Golden Myanmar

Golden Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Myanmar, Tour Agency, Hledan, Yangon.
(14)

ကျမတို့ အညာမှာက ပခုက္ကူ သီဟိုရှင်‌ ဘုရားပွဲ မှာ ‌ရောင်းတယ့်‌ ထန်းရွက်‌ ခ‌မောက်‌ နဲ့ ဝါးခ‌မောက်‌ အသုံးများတယ်‌ ။အခုမှဘဲ ...
13/08/2022

ကျမတို့ အညာမှာက ပခုက္ကူ သီဟိုရှင်‌ ဘုရားပွဲ မှာ ‌ရောင်းတယ့်‌ ထန်းရွက်‌ ခ‌မောက်‌ နဲ့ ဝါးခ‌မောက်‌ အသုံးများတယ်‌ ။
အခုမှဘဲ ကြားဘူးတယ်​ ပက္ကလာ
သူငယ်‌ချင်း တ‌ယောက်‌ စာကို copy လုပ်‌လာပါတယ်‌ ။
Sai Kenneth
"ပက္ကလာ/ပီလမ/ဘီလား/ဂဒူး/
အဲ့ယွန်း/အယ်ယွန်း/ကျော်ကု"
တက္ကသိုလ်ဝင်တန်းပြဋ္ဌာန်းစာ
ဖြစ်သည့် ရေသည်ပြဇာတ်မှ
"တိုင်းရက်သည့်ပက္ကလာ၊
မိုးရွာသည်နှင့်၊အခန့်သင့်၊
အခွင့်ဆီဆိုင်၊..."ဆိုသည့်စာသားမှ
ပက္ကလာ။ စလူ၊ဝါးဖက်၊အင်ဖက်၊ဓနိရွက် အစရှိသည့်ဒေသထွက်အရွက်များကို ဝါး၊ နှီးတို့ဖြင့်
တွဲစပ်ဖန်တီးကြလေ့ရှိသည်။အထက်ပါအတိုင်း‌ဒေသအလိုက်အခေါ်အဝေါ်ကွဲများစွာရှိပါသည်။
ထိုစကားသည်အလောင်းမင်းတရား
လောင်းလျာဦးအောင်ဇေယျအတွက်ပေါ်လာသည့်
တဘောင်ဆိုတာမှ မြစ်ဖျားခံ
လာသည်ဟုဆိုကြသည်။
ပက္ကလာကို မက်ကလာ(ရခိုင်ကမ်းရိုးတန်း) ပီလမ/
ဘီလား(မြစ်ဝကျွန်းပေါ်ဘက်)၊
ဂဒူး (မွန်)၊အယ်ယောင်း(မြိတ်)
အဲ့ယွန်း(ထားဝယ်)စသည်ဖြင့်ဒေသအလိုက်အမျိုးမျိုး
ခေါ်ကြသည်ဟုမှတ်သား
ရပါသည်။
ကရင်ဒေသအချို့မှာ ကျော်ကု
လို့ခေါ်ကြပါသေးသည်။
တဘောင်က(ဧကန် ဟုတ်မဟုတ်တော့ သုတေသနမ‌တွေ့
မိသေးပါ။)
"မြောက်ဘက်တစ်ခို၊
မုဆိုးဖို။
မိုးခိုပါစို့ ညည်းနှင့်တို့။
တိုင်းရက်သည့် ပက္ကလာ
မိုးရွာသည်နှင့် အသင့်ပဲ။
တို့မေလေး မကျေဖျက်၊
မြောက်ဘက်ကယ်တဲ့
ဟိုတစ်ခို ပြေးစို့နှစ်ကိုယ်။
ဆိုင်းစိုစို
ရန်လုံးဖြိုပါတဲ့
ပြည်ရွှေဘို ထိုမြို့မှာ
မိုးခိုစို့လေး"
🌧️ 🌧️ 🌧️ 🌧️ 🌧️ 🌧️ 🌧️ 🌧️
"ပက္ကလာ"
"တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်" ဟူသည်မှာ ရှေးမြန်မာ့စကားပုံတစ်ခု ဖြစ်သည်။
မိမိကိုယ်နှင့်တိုင်း၍ ရက်ထားသကဲ့သို့သော ပက္ကလာကို မိုးရွာသည့်အချိန်နှင့် တိုက်ဆိုင်စွာ အခန့်သင့်ရသကဲ့သို့ အကြောင်းနှစ်ရပ်သည် အခန့်သင့်စွာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာခြင်းကိုဆိုလိုပါသည်။
"တိုင်း၍ရက်တဲ့ပက္ကလာ၊ မိုးရွာသည်နှင့် မှာ၍ထားသည့်နှယ် အလားသင့်ဆိုသကဲ့သို့၊"
ကျည်းကန်ရှင်ကြီးမေတ္တာစာ
"ငွေထုပ်ချင်းတူ၊
လူရွယ်ချင်းမျှ၊
အလှချင်းနတ်ဖက်၊
တိုင်း၍ရက်တဲ့ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်၊
အခွင့်ဆီဆိုင်၊ အတိုင်အလှည့်၊ အစပ်ဖြင့်တည့်လှပေါ့။"
စလေဦးပုည၏ ရေသည်ပြဇာတ်
ကိုးကား
(ဇွန်လ ၂၀၀၈) မြန်မာစကားပုံ, စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း၊ မြန်မာစာအဖွဲ့ဦးစီးဌာန
အစဖော်ပေးသည့်
ဆရာ Aung Kyaw Oo အား
ကျေးဇူးအထူးတင်ပါ၏။
#ဂဒူး

