05/05/2023
ကျမ (ကျွန်မ) ကလေ မြန်မာစာ ဆရာမ ဖြစ်နေလို့ပဲလား မသိ! မြန်မာစာနဲ့ ပတ်သတ်လာရင် စိတ်ထဲ အထိမခံ (Sensitive) ဖြစ်တာမျိုး ရှိတယ်။ တကယ်တော့လေ ... မြန်မာစာဆရာမ ဖြစ်မှ မဟုတ်ပါဘူး။ အလယ်တန်းမှာ ကတည်းက အဝေးရောက် သူငယ်ချင်းတွေနဲ့ စာရေးတဲ့အခါ အဲဒီခေတ်က ခေတ်စားခဲ့တဲ့ (အခုခေတ်လဲ တကျော့ပြန် ခေတ်စား) ရေးနည်းမျိုး "တယ်" ကို "တရ်" လို့ ရေးရင် နည်းနည်းမှ သဘောမကျခဲ့သလို လိုက်တုပ ရေးဖို့ မပြောနဲ့။ သူများရေးလို့ ဖတ်ရရင်တောင် ဘဝင် တော်တော်မကျခဲ့သူ ရယ်ပါ။
ကျမအနေနဲ့ စာသင်ခြင်းက စီးပွားရေး ဖြစ်တာမို့ရယ်၊ ကိုယ့် အကောင့်လေး အတတ်နိုင်ဆုံး သန့်ရှင်းစေချင်လို့ အမုန်းပွားစေတဲ့ post မျိုး ၊ သူများကို Against ဖြစ်စေတဲ့ post မျိုး ၊ ကိုယ့်စိတ်ထဲမှာ မှန်တယ်လို့ ထင်ပေမယ့် သူများနဲ့ ငြိနိုင်တဲ့ comment မျိုး ဆိုရင် မတတ်နိုင်ဆုံး မိမိကိုယ်ကိုယ် ထိန်းချုပ်ပြီး ရှောင်ရှားလေ့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အကောင့်ကို ကိုယ်လေးစားလို့ရယ်၊ Business related account ဖြစ်နေတာရယ်ကြောင့်ပါ။ သို့သော် ခြွင်းချက်အနေနဲ့ လူဆိုတော့ တစ်ခါတစ်ရံ (ထိန်းချုပ်ချင်လဲ) စိတ်ကို လွှတ်ပြီး စိတ်လိုလက်ရ မန့်တတ်တာမျိုးလဲ ရှိပါတယ်။
ဒီတစ်ခါတော့ ကျမ အများနဲ့ Against ဖြစ်ချင်ဖြစ်ပါစေ... ။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်မထားချင်ဘဲ စာရေးချင်မိပါတယ်။
"အများညီရင် ဤ က ကျွဲဖြစ်" ဆိုပေမယ့် အဲလိုလဲ အဖြစ်မခံနိုင်လို့ပါ။ တကယ်ဆိုရင် ဒီလိုတွေ ရေးနေ၊ ပြောနေကြတာ မြင်တွေ့ကြားသိ နေရတာ တော်တော်ကြာနေပေမယ့် (ဆရာ လုပ်သလို ဖြစ်မှာစိုးလို့ ၊ ရေးနေ/ ပြောနေကြသူ လူတစ်စုကို Against လုပ်သလိုမျိုး အမုန်းပွားစေမယ့် အရာကို မပြောလိုတာကြောင့်) မြင်ရ ၊ ကြားရတိုင်း စိတ်မသက်မသာနဲ့ လစ်လျူရှုပြီး အဲဒီ post/ video ကို skip လိုက်တာချည်းပါပဲ။
ခုတစ်ခါတော့ အောင့်မထားနိုင်တော့လို့ ဖွင့်ထုတ်ရေးလိုက်ပါပြီလေ...။
အခုခေတ် Facebook ပေါ်မှာ (လုပ်) ရေးကြတဲ့ မြန်မာစာ အရေးအသားတစ်ခု...။ ကျမလေ... ဖတ်လိုက်မိတိုင်း စိတ်ထဲက ရွစိ ရွစိ နေအောင် မုန်းသလို အဲဒီလို အရေးအသားကိုလဲ Modernized Writing Style ရယ်လို့လဲ ဘယ်လိုမှ ဘယ်တော့မှ မခံစားရသလို မြန်မာလူမျိုးတွေ ကိုယ့်မြန်မာစာကို ကိုယ်ပြန်ဖျက်စီးနေတယ်လို့ပဲ ခံစားရပြီး တော်တော်ကို နှမျောတသ ဖြစ်ရပါတယ်။ စာ/ စကားကို Modernized ဖြစ်ဖြစ်ရေးချင်၊ ပြောချင်သူတွေ၊ ဗန်းစကား ပြောရတာ အာတွေ့သူတွေ၊ အများအာရုံစိုက်အောင် ရေးရတဲ့ Commercial Content Writers တွေနဲ့ online sellers တွေ ပြောလေ့/ ရေးလေ့/ သုံးလေ့ ရှိကြပေမယ့် ကျမကတော့ Totally NO ပါ။
