20/09/2022
တစ်ခါတုန်းက ရွှေပြည်ကြီးက ရုပ်ရှင်နယ်သို့တခေါက်
ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စုကျော်ကာလတွေကစလို့ ရွှေပြည်ကြီးက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းတွေမှာ ကားတိုင်းနီးပါး မပါမဖြစ်တဲ့ ကန်တော်ကြီး၊ ကရဝိက်နဲ့ မျှော်စင်ကျွနိးတွေဘက် ရောက်ဖြစ်တယ်။
ကရဝိက်မှာ မဂ်လာဆောင်ရင်၊ ကန်တော်ကြီးကရေခဲမုန့်စားရရင်၊ မျှော်စင်ကျွနိးက တေးသံစုံရှိုးပွဲတွေကြည့်ခဲ့ရရင် သင့်အသက်လည်း ၄၀ ကျော်ရောပေါ့။ 😁😁
ရွှေရောင်တဝင်းဝင်းနဲ့ ကရဝိက်ကြီးနဲ့ ကန်တော်ကြီးတစ်ဝိုက်နေရာတွေဟာ ရုပ်ရှင်ဇာတ်လမ်းတွေထဲမတော့ မပါမဖြစ်ကို ထည့်ရိုက်ရတဲ့နေရာတွေ။ Landscaping ကောင်းကောင်းပြန်လုပ်ပြီး အထဲမှာ ဆိုင်ခနိးတွေ၊ စားသောက်ဆိုင်တွေနဲ့ လူအင်မတန်စည်ကားခဲ့တဲ့နေရာတွေ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလတွေမှာ မျှော်စင်ကျွန်းမှာ အမြဲလုပ်တဲ့ ရှိုးပွဲတွေဟာ လူငယ်တွေအပြည့်နဲ့အင်မတန်စည်ကားခဲ့ပါတယ်။ နောက်ဆုံးပေါ် ဒီဇိုင်းဆန်းတွေနဲ့ ဆယ်ကျော်သက်တွေ ခြေချင်းလိမ်ခဲ့တဲ့နေရာတွေပေါ့။
ကန်တော်ကြီးစောင်းရဲ့ ရှုခင်းကြည့်တဲ့ ရှူခင်းသာနေရာကျယ်ကြီးဆိုရင် ရွှေတိဂုံဘုရားကို တန်းနေအောင်ဖူးရပြီး ကရဝိက်ကြီးနဲ့ ကန်ရေပြင်က တိုက်လာတဲ့ လေကောင်းလေသန့်နဲ့ အင်မတန် လှပပြီး လူစည်လှတဲ့နေရာတွေပါ။
စုံတွဲတွေ ကျက်စားပျော်ရွင်ကြရာနေရာဆိုတော့ နေရာတိုင်း ထီးကလေးတွေကိုယ်စီနဲ့ ရေကန်စပ်နားတွတ်ထိုးနေကြသူတွေကို မမြင်ချင်မှအဆုံး။
ရိုက်ကွင်းရိုက်ကွက်နေရာတွေက လှတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ကားကြီးမှန်သမျှ ရှုတင်တည်ပြီး ရိုက်နေကြ ဒီနေရာတွေမှာ နေ့တိုင်းနီးပါး ရိုက်ကွင်းက အပြည့်ဖြစ်နေတတ်တာ။
ဒီနေရာတွေကို မရောက်တာ ဆယ်စုနှစ်တစ်နှစ်နီးပါးကျမှ ရောက်ဖြစ်တယ်။ ကိုဗစိဖြစ်ကတည်းက ပိတ်ထားလိုက်ရတဲ့နောက်၊ ခုပြန်ဖွင့်ချိန်မှာ ဘလိုတွေတောင် ဖြစ်တာပါလိမ့်လို့ အံ့ဩမိရတယ်။
ကြမ်းတွေကျိူးပဲ့ပြီး ကန်ဘောင်လက်ရမ်းတွေ ကျိူးကျနေတဲ့ ရွှေတိဂုံကို လှမ်းဖူးလို့ရတဲ့ရှုခင်းသာကြည့်နေရာ၊ ရေညှိတွေအလိပ်လိပ်တက်နေတဲ့ မျော်စင်ကျွန်းထဲက ဆိုင်ခန်းဟောင်းဆိုင်းဘုတ်တွေ၊ လူသူရှင်းလို့ ခြုံတွေကများလို့၊ အပင်တွေပေါက်နေပြီး ရေညှိအထပ်ထပ်နဲ့ မှိုင်းညိူ့ညို့ ကရဝိက်ကြီး၊ ခြောက်တိခြောက်ကပ် စားသောက်ဆိုင်တချို့၊ ပြိုကျနေတဲ့ဆိုင်ခန်းဘောင်တွေ၊ အရာရာဟာ လုံးဝကို ပြောင်းလဲသွားတယ်။ ကန်တော်ကြီးထဲလဲ တချို့နေရာတွေမှာ မှော်တွေပြည့်လို့။ ချယ်ရီ အက်ဖ်အမ်ဆိုတဲ့ ဆိုင်းဘုတ်ကလဲ တွဲကျပြီးရေညှိတွေနဲ့။
သစ်လွင်တောက်ပခဲ့တဲ့အရာတွေ အားလုံးးလုံးဝပျောက်ဆုံးသွားခဲ့ပြီး အရင်ကစည်ကားခဲ့တာတွေဟာပုံပြင်ထဲကလို။ ဒီထဲကို လာလည်ပြီး ထိုင်နေကြတဲ့တချို့ စုံတွဲ ၂ တွဲ ၃ တွဲတော့တွေ့ရတယ်။ ဝင်ကြေးကောက်ပြီးတော့ တော့ ဖွင့်ပေးနေတာရှိတယ်။ တစ်ဦး ၅၀၀ ကျပ်။
ဘာရယ်မဟုတ်ဖူး၊ ဖြစ်၊ ပျက်တွေ မြန်ဆန်တဲ့ အကြောင်းတရားကို တွေးမိရတယ်။ ဒီနေရာကို တာဝန်ယူထားတဲ့သူတွေလဲ maintenance fee မတတ်နိုင်တော့ဘူးနဲ့တူရဲ့။
ခုတော့ အရင်က နိုင်ငံခြားရုပ်ရှင် တွေထဲကလို နှစ်ဘယ်လောက်ကြာသောအခါဆိုပြီး ရိုက်ပြလို့ရနေလောက်ပါပြီ။