောင်း ကွဲကွဲပြားပြား
သိအောင် လုပ်ခဲ့စမ်းပါ။

အဲဒီမှာ ...
စိတ်ကလေးက အရင်နိုးလာပါတယ်ဗျ ။
ဒါပြီးမှ ....
ကိုယ်ကို အထခိုင်းတာပါ
စိတ်ရောက်တဲ့နေရာမှာ စိတ်ကြောင့်ဖြစ်တဲ့
လေရဲ့ လှုပ်ရှားမှုကြောင့် ရုပ်လည်း အသက်ဝင်ရတာ။

အပေါ်ပိုင်း ကိုယ်ပေါ်မှာ စိတ်ရောက်လို့ရှိရင်
စိတ်ကြောင့် ဖြစ်တဲ့လေ ' စိတ္တဇဝါယောကြောင့်
ထပြီး လှုပ်ရှားပေးရတာ ။
ဒါပြီးတော့ ...
အောက်ပိုင်းကိုယ်ကြီးကို ထောင် ချင်တော့ ....
လက်ကလေးကို အထောက်ခိုင်းသေး ထင်တယ်၊

ဒီမှာလည်း ....
လက်မှာ စိတ်ရောက်မှ၊ လက်မှ စိတ္တဇဝါယော
ပျံနှံ့ပြီး လှုပ်ရှားပြီး အသက်ဝင်ပေးရပါတယ်။
ဒါပြီးမှ ....
ကိုယ်ကြီးကို ထပေးအောင် ထောင်ပေးရတာပါ။

ယောဂီတို့ .....အိပ်နေတာချည်းက
တံခါးပေါက်နဲ့ တည့်ချင်မှ တည့်မှာပါ၊
တံခါးပေါက်တည့်အောင်
စိတ်ကပဲ ......ထည့်ပေးရပြန်ပါတယ်။

အဲဒီလို .....
စိတ်က ဒီကိုယ်ကြီးကို အသက်သွင်းပြီး
အဆင့်ဆင့်ခိုင်းလာပုံကို မြင်အောင် ကြည့်ပေးစမ်းပါ။
ဒါကို ဇာဂရိတေ၊ နိုးတဲ့ကာလမှာလည်း
သမ္ပဇာနကာရီ ကောင်းကောင်း .....
ကွဲကွဲပြားပြားသိအောင် လုပ်ပေးစမ်းပါတဲ့။

ဘယ်သူသည် ထသလဲ ?
ဘာကြောင့် ထသလဲ ?

အဲဒီမှာ ...
'စိတ်နဲ့ ကိုယ် နှစ်ဦးပေါင်းပြီး အတိုင်ဖောက်လုပ်ပြီးတော့
ထရတာလေးတွေ မြင်လာပါလိမ့်မယ်။


🙏🙏🙏
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

08/05/2024

လက်ရှ်မီးမယ်‌‌တော်သမိုင်း။

ဟိန္ဒူဘာသာတွင် မယ်တော်များစွာရှိသည့်အနက် ပင်မ မယ်တော်သုံးဆူတွင် တစ်ဆူအဖြစ် ပါ၀င်သည့် မယ်တော်မြတ်မှာ ဗိုက်ကွန်ဋ္ဌလောကတွင် စံမြန်းသော ဗစ်ရှ်နူး (ဗိသ်ျှဏု) ဘုရားရှင်၏ ကြင်ရာတော်ဖြစ်သော လက်ရှ်မီးမယ်တော်ဖြစ်ပါသည်။

တစ်ခုသိထားရန်မှာ ထိုမယ်တော်များဟာ တစ်ဆူတည်းဖြစ်ပြီး လောကသားများအကျိုးအတွက် အသွင်ရူပတော်များစွာခွဲထားခြင်းဖြစ်သည်။
ထို့အတွက် တစ်ဆူတည်းသော ပင်မမယ်တော်ရူပတော်ကို အာဒိရှက်သီး (ပင်မစွမ်းအား) ပရာရှက်သီး (ပကတ်စွမ်းအား) ဟု ခေါ်ပါသည်။

လက်ရှ်မီးမယ်တော်ဆိုသည်မှာ အာဒိရှက်သီးမယ်တော်၏ ရူပတစ်ပါးပင်ဖြစ်ပြီး နူးညံ့သိမ်မွေ့သော ရူပတော်ဖြင့် လောက၏ ချမ်းသာ၊ သုခ၊ မင်္ဂလာကို ဖော်ဆောင်သောမယ်တော်ဖြစ်သည်။