ဖန်ခုန်တမ်း ကစားနည်း▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️ဖန်ခုန်တမ်း ကစားခြင်းကိုလည်း မြန်မာကလေးများကစားလေ့ ရှိကြသည်။ ဤကစားနည်းတွင်...
16/07/2022

ဖန်ခုန်တမ်း ကစားနည်း
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
ဖန်ခုန်တမ်း ကစားခြင်းကိုလည်း မြန်မာကလေးများကစားလေ့ ရှိကြသည်။ ဤကစားနည်းတွင် မိန်းကလေးများချည်း သာ ကစားလေ့ရှိကြလေသည်။ ကစားရာတွင် ဦးစွာ၌ မိန်းကလေးနှစ်ဦးက မြေကြီးပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်ကြရပြီးမှ ခြေထောက်များကို ဆင်းထား ကြပြီးလျှင် ခြေဖဝါးချင်းထိသည် အထိ ပြင်၍ ထိုင်ကြသည်။ ထိုနောက် ခြေထောက်တစ်ဘက်၏ ခြေချောင်းကလေး များပေါ်တွင် အခြားခြေထောက်တစ်ဘက်၏ ဖနောင့်ကို တင်လိုက်ပြီးလျှင် အခြားတစ်ယောက်ကလည်း သူ၏ ခြေထောက်၏ ဖနောင့်ကို ပထမ ကစားသူ၏ ဒုတိယ ခြေထောက်၏ ခြေဖျားများပေါ်တွင် တင်လိုက်သည်။ ပြီးလျှင် နောက်ခြေတစ်ဘက်၏ ဖနောင့်ကိုပါ ပထမ ခြေထောက်၏ ခြေချောင်းများပေါ်တွင် တင်လိုက်ပြန်သည်။ ထိုသို့ ခြေဖဝါးလေးခု တစ်ခုပေါ်တစ်ခု တင်ထားသည်ကို ကစားသူတယောက်က လွတ်အောင်ခုန်ရလေသည်။ ထိုသို့ခုန်လိုက်ရာတွင် လွတ်လျင် မျက်နှာချင်းဆိုင်ထိုင်သော ကစားသူနှစ်ဦးအနက် တစ်ဦးက သူ၏ လက်ကို တင်လိုက်ပြီးလျှင် လက်မကို ခြေမပေါ်တွင်တင်၍ အပေါ်သို့မြှောက်၍ ထွားထားလိုက်လေသည်။ ပြီးလျှင် ခုန်သူကို အခုန်ခိုင်းသည်။ ခုန်ရာ၌ လွတ်လျင် နောက်တစ်ဖန် ကျန်လက်တစ်ဘက်ကို ပထမ လက်တစ်ဘက်ကဲ့သို့ ထွားထားပြန်သည်။ ပြီးလျှင် ခုန်စေပြန်သည်။ ထိုအချိန်၌လည်း လွတ်သေးလျှင် အခြားတစ်ယောက်၏ လက်ကို ထွာစေပြီးလျှင် အခုန်ခိုင်းပြန်သည်။ ထိုအချိန်၌လည်း လွတ်အောင် ခုန်နိုင် သေးလျှင် အခြားလက်တစ်ဘက်ဖြင့် ထွာထားပြန်သည်။ ပြီးလျှင် ခုန်စေပြန်သည်။ လွတ်အောင်မခုန်နိုင်လျှင် ထိုသူသည် ထိုင်သူအဖြစ် ဆောင်ရွက်ရသည်။ မျက်နှာချင်းဆိုင် နှစ်ယောက်၏ ခြေလေးဘက်နှင့် လေးထွာကို လွတ်အောင် ခုန်နိုင်လျှင် ဘေးမှ ကစားသူ တစ်ယောက်က ထိုင်နေသူနှစ်ယောက်အနက် တစ်ယောက်အနီးဘေးတွင် ဝင်ထိုင်လိုက်ပြီးလျှင်ကူ၍ ထွာပေးရလေသည်။ ထိုနှစ်ထွာကိုပင် လွတ်အောင်ခုန်နိုင်လျှင် အခြားကစားသူ တစ်ဦးက ဝင်ကူသူနှင့်မျက်နှာချင်းဆိုင်ဘက်ရှိ ကစားသူ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီးလျှင် သူ၏ အထွာများဖြင့် ကူ၍ မြင့်စေလေသည်။ လွတ်အောင်မခုန်နိုင်သူက ခြေထောက်များကိုဆင့်၍ ပေးခြင်းဖြင့် တစ်လှည့်စီ ကစားသွားနိုင်လေသည်။ ထိုသို့ အမြင့်ခုန်နိုင်သောအခါတွင် မျက်နှာချင်းဆိုင် ထိုင်နေသော ကစားသူနှစ်ဦးသည် သူတို့၏ ခြေထောက်များကို ကားလိုက်ကြလေသည်။ ထိုအခါ ခြေထောက်လေးချောင်းသည် လေးထောင့်နီးပါး ဖြစ်နေလေသည်။ ထိုသို့ဖြစ်နေသည့် ကွက်လပ်အတွင်းသို့ ခုန်သူ၏ ခြေထောက်တစ်ဘက်ကို ထားပြီးလျှင် ကျန်တစ်ဘက်ကို အပြင်တွင်ထားလေသည်။ ထိုနောက် ခုန်ပြီး လျှင် ခြေထောက်ချင်းကိုလဲလိုက် ရလေသည်။ တစ်ခါတစ်ရံတွင် ထိုသို့ မခုန်ဘဲ ခြေထောက်လေးချောင်းကြောင့် ဖြစ်ပေါ်နေသော လေးထောင့်နီးပါးကို အတွင်းသို့ ခြေထောက်မကျစေဘဲ လွတ်အောင်ခုန်ရလေသည်။ ပထမနည်းဖြင့် ခြေထောက် တစ်ဘက်စီကို တစ်လှည့်စီ အတွင်းနှင့်အပြင်သို့ ကျအောင် ခုန်စဉ်တွင် မူးစေ့၊ မတ်စေ့၊ ကျပ်ပြား၊ ဒဂသ္မါး၊ မုံ့ဝယ်စား၊ ဗိုက်ကား၊ သေလိုက်ဟူ၍ တစ်ခါခုန်လျှင် တစ်မျိုးစီ ဆိုသွားလေ့ရှိသည်။
ကျမ်းကိုး။ ။
မြန်မာ့စွယ်စုံကျမ်း

#ဖန်ခုန်

☀ သာသနာနဲ့တွေ့တဲ့ အခါမှာ ငရဲမရကြစေနဲ့ ☀လူတွေဟာ ကုသိုလ်ယူရမယ့်နေရာမှာငရဲယူကြတယ်၊ ဘုရားပွင့်လာတော့လူကောင်းတွေအဖို့မှာ ကုသိ...
10/07/2022

☀ သာသနာနဲ့တွေ့တဲ့ အခါမှာ ငရဲမရကြစေနဲ့ ☀

လူတွေဟာ ကုသိုလ်ယူရမယ့်နေရာမှာ
ငရဲယူကြတယ်၊ ဘုရားပွင့်လာတော့
လူကောင်းတွေအဖို့မှာ ကုသိုလ်များတယ်၊
မကောင်းတဲ့လူတွေ အဖို့မှာ အကုသိုလ်များတယ်၊
တို့ဘုရား ပွင့်လာတော့ တိတ္ထိတွေအဖို့မှာ
အကုသိုလ်မများပေဘူးလား၊

