29/06/2024
မိုးရာသီမှာ trekking သွားခြင်းဟာ ပုံမှန်ထက်ထူးခြားတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်သလို ပုံမှန်ထက် ခရီးသွားပိုနည်းတတ်တာဖြစ်လို့ ပိုမိုလှပတဲ့ သဘာဝပတ်ဝန်းကျင်ကို အေးအေးလူလူ ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိုးရာသီမှာ trekking သွားခြင်းဖြင့် အခြားဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်မလဲ ဆိုတာကို စုစည်းဖော်ပြပေးလိုက်ရပါတယ်ရှင်။
၁။ စိမ်းစိုလှပပြီး အရောင်အသွေးစုံလင်တဲ့ သဘာဝရှုခင်းများ
နွေရာသီတစ်လျှောက်လုံး ဖုန်အလိမ်းလိမ်းနဲ့ မှိုင်းညှို့နေခဲ့တဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးနဲ့ သစ်ပန်ပန်းမန်တွေဟာ ဝဿန်ကာလမိုးစက်မိုးပေါက်တွေကြောင့် တစ်ဖန်ပြန်လည်စိမ်းလန်းစိုပြေလာလို့ စိမ်းစိုလှပပြီး အရောင်အသွေးစုံလင်တဲ့ သဘာဝပတ်ဝန်းကျင်အလှကို အပြည့်အဝခံစားနိုင်မှာပါ။
၂။ ရေတံခွန်များနှင့် စမ်းချောင်းများ
မိုးရာသီမှာ အလှပဆုံးတွေ့မြင်နိုင်မယ့် သဘာဝအလှတရားနောက်တစ်ခုက ရေတံခွန်နဲ့ စိမ့်စမ်းချောင်းရေများပဲဖြစ်ပါတယ်။ နွေရာသီမှာ ရေခမ်းခြောက်မှုကြောင့် အလှအပအချို့ ယိုယွင်းနေခဲ့ရတဲ့ ရေတံခွန်တွေဟာ မိုးရာသီမှာတော့ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းနဲ့ ရေပန်းအလှတွေကြောင့် ပိုမိုလှပတဲ့ သဘာဝအလှတရားကို ရှုမြင်ခံစားနိုင်မှာဖြစ်ပါတယ်။
၃။ အေးမြတဲ့ ရာသီဥတု
မိုးစက်မိုးပေါက်တွေကြောင့် ဂိန်မာန်နွေကာလတစ်လျှောက်လုံး မြင့်မားတဲ့ အပူချိန်တွေဟာ သိသိသာသာလျော့ကျသွားရသလို အထူးသဖြင့် ကလောလို တောင်ပေါ်ဒေသမှာ မိုးရာသီနေ့ခင်းအပူချိန်ဟာ ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ် ဝန်းကျင်သာရှိလို့ အေးမြတဲ့ ရာသီဥတုကို တွေ့ကြုံခံစားနိုင်မှာပါ။ ဒါ့အပြင် မြှူနှင်းမှုန်တွေနဲ့အတူ ဝှေ့ခတ်လာတဲ့ လေနုအေးလေးက နှာနုဖျားကို ရိုက်ခတ်တဲ့အရသာကို ထိတွေ့ ခံစားခွင့်ရနိုင်ဦးမှာပါ။
၄။ ခရီးသွားဧည့်သည်များ ထူထပ်မှုမရှိခြင်း
ပုံမှန်ခရီးသွားရာသီမှာ ခရီးသွားဧည့်သည်လည်ပတ်မှုများတဲ့ ကလော၊ ပုဂံ၊ အင်းလေး အစရှိတဲ့နေရာတွေကို သွားရောက်လည်ပတ်မယ်ဆိုရင် ထူထပ်လွန်းတဲ့ခရီးသွားဧည့်သည်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး သေချာပေါက်ကြုံတွေ့ဖူးကြမှာပါ။ ဒါပေမယ့် မိုးရာသီမှာ ခရီးသွားမယ်ဆိုရင်တော့ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာအခြေအနေကို သေချာပေါက် ရှောင်လွှဲနိုင်မှာဖြစ်လို့ ဒေသန္တရဗဟုသုတနဲ့ သဘာဝပတ်ဝန်းကျင်အလှကို အေးအေးလူလူခံစားနိုင်မှာဖြစ်ပါတယ်။
၅။ ဓာတ်ပုံလှလှရိုက်ကူးနိုင်မယ့်အခွင့်အရေး
မြသားကဗ္ဗလာခင်းကျင်းထားတဲ့အလား စိမ်းစိုလှပနေတဲ့ တောတောင်လျှိုမြောင်ရှုခင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အလှကို အေးအေးလူလူခံစားရင်း ဓာတ်ပုံလှလှရိုက်ကူးနိုင်မှာဖြစ်သလို စက္ကန့်ပိုင်းအတွင်း ကျဆင်းလာတဲ့မြှူနှင်းမှုန်များကြောင့် ပိန်းပိတ်အောင် မှောင်သွားတဲ့အချိန် မိုးတိမ်တွေကြား လမ်းလျှောက်နေရသလို ခံစားရစေမယ့် အခိုက်အတန့်တွေက တောင်ပေါ်ဒေသရဲ့ မိုးရာသီကာလမှာသာ ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။