အကြောင်းကတော့ မြန်မာစာ/စကားမှာ Verb (ကြိယာ) / Noun (နာမ်) နေရာတိုင်းမှာ တမင်ကို Adjective in Writing (အရေး နာမဝိသေသန) တွေ ပြောင်းပြီး ထွင်ပြီး လုပ်ပြော၊ လုပ်ရေး နေကြတဲ့ ကိစ္စရပ်ပါ။
ဥပမာ - "ချစ်တို့ရေ" ဆို အဆင်ပြေနေပါလျက် "ချစ်သောလေး တို့ရေ" ၊ "အရမ်းစားကောင်းတယ် /တာပဲ" လို့ ပြောရင် လူတိုင်း နားလည်နေပါလျက် "အရမ်း စားကောင်းသော ပါနော်" စသဖြင့် မြန်မာစာမှာ ဝါကျတစ်ခုရဲ့ နောက်ဆုံးမှာ "တယ်/ တာ / သည်/ ပါ" စသဖြင့် အမြဲ ကြိယာလိုက်ပြီး သုံးနှုန်းရမယ့် နေရာမှာ တမင်ကို "သော" ဆိုတဲ့ အရေး နာမဝိသေသနကို ကြိယာနေရာ ဝါကျရဲ့ နောက်ဆုံးမှာ ရေးနေ၊ ပြောနေ၊ သုံးနေကြတာဟာ တော်တော့်ကို စိတ်ပျက်စရာပါ။
(** စာရေးနေတုန်း foodpanda လာလို့ ဒီနားနဲ့ post တင်ထားနှင့်ပြီး ဒီနားကနေ ဆက်ရေးပါမယ်။)
နောက်ဥပမာတစ်ခု - "ဒီပစ္စည်းကို ဒီဈေးနဲ့ရတာ အရမ်းတန်သောပါနော် ချစ်သောလေးတို့ရေ".... ဒီလို အရေး / အပြောမျိုးကို ဘယ်လိုမှကို မခံစားနိုင်၊ ခံစားလို့ မရတာပါ။ မြန်မာစကားကို မြန်မာဆန်ဆန် ရိုးရိုးရှင်းရှင်း (Subject + Object + Verb) အသုံးအနှုန်းနဲ့ "ဒီပစ္စည်းကို ဒီဈေးနဲ့ရတာ အရမ်းတန်ပါတယ်နော် အချစ်ကလေးတို့ရေ" လို့ တိတိပပ ပြောလို့ ရနေပါလျက် (နိုင်ငံတကာမှာ သူများတွေ ကိုယ့်ကိုယ်ပိုင် ယဥ်ကျေးမှု အမွေအနှစ်ကို တန်ဖိုးထား/ ထိန်းသိမ်း/ ဖြန့်ဝေပြီး ကမ္ဘာသိအောင်လုပ် နေကြချိန်မှာ) ဘာလို့များ မြန်မာစာကို မြန်မာတွေကိုယ်တိုင် ဖျက်လိုဖျက်ဆီး ရေးနေ/ ပြောနေ / ဘောင်မဝင် တန်းမဝင် ဆန်းသစ်နေကြလဲ မသိဘူးနော်။ အဲဒီအတွက် ပြန်ရတဲ့ အကျိုးအမြတ်က ဘာလဲ??
အခုဆိုရင် ကိုယ်တွေ မြန်မာတွေ တော်တော်များများ ဂျပန် ထွက်ကြဖို့ သင်လိုက်ကြရတဲ့ ဂျပန်စာတွေ ... ။ N4, N3, N2, N1 ... သူတို့စာတွေကို ဖျက်ပြော၊ ဖျက်ရေး (စတန့်ထွင်ရေး) တဲ့အခါ ကိုယ်လိုချင်တဲ့ အောင်မှတ် (Language Certificate) ရပါ့မလား စဥ်းစား ကြည့်စမ်းပါ။ နောက်ပြီး တစ်ကမ္ဘာလုံးကို Kpop, Kdrama တွေနဲ့အတူ လွှမ်းမိုးလာ တတ်ချင်လာတဲ့ အိုပါးတို့စာ/စကား။ ပိုဆိုး... အမြင့်ပြော၊ အနိမ့်ပြောတွေနဲ့ ။ အမြင့်ပြောရမယ့်နေရာမှာ အနိမ့်ပြော သွားသုံးမိရင် သူတို့က လက်ခံရဲ့လား? တစ်ကမ္ဘာလုံး သုံးနေတဲ့ အင်္ဂလိပ်စာတော့ ပြောမနေနဲ့တော့။ အစကတည်းက စည်းကမ်းစည်းမျဥ်းတွေ အများကြီးနဲ့။ မယုံရင် Present Tense နဲ့ သုံးရမယ့်နေရာမှာ Past Tense သုံးကြည့်ပါလား! ပြီးတော့ အင်္ဂလိပ်လူမျိုးဆိုတာ အစကတည်းက သူတို့ကိုယ်သူတို့ လူမျိုးကြီးလို့ လက်ခံထားပြီး Proud ဖြစ်နေကြတာ။ အစားအသောက် စားတာကအစ Table Manner တွေ ဗရပွနဲ့။ အင်္ဂလိပ်စာကို ဖျက်လိုဖျက်ဆီး လုပ်ဖို့ဆိုတာ ဝေလာဝေး...