မာဂဏ္ဍီတို့မိသားစု ကြည့်ပါလား၊
မြတ်စွာဘုရားက ပုဏ္ဏားကြီးဇနီးမောင်နှံကို
ဘာပြောသလဲ၊
"ငါဘုရားဟာ မာရ်နတ်သားရဲ့ သမီးတော်များ
ဖြစ်ကြတဲ့ တဏှာ, အရတီ, ရာဂါတို့အပေါ်မှာတောင်
ဘာမှ မဖြစ်ပါဘဲနဲ့ သင့်သမီးလို ကျင်ကြီး
ကျင်ငယ်တွေ ပြည့်နေတဲ့ မာဂဏ္ဍီကို
ငါဘုရားက ခြေဖျားနဲ့တောင် မတို့လိုဘူး"လို့
ဒီလို ပြောလိုက်တော့ မာဂဏ္ဍီဟာ
ဘုရားအပေါ်မှာ ရန်ငြိုးဖွဲ့ပြီး တိတ္ထိတွေကို
အဆဲခိုင်းတာပဲ မဟုတ်လား၊
သူတို့မှာ ကုသိုလ် မရဘဲ ငရဲရတာပေါ့။

မာဂဏ္ဍီရဲ့အဖေ အမေတို့ကျတော့
ဘုရားတရားတော်ကို ကြားရတယ်ဆိုရင်ပဲ
အနာဂါမ်တွေ ဖြစ်ကုန်ကြတယ်၊
တချို့မှာ ဘုရားအသံ ကြားရတော့
ကုသိုလ် မဖြစ်ဘဲ အကုသိုလ် ဖြစ်ကြရတယ်။

ဒါ့ကြောင့် တရားကို ယူတတ်အောင်
ယူတတ်ကြရတယ်၊ ဘုရားပွင့်လာတာဟာ
တို့အတွက် ပွင့်လာတာပဲလို့ သိထားကြ၊

ဘုရားသာသနာနဲ့ တွေ့တုန်း အချိန်အခါမှာ
တွေ့ရကျိုးနပ်အောင် နေကြ ထိုင်ကြ၊

သာသနာနဲ့တွေ့တဲ့ အခါမှာ ငရဲ မရကြစေနဲ့၊
နောင် သာသနာနဲ့ ပြန်တွေ့ဖို့ဆိုတာ မလွယ်ဘူး၊
ဒီတစ်ခါ သာသနာနဲ့ လွဲသွားရင် မလွယ်တော့ဘူး။

#မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

♦ပတ္တမြား သမိုင်း စတင်ရာ ပြဒါးဓာတ်များ ကိန်းအောင်းရာမှ ဖြစ်လာသောကြောင့် "ပြဒါးများ" နောင်တွင် "ပတ္တမြား" ဟု ခေါ်ဆိုသည့် ...
06/07/2022