၆။ မတူညီတဲ့သဘာဝအလှတရားများကို တစ်ပြိုင်နက်ခံစားခွင့်ရနိုင်ခြင်း
မနက်ပိုင်းမှာ ကြည်လင်တဲ့ မိုးကောင်းကင်နဲ့ သဘာဝအလှတရားကို တွေ့မြင်နေရနိုင်ပေမယ့် မွန်းလွဲပိုင်းမှာ ရုတ်တရက် ရွာသွန်းလာတဲ့မိုးစက်မိုးပေါက်များကြောင့် သဘာဝအလှကို မတူညီတဲ့ အမြင်တစ်ခုနဲ့ ခံစားရနိုင်သလို မိုးရွာပြီးနောက် ကျဆင်းလာတတ်တဲ့ မြူနှင်းမှုန်တွေကြောင့် ရှစ်ခွင်တိုင်းမှိုင်းညှို့ပြီး ပိန်းပိတ်အောင်မှောင်သွားတတ်တဲ့အခိုက်အတန့်မျိုးကိုလည်း တွေ့ကြုံခံစားနိုင်ဦးမှာပါ။
၇။ အတွေ့အကြုံခံစားချက်အသစ်များ ရရှိနိုင်ခြင်း
သစ်ရွက်ပေါ်ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်တွေရဲ့အသံတွေ၊ ထင်းရှူးရွက်အဖျားမှာ တွဲလွဲခိုနေတဲ့ မိုးရေစက်လေးတွေ၊ မိုးကျပြီးစ မြေသင်းနံ့လေးတွေ၊ မြူနှင်းတွေကြား အချို့တစ်ဝက်ကိုသာ တွေ့မြင်နိုင်မယ့် ရှမ်းရိုးမတောင်တန်းကြီးတွေဟာ မိမိအတွက် တမူထူးခြားတဲ့ ခံစားချက်ရှုခင်းတွေဖြစ်သလို စေးကပ်နေတဲ့ မြေသားပေါ်မှာ trekking လျှောက်တဲ့အခါ ချော်လဲတာမျိုး၊ ရွံ့ပေကပ်နေတာမျိုးနဲ့ ကျွတ်တွယ်ခံရတာမျိုးတွေဟာ မိုးရာသီမှာ trekking လျှောက်ခြင်းဖြင့်သာ ရရှိနိုင်မယ့် အတွေ့အကြုံတွေဖြစ်ပါတယ်။.
၈။ စိတ်နှင့်ခန္ဓာကိုယ်အတွက် အားအင်သစ်များပေးစွမ်းနိုင်ခြင်း
ရွံ့နွံထူထပ်ပြီး ချောမွတ်တဲ့ လမ်းတွေမှာ trekking လျှောက်ရခြင်းဟာ မိမိကိုယ်ခန္ဓာအတွက် ကောင်းမွန်တဲ့ workout တစ်မျိုးဖြစ်စေနိုင်သလို လတ်ဆတ်အေးမြတဲ့လေနုအေးလေးတွေနဲ့ လှပတဲ့သဘာဝရှုခင်းတွေကို မိမိရဲ့ စိတ်နဲ့ကိုယ်ခန္ဓာကို ပြန်လည်လတ်ဆတ်ပြီး အားအင်သစ်တွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
၉။ ပိုမိုသန့်ရှင်းစင်ကြယ်တဲ့ လေထု
မိုးစက်မိုးပေါက်တွေဟာ လေထုထဲမှာရှိတဲ့ ဖုန်နဲ့အခြားအညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးနိုင်တာဖြစ်လို့ ပိုမိုသန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ခွင့်ရမှာဖြစ်ပါတယ်။
၁၀။ နောက်ဆုံးအချက်အနေနဲ့ကတော့ မိုးရာသီမှာ trekking လျှောက်မယ်ဆိုရင် မိုးကာ (သို့) ထီးနဲ့ လမ်းလျှောက်တတ်ပါမယ်၊ အခန့်မသင့်ရင် ချော်လဲပါမယ်၊ ကျွတ်တွယ်ခံရပါမယ်၊ မိုးရွာထဲ လမ်းလျှောက်ရလို့ အဝတ်အစားအပိုခပ်များများထည့်ခဲ့ဖို့လိုပါမယ်၊ ပေါ့ပါးပြီး ခြောက်သွေ့လွယ်တဲ့အဝတ်အစားနဲ့ ခြေအိတ်အပိုဆောင်ခဲ့ဖို့လိုပါမယ်။ နောက်ဆုံးလမ်းဆက်မလျှောက်နိုင်တော့ရင် ဆိုင်ကယ်ကယ်ရီ (သို့) ကားငှားပြီး ပြန်ရနိုင်ပါတယ်။
🤠🤠🤠
ကလောမှာ trekking လျှောက်ချင်လို့ပဲဖြစ်ဖြစ်၊ ကားငှား/ဆိုင်ကယ်ငှား/ဟိုတယ်နဲ့ကားလက်မှတ်အတွက် ဆက်သွယ်စုံစမ်းလိုပါက TiC Myanmar ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
TiC Myanmar
09960018027
09958106081