31/07/2020
📢📢📢😷😷😷
ကမ်းခြေလာလည်တဲ့သူတွေကို ဧရာဝတီ တိုင်းအစိုးရက ကူးစက်ဥပဒေနဲ့အရေးယူမယ်
================================
ဇူလိုင်(၃၀)ရက်၊ ၂၀၂၀။
ချောင်းသာနဲ့ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းမှာရှိတဲ့ကမ်းခြေတွေဆီ လာရောက်လည်ပတ်သူအားလုံးကိုကူးစက် ရော ဂါကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်က O Media ကို ပြောပါတယ်။ ဇူလိုင်လ(၃၁) ရက်နေ့ကနေ သြဂုတ်လ(၃) ရက်နေ့အထိ ပိတ်ရက်ဖြစ်တာကြောင့် ကမ်းခြေတွေအပါအဝင် ဘုရားဖူးအစီအစဉ်တွေနဲ့ အလည်အပတ်သွားရောက်ကြဖို့ စီစဉ်ထားကြသူတွေများတာကြောင့် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့က ကမ်းခြေတွေပြန်ဖွင့်နိုင်ဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီကိုတင်ပြထားတယ် အခုထိတော့အကြောင်းပြန်ကြားလာတာမရှိသေးတာကြောင့် ပြန်ဖွင့်ဖို့ခွင့်ပြုမိန့်မကျသေးတဲ့ကာလမှာ လာလို့မရဘူးပေါ့ဗျာ။ ဟိုတယ်တွေကလည်းလက်ခံလို့မရဘူး အဲတာတွေကိုတော့ မလိုက်နာရင်အရေးယူရမယ့်အနေအထားပေါ့ဗျာ။” လို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဦးကျော်မြင့်က O Media ကို ပြောပါတယ်။ အခုအချိန်မှာတော့ ချောင်းသာကမ်း ခြေနဲ့ငွေဆောင်ကမ်းခြေတို့ကို လာရောက်လည်ပတ်သူတချို့ရှိနေပြီး ခွင့်ပြုမိန့်မရဘဲပြန်ဖွင့်နေတဲ့ ဟိုတယ်တချို့လည်းရှိနိုင်တယ်လို့ သူကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးထဲမှာရှိတဲ့ အများပြည်သူတွေလာရောက် အပန်းဖြေလေ့လာမှုတွေ ပြုလုပ်လေ့ရှိတဲ့ဒေသတွေကို ပြီးခဲ့တဲ့မတ်လကတည်းကစပြီးပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
Credit: Myanmar Tourisms Updates News