22/12/2023
ဒီအချက်တွေသိထားရင် လေယာဉ်နဲ့ခရီးထွက် လေယာဉ်စီးဖို့ မခက်ခဲတော့ပါ
မင်္ဂလာပါရှင့် ။ ဒီနေ့ကတော့ လေယာဉ်နဲ့ ခရီးသွားနေကျမဟုတ်သူတွေအတွက်က ကိုယ့်လေယာဉ်ခရီးစဉ် စ/ဆုံး လေဆိပ်ထဲကိုဝင်ရောက်ပြီးချိန်ကစလို့ လေယာဉ်ဆိုက်ရောက်ချိန်ထိ ဘာတွေ အခြေခံသိထားသင့်တယ်ဆိုတာ မျှဝေပေးချင်ပါတယ်ရှင့် ။လေယာဉ်နဲ့ သွားနေကျ မဟုတ်ရင် လေဆိပ်အတွင်း မျက်စိလည်မှာ စိုးရိမ်တဲ့စိတ် အနည်းနဲ့အများ ရှိတတ်ကြပါတယ် ။ လေဆိပ်တွေအားလုံးကတော့ လေယာဉ်စီးဖို့ အဆင့်ဆင့်ဖြတ်ကျော်ရတာတွေက အတူတူပဲဖြစ်ပါတယ် ။ ဒီအချက်လေးတွေကို လေ့လာမှတ်သားထားရင် ယောဥ်နဲ့ခရီးသွားဖို့ စိုးရိမ်နေစရာမလိုတော့ပါဘူး ။
(၁) Check-in Counter ရှာကြမယ်
လေဆိပ်ထဲ ဝင်ရောက်ပြီးပြီဆိုရင် Departure (ထွက်ခွာ) နေရာကိုသွားပြီး ကိုယ်ဝယ်ထားတဲ့လက်မှတ်အထဲက လေကြောင်းလိုင်း နာမည်နဲ့ကောင်တာကို ရှာရမှာဖြစ်ပါတယ်။ Airline Check-in Counter တွေကို လေဆိပ်တွေမှာ LED Board ဆိုင်းဘုတ်ကြီးတွေနဲ့ ဘယ် Airline Counter ကတော့ ဘယ်နံပါတ်မှာရှိတယ် စသဖြင့် ရေးထားပေးပါတယ် ။ လေယာဉ်လက်မှတ်ထဲက ကိုယ်စီးရမယ့် Flight နံပါတ် ပြထားတဲ့ဟာနဲ့ တိုက်စစ်ဆေးပြီး Counter တွေ့ရင် Passport ပေးပြီး Luggage အပ်၊ Check-in ဝင်ရပါမယ် ။လေယာဉ်ပေါ်မှာစီးဖို့ ခုံနံပါတ်ပါတဲ့ လေယာဉ်လက်မှတ် ( Boarding Pass ) လို့ခေါ်တဲ့လက်မှတ် ထုတ်ပေးပါလိမ့်မယ် ။
(၂) လူဝင်မှုကြီးကြပ်ရေးဂိတ် - Immigration ဖြတ်မယ်
Check-in ဝင်ပြီး အထုပ်အပိုးအပ် လက်မှတ်ထုတ်ပြီးရင်တော့ လူဝင်မှုကြီးကြပ်ရေး Immigration သို့မဟုတ် To Gates ဆိုတဲ့ ဆိုင်းဘုတ်ညွှန်ပြရာဆီ လိုက်သွားရုံပါပဲ။ ဒီနေရာမှာ ကိုယ်သွားမယ့်နိုင်ငံ အလိုက် လိုအပ်တဲ့ passport / Visa စတာတွေ စစ်ဆေးပြီး ထွက်ခွာ stamp တုံးထုပေးလိုက်မှာဖြစ်ပါတယ်။
(၃) လုံခြုံရေး - Security ဂိတ်ဖြတ်ပါမယ်