။ ဘယ်နိုင်ငံကဖြစ်ဖြစ် ၊ ဘာနိုင်ငံသားဖြစ်ဖြစ် လူကြားထဲ အင်္ဂလိပ်လို ရေးကြ၊ ပြောကြတဲ့အခါမှာ အသုံးအနှုန်း၊ သဒ္ဒါ မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် ပြောနိုင်၊ ရေးနိုင်ရင် Impressive ဖြစ်ကြရသလို ၊ လက်မခံနိုင်တဲ့ အမှားတွေ အများကြီးနဲ့ လူအများကြားမှာ ပြောဆိုရေးသားမိရင် အနည်းနဲ့အများတော့ လူပုံအလယ် Impression Down ကြရတာပါပဲလေ...။
အဲဒါကြောင့် မိမိစာကို မိမိမချစ်လို့ ဘယ်သူချစ်မလဲ? မိမိစာကို မိမိ တန်ဖိုးမထားလို့ ဘယ်သူထားမလဲ? အဲဒါကြောင့် မိမိ မြန်မာစာ/ မြန်မာစကားကို မိမိကိုယ်တိုင် ဖျက်လိုဖျက်ဆီး မပြောမိဖို့၊ မရေးမိဖို့ ဒီနေရာကကနေ အားလုံးကို မေတ္တာရပ်ခံပါ လိုပါတယ်။ အရင်က ရေးမိ / ပြောမိရင်လဲ အခုကစပြီး ဒီလို လုပ်တာကို စွန့်လွှတ်လိုက်ဖို့နဲ့ အခုကစပြီး နောက်ထပ် မိမိကိုယ်တိုင်ရဲ့ အသိစိတ်ကိုယ်စီနဲ့ မရေးကြ မပြောကြမိအောင် ဂရုစိုက်ကြဖို့ရာ မေတ္တာရပ်ခံလိုပါတယ်ရှင်။
မသိလို့ မှားတဲ့အမှား (ဥပမာ - ကိုယ့်ကိုယ်ကိုယ် လို့ ရေးရမယ့်နေရာမှာ ကိုယ့်ကိုကို လို့ ရေးတာမျိုး) ၊ Accidentally အမှား (ဥပမာ - အစ်မ လို့ ရေးရမယ့်နေရာမှာ အမလို့ ရေးတော့ နေရင်းထိုင်ရင်း ရေးခံရတဲ့သူက တိရစ္ဆာန် အမ ဖြစ်သွားရော) အဲဒါမျိုးက သူမသိလို့ပါလား ရယ်လို့ ခွင့်လွှတ်စိတ်၊ နားလည်ဖော့တွေးပေးစိတ် နဲ့ လက်ခံပေးလို့ ရသေးပေမယ့် တမင်တကာကို စတန့်ထွင်လိုစိတ်နဲ့ မိမိစာ/စကားကို ဖျက်လိုဖျက်ဆီး လုပ်နေကြတာကတော့ တော်တော်ကို အသည်းယားစရာပါလေ...။ မသိလို့ မှားတဲ့အမှားမျိုးတောင် နောက်နောင် ကိုယ်က သတ်ပုံအမှန်ကို (စာတွေ ဖတ်ရင်းက ဖြစ်ဖြစ်) သိသွားတယ်ဆိုရင် နောက်နောင် စာရေးတဲ့အခါ ဂရုတစိုက်နဲ့ ရေးသင့် ၊ ပြောသင့်တယ် မဟုတ်လား!!!
အဲဒီတော့ အချုပ်ပြောရရင် ကျမတို့တွေ ကိုယ်ပိုင် ယဥ်ကျေးမှု အမွေအနေနဲ့ ခိုင်ခိုင်မာမာ ရှိပြီးဖြစ်တဲ့ မိမိစာ ၊ မိမိစကား(မြန်မာစာ ၊ မြန်မာစကား) ကို မိမိကိုယ်တိုင် ဖျက်ဆီးနေသလို မလုပ်မိကြဖို့ တစ်ဦးတစ်ယောက်ချင်းစီက ဂရုတစိုက် ထိန်းသိမ်းစောင့်စည်းကြရင်း ကိုယ့်ယဥ်ကျေးမှု ၊ ကိုယ့်အမွေကို ကိုယ်တိုင် တန်ဖိုးထားကြရအောင်နော်... 🥰
စာရေးသူ = ခင်မြန်မာ (Burmese Language Teacher)