02/03/2024
ဇာတ်မင်းသားလေး သိန်းဇော်တို့
နာမည်ကြီးခဲ့တဲ့ ခေတ်တုန်းက မန္တလေး မြောက်ပြင်က
ကားဘော်ဒီထုကြ ဆေးသုတ်ကြတဲ့ ဆိုင်တွေဖက်မှာ
တစ်ရက် သူတို့ ဇာတ်လာ က တယ်။
ဇာတ် က နေတုန်းမှာ မန္တလေးသိန်းဇော်နဲ့
သူ့ညီတို့ ဇာတ်စင်ပေါ်မှာ က,နေရင်း
ပြောကြ ဆိုကြရာက သူညီက ပြောတယ်။
"အစ်ကိုက နာမည်ကြီးတဲ့သူ ဖြစ်နေလို့
ပရိတ်သတ် ရှိတာပါ" တဲ့ ။
"တကယ်တော့ ကျွန်တော်က
အက ပိုကောင်းပါတယ်" တဲ့ ။
ပန်ထျာကျောင်းမှာ တုန်းကဆို သူဘယ်လို
အက ဆုတွေ ဘာတွေ ရခဲ့တာတွေ ပြောတယ်။
သိန်းဇော်ကလည်း
သူ့အကကောင်းလို့ ပရိတ်သတ်ရှိတာ
ပရိတ်သတ် အားပေးတာ
မင်းသား'က' သူကြိုးစား ကနိုင်လို့
ဘာညာ ပြောကြ ငြင်းကြတယ်ပေါ့လေ။
ဒီလိုနဲ့ သူတို့က ဒီလိုဆို
ဒို့နှစ်ယောက် ပြိုင်က မလားပေါ့။ ဟန်နဲ့
နောက်တစ်ယောက်ကလည်း
စိန်လိုက်လေ ပြိုင်က,ကြမယ်ပေါ့။
ဘယ်သူ ပိုကောင်းသလဲဆိုတာ
ဘယ်လို ဆုံးဖြတ်ကြမလဲဆိုတော့။
တစ်ယောက်က ဒီလိုလုပ်ဆိုပြီး
ဇာတ်စင်ပေါ်ကနေ အလယ်မှာ ရပ်ပြီး
လက်ကလေးနဲ့ တစ်ဝက်တိတိနေရာမှာ ပိုင်းလိုက်တယ်။
ဒီဖက်ခြမ်းက ကျွန်တော့်ပရိတ်သတ်
ကျန်တစ်ဖက်ခြမ်းက အစ်ကို့ပရိတ်သတ် ဘာညာပေါ့။
ဒီလိုလုပ်ကြမယ် တစ်ယောက်တစ်လှည့်စီ က,ကြမယ်၊
အစ်ကို က, ပြီးလို့ ဒီဖက်က အားပေးကြတဲ့ လက်ခုတ်သံနဲ့
ကျွန်တော် က ,ပြီးလို့ ကျန်တဲ့ ဖက်က လက်ခုတ်သံ
ပြိုင်မယ်ဆိုပြီး က, ကြတယ်။
ဒီလိုနဲ့ တစ်ဖက်က ကလိုက် သူ့ပရိတ်သတ်ကို
အားပေးဖို့ပြောလိုက် လက်ခုတ်တီးလိုက်ကြ
နောက်တစ်ဖက်က ကလိုက်
ကျန်တဲ့ဖက်က သူတွေကို ပိုကျယ်အောင်
လက်ခုတ်တီးခိုင်းလိုက် လုပ်ပြီး ပြိုင်ကြတယ်တဲ့ ။
__________________________________________
( အဲဒီအကြောင်းကို ပြောပြတာက မန္တလေးမှာ
UD မီးစက်နဲ့ နာမည် စကြီးခဲ့တဲ့ မန္တလေးက
လုပ်ငန်းရှင်ကြီး UD ဦးခင်မောင်ဝင်း
UD Khin Maung Win က ပြောပြတာပါ။ )
စိတ်ဝင်စားစရာကောင်းတာက ဒီလိုနဲ့ က,ကြရင်း
ကိုယ့်ဖက် မဟုတ်တဲ့ သူက က,ရင်
