21/07/2022
မကွေးတိုင်း၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထုတို့တွင် စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ပြီး စစ်ရဟတ် ယာဉ်၊ တိုက်လေယာဉ် များဖြင့် ပစ်ခတ်၊ တိုက်ပွဲ မဖြစ်ဘဲ ကျေးရွာများကို ဦးတည်ပစ်ခတ်နေ
ရန်ကုန်၊ ဇူလိုင် ၂၁
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ နယ်တို့တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ စ တင် ပြီး စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ကာ လေကြောင်းတိုက်ခိုက်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို ဦးတည်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ဂန့်ဂေါမြို့နယ် ၊ မြစ်သာမြစ် အနောက်ဘက်ခြမ်းဒေသများသို့ စစ်တပ်က စစ်ရဟတ်ယာဉ်များ တိုက်လေယာဉ်များဖြင့် ဗုံးကျဲချကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း မွန်းလွဲ ၂ နာရီဝန်းကျင်အ ချိန် ဟားခါးလမ်းခွဲနှင့် မြစ်သာမြစ်တမံအကြားသို့ လေကြောင်းဖြင့် ဗုံး ၁၈ လုံးထက်မနည်းကျဲချသွားကြောင်း ဒေသခံများက ပြောသည်။
"ဂန့်ဂါ၊ထီးလင်းဘက် ဖုန်းလိုင်းတွေဖြတ်ထားတာ ၃ ရက်ရှိနေပါပြီ။ အဆက် အသွယ်လုံးဝမရဘူးဖြစ်နေပါတယ်။ တိုက် ပွဲ မရှိဘဲ လေကြောင်းကိုအသုံးပြုပီး တိုက်နေတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်တွေ အဖြတ်ခံထားရလို့ ဘာတွေ ထိခိုက် ပျက်စီးလဲဆိုတာ အသေးစိတ် မသိတာ။ ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ ဗုံးကျဲတာ။ ကြည့်ရတာ PDF စခန်း ရှိနိုင်တယ်ဆိုတဲ့ နေရာတွေကို သူတို့ထင်မြင်ချက်တွေနဲ့ ရမ်းသမ်း ဗုံးကျဲနေတာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
လေကြောင်းမှ ဗုံးကျဲပြီးနောက် မြေပြင်တွင်လည်း စစ်ကြောင်းတချို့ လှည့် လည်ပြီး နယ်မြေရှင်းလင်းရေးဟုခေါင်း စဉ် တပ်ကာ စစ်ကြောင်း ထိုးလျက်ရှိကြောင်း၊ လက်ရှိတွင် လမ်းမကြီးအတိုင်း မသွားကြဘဲ တောနင်း၍ စစ်ကြောင်း လှုပ်ရှားမှုများ မြင်တွေ့ရကြောင်း ဒေသခံတချို့ကဆိုသည်။
"ခြေကျင်စစ်ကြောင်းတွေက အရင်လို လမ်းမကြီးတွေ သိပ်မသုံးတော့ဘူး။ ရွာတစ်ရွာဝင် စခန်းချ။ ပတ်ဝန်းကျင်ကို လေ့လာ။ နောက်တစ်ရွာကို ဆက်သွား။ အဲဒီလိုမျိုး။ သူတို့ကြည့်ရတာ ဘယ်ကိုဦးတည်ဆိုတာမျိုးလဲရှိပုံမရဘူး။ ကြုံသ လို ချီတက် စခန်းချ နယ်မြေတွေ လိုက်လှည့်နေတဲ့ပုံစံပဲ" ဟု ဂန့်ဂေါဒေသခံတစ်ဦးက ပြောဆိုသည်။