♦ပတ္တမြား သမိုင်း စတင်ရာ
ပြဒါးဓာတ်များ ကိန်းအောင်းရာမှ ဖြစ်လာသောကြောင့် "ပြဒါးများ" နောင်တွင် "ပတ္တမြား" ဟု ခေါ်ဆိုသည့် သမိုင်းအစမှာ မိုးမိတ်စော်ဘွားကြီး သိုဟန်ဖ လက်ထက် သက္ကရာဇ် ၅၇၉ ခုနှစ် ခန့်က ဖြစ်သည်။ ရှမ်းမုဆိုး သုံးယောက် တောလည်ထွက်ရင်း မျက်စေ့လည် လမ်းမှားကာ သဖန်းပင်ကြီး တစ်ပင်အောက်မှာ ညအိပ်နားခိုခဲ့ရာမှ မနက်မိုးလင်းလျှင် နိုးချင်း အနီးနားရှိ မြေစာတွေ ပြိုကျနေတဲ့ တောင်စောင်းတလျှောက်မှာ လူးလာခေါက်တုံ့ ဝဲပျံနေတဲ့ ကျီးတွေ၊ စွန်တွေ ကို မြင်နေရသည်။ ငှက်တွေ စူးစူးစိုက်စိုက် ဝိုင်းထိုး အော်ဟစ်ရာ နေရာဆီကို သွားကြည့်ရာ အသားတစ်ကဲ့သို့ နီးမြန်းပြီး နေရောင်ကြောင့် ဖြာလက်နေတဲ့ အနီရောင်ကျောက်တွေ အပုံလိုက် အစုလိုက် ကို မြင်တွေ့လိုက်ရသည်။ ထူးဆန်းနေတာကြောင့် တချို့ကို သယ်ယူလာပြီး စော်ဘွားကြီးအား ဆက်သရာမှ ပတ္တမြား တွေမှန်း သိရလေသည်။ စော်ဘွားကြီးလည်း ထိုနေရာသို့ လမ်းညွှန်ပြသစေပြီး ပတ္တမြားရှိရာမြေကို စောင့်ရှောက်ဖို့ သဖန်းပင်ကြီး အနီး ရွာတည် အခြေပြုရာမှ သဖန်းပင်ရွာ ဟူ၍ အမည်တွင်ခဲ့ကာ ရှမ်းလူမျိုးများ တဖြည်းဖြည်း အခြေချနေထိုင်လာရာက မိုးကုတ်မြို့ ဟူ၍ ပေါ်ပေါက်လာခဲ့ လေသည်။
♦မိုးကုတ် နှင့် ပိုင်ဆိုင်သူအဆက်ဆက်
မိုးမိတ်စော်ဘွားများ၏ လက်အောက်ခံ ဖြစ်ခဲ့သော်လည်း ဗမာဘုရင်များက တိုက်ခိုက်သိမ်းယူမှုများ
ရှိခဲ့ရာ ဗမာဘုရင်များက ပိုင်သည့် အခါရှိသလို မိုးမိတ်စော်ဘွားများ ပိုင်သည့်အခါလည်း ပိုင်ခဲ့သည် ဆို၏။ မင်းတုန်းမင်း လက်ထက်တွင် မိုးကုတ်မှ ပတ္တမြားတို့ကို တူးဖော်ပြီးလျှင် အနောက်နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်တို့အား မိုးကုတ်၌ ပတ္တမြား တူးဖော်လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ထိုအချက်ကလဲ အင်္ဂလိပ်တို့ရဲ့ မြန်မာပြည်ကို ပြင်သစ်တို့ထက် လက်ဦးရယူ သိမ်းပိုက်ရန် လိုပြီဟု တွေးထင်စေခဲ့သော အကြောင်းအရင်းများထဲမှ တရပ် ဖြစ်ခဲ့​ပြန်သည်။
♦အင်္ဂလိပ်ခေတ် မိုးကုတ်