ဘယ်လောက်ကောင်းကောင်း လက်ခုတ် မတီးကြတော့ဘူး တဲ့။
ဒီဖက်က က,ရင် ဟိုဖက်က လက်ခုတ် မတီးဘူး
ဟိုဖက်က က,ရင် ဒီဖက်က လက်ခုတ်မတီး ဖြစ်ပြီး
ကိုယ့်ဖက်က က,တာနဲ့
ကိုယ် အစွမ်းကုန် လက်ခုတ် တီးကြ တယ်တဲ့ ။
___________________________________________
သူ သုံးသပ်ပြတာက
ကိုယ့် မြန်မာလူမျိုးတွေများ ဘက်ခွဲရတာ လွယ်မှလွယ်
ဇာတ်စင်ပေါ်ကနေ လက်ကလေးနဲ့
ဒါ.. မင်းဖက် .. ဒါ.. ငါ့ဖက် လုပ်လိုက်တာနဲ့
၂-ဖက်
မိတ်ဆွေတွေ သူငယ်ချင်းတွေ အချင်းချင်း
သူ့ဖက် ကိုယ့်ဖက်နဲ့ဘဲ အားပေးကြတော့ တယ်တဲ့။
မြန်မာတွေက အဲ့လို ဘက်နဲ့ဘဲ နေချင်သတဲ့ ။
__________________________________________
စကားဝိုင်းက အခြားတစ်ယောက်က ဝင် ပြောတယ်။
ရွာမှာ ရွာဦးကျောင်း ၂-ကျောင်း ရှိခဲ့ရင် ၂-စု
ဒီဖက် ဘုန်းကြီး ရွာသားအုပ်စုနဲ့
ဟိုဖက် ဘုန်းကြီး ရွာသားအုပ်စု ရှိကြတယ်။
၂-ကျောင်းက မတည့်တာ များတယ်။
ရွာတောင်ခြမ်း.. မြောက်ခြမ်း တည့်ဖို့
တောင်ရွာ မြောက်ရွာ မတည့်ဖို့ ချနေဖို့ လိုတယ်တဲ့။
ရွာ၂-ရွာ ပြိုင်နေမှ မတည့်မှ
ရွာသားတွေ စည်းလုံး တယ်တဲ့။
ဒီလိုဘဲ
တောင်ရွာ မြောက်ရွာ တည့်ဖို့ အခြား မြို့နယ်နဲ့ ပြိုင်မှ
သူတို့ချင်း ပြန်တည့် သတဲ့ ။
ဒါကြောင့် ..
မြန်မာလူမျိုးတွေဟာ ဘက်နဲ့ နေချင်ကြတယ်။
သူရဲကောင်းကို မက်တယ်။ အားကိုးတယ်။
ယှဉ်ပြိုင်မှုကို ခုံမင်တယ် လို့ စကားဝိုင်းမှာ သုံးသပ်မိကြ ပြောဆို မိကြတယ်။
ဘာရယ်လို့ မဟုတ်ပါဘူး ..
ကိုယ်တွေလူမျိုးကို အထာသိ သူတိုင်းက
ကိုယ်လူမျိုးကို အချဉ်ကြီးလို့ အပိုင် သဘောထားပြီး
လိုသလို .. လိုတဲ့သူကို သွေးခွဲလိုက်ကြတိုင်း
အလိုတူ အလိုပါ နဲ့ လွယ်လွယ်လေးပဲ ။
သွေးခွဲကြ.. အချင်းချင်းချကြ ..ဘက်တွေ နဲ့ ဆော်ကြ
ကွဲကြ ပြဲကြတွေ .. တွေ့နေလို့ပါ။
UD ကြီးပြောသလို
[ လေထဲမှာ လက်ကလေးနဲ့တောင် ဘက်ခွဲလို့ ရတဲ့
လူမျိုးဆိုတာလေး သတိရမိ လို့ပါ။ ]
ဘက်ခွဲခံလို့
ဘက်ကွဲနေသမျှတော့
ပျက်စီးနေကြ ဦးမှာပါပဲ..