Immigration ကို ဖြတ်ပြီး ဆက်လျှောက်လာရင် လေယာဉ်စောင့်စီးရမယ့် Gate တွေကို မရောက်ခင် လေယာဉ်ပေါ်ယူသွားမယ့် Hand Carry အပါအဝင် ခရီးသည်ကိုပါ Security စစ်တဲ့ ဂိတ်လေးဖြတ်ရပါမယ်။ သတ်မှတ်ထားတဲ့အတိုင်း လိုအပ်ချက်ပေါ် မူတည်ပြီး ဦးထုပ်၊ မျက်မှန် ၊ အနွေးထည် ၊ ဖိနပ်၊ ခါးပတ် စတာတွေပါ ချွတ်ခိုင်းတာကြောင့် တောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီး အစစ်ဆေးခံရပါမယ်။
(၄)လေယာဉ်စောင့် စီးရမယ့် Gate ရှာမယ်
လုံခြုံရေးစစ်ဆေးတဲ့နားကို ဖြတ်လာပြီးပြီဆိုရင်တော့ To Gate ဆိုတဲ့ ဆိုင်းဘုတ်တွေနောက် လိုက်သွားပါ၊ Boarding Pass လက်မှတ်ပေါ်မှာ ကိုယ်စောင့်စီးရမယ့် Gate နံပါတ်တွေ ရေးထားပါတယ်။ လိုက်ရှာပြီး Boarding Time မခေါ်ခင်ထိ အေးဆေးသက်သာစွာ အနားယူတာ စျေးဝယ် မုန့်စား ကော်ဖီသောက်ရင်း စောင့်နေရုံပါပဲ။ ဒီနေရာမှာ တစ်ခါတစ်လေ နဂိုစောင့်ရမယ့် ဂိတ်အပြောင်းအလဲဖြစ်တတ်တာကြောင့် သတိလက်လွတ်ကြီးနေလို့တော့မရပါဘူး ။ စိုးရိမ်တတ်သူဆိုရင်တော့ လက်မှတ်မှာပါတဲ့ ဂိတ်နားမှာစောင့်ဆိုင်းသင့်ပါတယ် ။ Last Minute မှ Gate ပြောင်းသွားတာကြုံတဲ့ခါ ကိုယ်မသိလိုက်ရင်တောင် တခြားသူတွေ အုပ်လိုက် နေရာရွေ့နေတာဆိုရင် မေးမြန်းပြီး လိုက်သွားလို့ရအောင်ဖြစ်ပါတယ်။ LED Board မှာ ဖော်ပြနေသလို ကောင်တာကနေ ကြော်ငြာပေးတတ်ပါတယ်။
(၅) Boarding Pass ဖြတ် လေယာဉ်ပေါ်တက်မယ်
လေယာဉ်ပေါ်တက်ဖို့ခေါ်မယ် Boarding Pass လုပ်ရတော့မယ်ဆိုရင် အသံနဲ့ကြေငြာပါပေးပါတယ် ။ အများအားဖြင့် Business Class က အရင်ဝင်ရပြီး Economy Class ကတော့နောက်မှ ဝင်ရပါတယ် ။ လေယာဉ်ပေါ်ရောက်ပြီဆို ကိုယ့်ရဲ့ ခုံနံပါတ်အတိုင်း လိုက်ရှာပြီး ထိုင်ရုံပါပဲ ။ မျက်စိလည်မှစိုးရင် လေယာဉ်မယ်/လေယာဉ်မောင်တွေကို လက်မှတ်ပြပြီးမေးနိုင်ပါတယ်။
(၆) လေယာဉ်ဆိုက်ပြီ လူဝင်မှုကြီးကြပ်ရေးဂိတ် - Immigration ဖြတ်ပါမယ်
ကိုယ့်ခရီးစဉ်အတိုင်း လေယာဉ်ဆိုက်ရောက် Landing ဖြစ်ပြီဆိုရင် ဆိုရင်တော့ လေယာဉ်ပေါ်ကဆင်းပြီး ဆိုက်ရောက် - Arrival ဆိုတဲ့ Sign အတိုင်းလိုက်သွားပါ၊ ပထမဆုံး Immigration ကို ဖြတ်ရမှာဖြစ်ပြီး ကိုယ့်မှာပါတဲ့ passport / visa စာရွက်စာတမ်းတွေကို Officer ကစစ်ဆေး ကြည့်ရှုစစ်ဆေးပြီး ဝင်ခွင့်တုံးထုပေးပြီးရင် သူတို့နိုင်ငံအတွင်း ဝင်လို့ရပါပြီ။ နိုင်ငံအလိုက် လက်ဗွေနှိပ်တာ ၊ scan ဖတ်တာ စတာတွေက လိုအပ်သလို လုပ်သွားလိုက်ရုံပါပဲ ။ မလုပ်တတ်ရင်လည်း သူတို့ပြောသလိုသာ လုပ်လိုက်ပါ ။ နိုင်ငံတကာကို လေယာဉ်နဲ့ ခရီးသွားတဲ့ခါ သက်ဆိုင်ရာနိုင်ငံအလိုက် ဝင်ရောက်ခွင့်တွေအတွက် သတ်မှတ်ချက်တွေကို ပြည့်ပြည့်စုံစုံ ပြင်ဆင်သွားတာက အရေးကြီးဆုံးအချက်ပါပဲ ။ ဘာအတွက်လာတယ် ဘယ်လောက်ကြာမယ် ဘာတွေလုပ်မယ်ဆိုတာမျိုး မေးမြန်းလာရင် ပြောဆိုနိုင်အောင့် ပြင်ဆင်သွားသင့်ပါတယ် ။
(၇) အထုပ်အပိုး ရွေးပါမယ် - Baggage Claim
လေယာဉ်စီးခြင်းရဲ့ နောက်ဆုံးအဆင့်အနေနဲ့ Immigration က ထွက်တာနဲ့ ကိုယ့်ရဲ့ လေယာဉ်က ဘယ်နံပါတ်မှာ အထုပ်အပိုးတွေ ရွေးရမယ်ဆိုတာ ကြည့်ပါ ။ LED Board တွေနဲ့ ကြော်ငြာပေးထားပါတယ်။ ကိုယ်က ကြည့်လို့မတတ်ဘူးဆိုရင် လေယာဉ်ပေါ်မှာ အတူပါလာသူများနောက် လိုက်သွားပါ ။ ဘေးက ခရီးသွားဖော်တွေကို မသိတာ မေးမြန်း အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့ ။ အထုပ်စောင့်ယူပြီးပြီဆိုရင်တော့ လိုအပ်တဲ့ Sim Card ဝယ်တာ ငွေလဲတာတွေ လေဆိပ်မှာတင် လုပ်လို့ရတာမို့ လုပ်ပြီး ကိုယ်ဆက်သွားမယ့်နေရာကို ဆက်သွားလို့ရပါပြီ။
ဒီအဆင့်တွေက လေယာဉ်စီးပြီး ခရီးသွားမယ့်သူတွေအနေနဲ့ ဖြတ်ကျော်ရမယ့် အခြေခံ အဆင်လေးတွေ ဖြစ်ပါတယ် ။ မသိထားရင် မျက်စိလည်ပြီး စိုးစိမ်တတ်ကြပေမယ့် သိသွားပြီဆိုရင် အခက်အခဲမရှိ လေဆိပ်ဝင်ထွက် လေယာဉ်နဲ့ ပျော်ရွှင်စွာ ခရီးသွားနိုင်မှာဖြစ်ပါတယ် ။
လေယာဥ်နဲ့ ခရီးသွားရမှာ ဆောင်ရန်ရှောင်ရန်တွေကိုလည်း အလျဉ်သင့်သလို ဖော်ပြပေးပါဦးမယ်ရှင့်။
📌ထိုင်းနိုင်ငံတွင်း ရထားလက်မှတ် ၊ ကားလက်မှတ် များကို Ticket Solution မှာ ဝယ်ယူရရှိနိုင်ပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံတွင်း နှင့် နိုင်ငံတကာ ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များကိုလည်း ဝန်ဆောင်ခ အခမဲ့ဖြင့် ဝန်ဆောင်မှုပေးနေပါပြီရှင့်။
Phone +95 9252854351
Viber +95 9252854351
Thai +66 0654143217
#ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်
#လေယာဉ်လက်မှတ်များ