မြန်မာတနိုင်ငံလုံးကို အင်္ဂလိပ်တို့ သိမ်းပြီးသည့် နောက်တွင် ပတ္တမြားတွင်းခရိုင်ဟု ဖွဲ့စည်းခဲ့၍ မိုးကုတ်သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့၏။ ၁၉၂ဝ ပြည့်နှစ်တွင် မိုးကုတ် ပတ္တမြားတွင်းခရိုင်ကို ဖျက်၍ ကသာခရိုင်နှင့် ပေါင်းလိုက်သောအခါ နယ်မျှသာ ဖြစ်လာလျက် မိုးကုတ်မြို့သည် နယ်ပိုင်ရုံးစိုက်မြို့ ဖြစ်ခဲ့ပြန်သည်။ စစ်ပြီးခေတ် ၁၉၄၇ ခုနှစ်တွင် မိုးကုတ်နယ်ကို ရှမ်းပြည်နယ် တောင်တန်းဒေသ နှင့် ပူးပေါင်းရန် ကြံစည်သော်လည်း မအောင်မြင်ခဲ့ဘဲ ၁၉၄၇ ခုနှစ်မှစ၍ ပြင်ဦးလွင်ခရိုင်တွင် နယ်တစ်ခုအဖြစ် ပါဝင်ခဲ့လေသည်။
♦မိုးကုတ်မြို့မှ ထင်ရှားသော ကျောက်များ
မိုးကုတ်မြို့မှ ပတ္တမြား၊ နီလာ၊ ဥသာဖယား၊ နီလာဖြူ၊ ထတ္တရာ၊ ဂေါ်မိတ်၊ ကြောင်၊ မှန်မီးပေါက်၊ စလင်း များအပြင် အခြား ကျောက်အမျိုးအစား (၃၀) ကျော်ခန့် ထွက်ရှိသည်။ ကျောက်တွေသည် အကြမ်းဖျဉ်းအားဖြင့်တော့ မြေကြီးထဲမှာရှိတယ် လို့ ပြောလို့ရပြီး သက်တမ်းရင့် ပျက်ပြုန်း မြေဆီလွှာဖြစ်တဲ့ (ဗြုံး) မြေလွှာထဲမှာ ရှိပါသည်။
"ဗြုံး" အလွှာ (၂) လွှာ ရှိရာ မြေပြင်ကနေ ပေ (၁၀၀) အတွင်းမှာ ရှိတဲ့ ဗြုံးလွှာကို ခါးဗြုံး၊ ပေ (၁၀၀) နဲ့ အောက်မှာ ထပ်တွေ့တဲ့ ဗြုံးလွှာကို အောက်ဗြုံး ဟု ခေါ်ပြီး ဗြုံးမြေလွှာများအပြင် သက်တမ်းရင့် စကျင်ကျောက်ခဲတွေ ထဲကလည်း ကျောက်များ ရရှိနိုင်သည်။
♦ကျောက်ရှာနည်း ၅ သွယ်
ကျောက်တွင်းဟု ခြုံပြီး ခေါ်ပေမယ့် နည်း ၅ နည်း ဖြင့် ကျောက် ရှာကြပါသည်။
(၁) လေးပေတွင်း
(၂) အင်းဗြဲ
(၃) မျောတွင်း
(၄) ခဲတွင်း (ဂဲတွင်း)
(၅) လူးတွင်း (လှိုင်ဂူတွင်း)
စသည်တို့ ဖြစ်သည်။
♦(၁) လေးပေတွင်း
လေးပေပတ်လည် တွင်းတူးပြီး အောက်တည့်တည့်ကို ထိုး ဖောက်ကာ အိမ်သာတွင်းတူးသကဲ့သို့ တူးပြီး ပေ (၂၀) ကျော်ပြီ ဆိုတာနဲ့ ပါတ်ပါတ်လည် နံရံ တွေကို တိုင်တွေ၊ သစ်တွေ ခံပြီး အခိုင်အမာ ပြုလုပ်ကြရသည်။ ပေ ၂၀ ထက် နက်လို့ မှောင်သွားလျှင် ဖယောင်းတိုင်၊ ဘက်ထ္တရီမီး၊ ဓါတ်မီး ထွန်း၍ ဆက်လုပ်ရသည်။ ဒီ့ထက် နက်လာပြီဆိုရင်တော့ စက်သီးတွေဆင်ကာ တူးပြီးသား မြေတွေကို အပေါ်တင်ရသည်။ ရေ ထွက်လာလျှင် ခပ်ထုတ်ရကာ မိုးရွာလျှင် တွင်းပါ ရေမြုပ်တတ်သေးသည်။ ပို၍ ဆိုးလျှင် လေပြတ်တတ်သည်။ လေပြတ်လျှင် ထွန်းထားတဲ့ ဖယောင်းတိုင်မီး ငြိမ်းမည် ဒါဆိုရင်တော့ အောက်ဆီဂျင် မရတော့သည့် အ​ခြေအနေဖြစ်သောကြောင့် အပေါ်ကို အမြန်ဆုံးပြန်တက်ရန် လိုသည်။ ယခုလို လေပြတ်တဲ့ပြသာနာကို အပေါ်ကလူက ဖားဖိုလေးကို