မယ်တော်မြတ်သည် ချမ်းသာကြွယ်၀ခြင်း၊ လာဘ်လာဘ စားနှပ်ရိက္ခာပေါကြွယ်၀ခြင်း၊ ကောင်းခြင်းမင်္ဂလာ၊ အလှတရားကို အစိုးရသူဖြစ်သည်။
မူလရူပတော်အရ ကြာပန်းပေါ် ထိုင်တော်မူလျက်ရှိပြီး လက်တော် ၄ ဆူရှိပါသည်။
ရံဖန်ရံခါ စီးတော်ယာဉ်အဖြစ် ဇီးကွက်ငှက်အား အသုံးပြုသလို ဘုရားရှင်ဗစ်ရှ်နူး၏ စီးတော်ယာဉ် ဂဠုန်မင်းကိုလည်း အသုံးပြုသည်။
ထိုလက်တော်လေးဆူတွင် အထက်သို့မြှောက်ထားသော လက်တော် ၂ ဆူတွင် ဘုန်းကျက်သရေ မင်္ဂလာကို ရည်ညွှန်းသော ကြာပဒုမ္မာတို့ကို ကိုင်ဆောင်လျက် ကျန် ၂ ဆူသည် အဘယ မုဒြာ (ကြောက်ရွံ့မှု အပေါင်း ဒုက္ခ ဆင်းရဲကို ပယ်ရှားပေးသော မုဒြာ) နှင့် ဗရဒ မုဒြာ (ကောင်းချီးအဖြာဖြာ ပေးနေသော မုဒြာ) တို့ကို ဖော်ဆောင်လျက်ရှိသည်။
ထို့အတူ မယ်တော်မြတ် ဘေးနှစ်ဖက်ကို ဆင်တို့က ခြံရံလျက် ရွှေအိုး၊ ရွှေပြားတို့ဖြင့် အတူမြင်ရနိုင်သည်။

ကျမ်းဂန်တို့အရ မယ်တော်မြတ်သည် ဗစ်ရှ်နူးဘုရားရှင်၏ စွမ်းအားဖြစ်ပြီး ဘုရားရှင်နှင့်အတူ စီသားမယ်တော်၊ ရာဓါးမယ်တော်တို့အဖြစ် လူ့ဇာတိခံဆင်းသက်တော်မူသည်။

သမိုင်းကျမ်းဂန်အရ မယ်တော်မြတ်သည် အာဒိရှက်သီးမယ်တော်ထံမှ ပွင့်တော်မူပြီး ဘုရားရှင် ဗစ်ရှ်နူး၏ စွမ်းအင်အဖြစ် တည်တော်မူသည်။
သမုဒ္ဒရာမွှေနှောက်ရာတွင်လည်း မယ်တော်မြတ်သည် နတ်ဒေ၀တာနှင့် လောကသားတို့အတွက် မင်္ဂလာတရား၊ စည်းစိမ်ချမ်းသာကို ပေးစွမ်းခဲ့သူဖြစ်သည်။

ဒီပါ၀လီပူဇော်ပွဲ၊ န၀ရာသ်ရီးပူဇော်ပွဲတို့တွင် ပူဇော်ကြပြီး "လက်ရှ်မီး၊ ဂနေ့ရှ်' ဟူ၍ အထင်အရှားပူဇော်ကြသည်။
အကြောင်းမှာ ဂနေ့ရှ်ဘုရားရှင်သည် အခက်အခဲ၊ ဒုက္ခများကို ဖယ်ရှားပေးပြီး ထိုအခက်အခဲ၊ ဒုက္ခများ ပပျောက်မှသာ မင်္ဂလာတရားဖြစ်သည့် မယ်တော်လက်ရှ်မီးထံမှ ချမ်းသာကြွယ်၀ခြင်းကို ရရှိမည်ဖြစ်ပါသည်။

လောကီအကျိုးစီးပွားလိုလားသူများသည် မယ်တော်မြတ်ထံမှ လောကီချမ်းသာကို ‌တောင်းဆိုကြသလို လောကုတ္တရာအကျိုးကို ရှာဖွေသူများအတွက် မယ်တော်မြတ်သည် လောကုတ္တရာချမ်းသာကို ပေးစွမ်းတော်မူပါသည်။

မယ်တော်မြတ်သည် ကြိုးပမ်းမှုတိုင်းအတွက် အောင်မြင်ခြင်း မင်္ဂလာကို ပေးစွမ်းနိုင်သလို ဤကမ္ဘာလောကတွင် ကျောက်မျက်ရတနာများအား ပိုင်စိုးသူဖြစ်ပါသည်။
မယ်တော်မြတ် စံမြန်းရာအရပ်တွင်သာ ယဂ်ယျမီးပူဇော်ပွဲဖြစ်မြောက်မည်ဖြစ်ပြီး သုခချမ်းသာများ ပေါကြွယ်၀မည်ဖြစ်သည်။
မယ်တော်မြတ်သည် အစာရေစာ၊ အ၀တ်အစားနှင့် ပျော်ရွှင်မှုတို့ကိုပါ ပေးစွမ်းသူဖြစ်ပါသည်။
မယ်တော်မြတ် စံမြန်းတော်မူရာ နေအိမ်တွင် ကျက်သရေမင်္ဂလာအဖြာဖြာကြွယ်၀၍ တည်ငြိမ်အေးချမ်းမှုနှင့် စည်းစိမ်ချမ်းသာများ၀ပြောမည်မှာ အမှန်ဖြစ်ပေသည်။
မယ်တော်မြတ်ကို ဆည်းကပ်သူထံတွင် ကောင်းသောကိစ္စများသာဖြစ်ထွန်း၍ မဖြစ်နိုင်သောအရာများပါ ဖြစ်လာမှာ ဧကန်ဖြစ်သည်။

ထို့အတွက် လက်ရှ်မီးမယ်တော်ရှိရာ စံမြန်းရာအရပ်တွင် မင်္ဂလာ၊ သုခရှိ၍ မယ်တော်မြတ် မရှိရာအရပ်တွင် အလက်ရှ်မီးဒေဗီးစံမြန်း၍ အမင်္ဂလာနှင့် ဒုက္ခရှိမည်ဖြစ်သည်။

Address


Website

Alerts

Be the first to know and let us send you an email when November Khin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share