ခြေနင်းလေးလုပ် နင်းပေးရင်း အောက်ထဲမှာ လေရအောင် လေပိုက်ချပေးထားရသည်။ နည်းနည်းအဆင်ပြေတဲ့ သူတွေကတော့ မော်တာလေး နဲ့ လေစက် ကို တွဲထားပြီး မီးအတွက်လည်း မီးစက်မောင်းထားပေးနိုင်သည်။ တခါတရံ တူးနေတဲ့ အောက်ဘက်မှာ ကျောက်ခဲအကြီးကြီးတွေ ခံနေလျှင် စို့ (သံချောင်းလုံး) တွေ နဲ့ ကျောက်ကို ထွင်း၊ ယမ်းထည့်ပြီး ဝါယာကြိုး နဲ့ ချိတ်ကာ အပေါ်ကိုအကုန်ပြန်တက်ပြီး ယမ်းခွဲကြသည်။ တစ်လုံးနှင့် မရလျှင် သုံးလေးလုံးလောက် တဆက်တည်း ခွဲရသည်။ ပြီးမှ ယမ်းငွေ့တွေကို လေနဲ့ မှုတ်ထုတ်ပြီး ဂဲတွေအရမ်းကြီးရင် တူနဲ့ထုခွဲကာ အပေါ်ကို စက်သီးနှင့် တင်ကြရသည်။
ဗြုံးလွှာရောက်လို့ ဗြုံးတွေ့ ပြီဆိုလျှင် တွင်းရဲ့ပါတ်လည်ကို ချဲ့ကာ ဒေါင်လိုက် လှိုက်စားတာ ဖြစ်တဲ့အတွက် အမိုးတွေ၊ ကြမ်းပြင်တွေ ကို သစ်၊ ဝါးတွေနဲ့ ခိုင်ခံ့အောင် ထောက်ခံထားရပြီး ပေ(၂၀) (၃၀) လောက်တော့ အများအားဖြင့် လှိုက်တူးကြသည်။ အဲ့ဒီအပြင်တော့ ဆက်ပြီးတူးတာ သိပ်မတွေ့ ရဘူး။ ဘာလို့လဲဆိုတော့ ပြိုကျမှာကြောက်လို့ပေါ့။ ဒီလောက် သစ်တွေ၊ ဝါးတွေနဲ့ ထောက်ထားတာတောင် ပြိုကျတာ၊ မြေဖိအား များလာလို့ တွင်းတွေ ပိညှပ်သွားတာ၊ အပေါ်တင်တဲ့ ခဲလုံး (ဂဲလုံး) တွေ စက်သီးပေါ်က ပြုတ်ကျတာ စတဲ့ နည်းပေါင်းစုံ နဲ့ အမျိုးမျိုး အသက်ဘေး ကျရောက်နိုင်သေးသည်။
ဗြုံးမြေလွှာတွေ ရပြီဆိုရင် လိုသလောက် အပေါ်ကို စက်သီးနဲ့တင်ပြီး ဗြုံးမြေကို ဆေးရသည်။
ပထမနည်းက ရေခွက်လို ဇကာပတ်ပတ်လည် နဲ့ ခွက်ကြီးထဲ ကိုထည့်ပြီး အားပြင်းတဲ့ နော်ဇယ်ပိုက်ကြီးတွေနဲ့ ထိုးပြီးဆေးကြသည်။ မြေတွေကုန် သွားလျှင် ခဲ (ဂဲ) နဲ့ ကျောက် တွေသာ ကျန်ကာ အဲ့ဒီထဲမှာမှ ဂဲအကြီးတွေကို ရွှေးထုတ်ပြီး ကျန်တာကို ဇကာအဝိုင်းလေးထဲ ထည့်ပြီး လှည့်ဆေး ရသည်။ ကိုယ်ဆေးတဲ့ထဲ ကျောက်ပါလျှင် ကျောက်က ပုံမှန်အားဖြင့် ဂဲတွေထက် အလေးချိန် ပိုစီးတာကြောင့် ရေထဲမှာ ဇကာကို လှည့်လိုက်တာနဲ့ အလည်ခေါင်မှာ လာစုနေတယ် ဒါ့ကြောင့် အလွယ်တကူ ယူလိုက်ယုံပါပဲ။
နောက်တစ်နည်းကတော့ ရေကန်တစ်ခု နဲ့ မြောင်းတစ်ခုလုပ်ပြီး မြောင်းရဲ့ အစွန်မှာ ဇလုတ်လေး (ရေခွက်အား မြေကြီးတွင် မြုတ်ထားသကဲ့သို့) လုပ်ထား ရသည်။ ဘာနဲ့ တူလဲဆိုတော့ ဆေးတံလိုမျိုးပေါ့။ ရေကန်ထဲမှာ ဗြုံးတွေကို ထည့် ပြီးတော့ ရေဆေးချလိုက်တယ် ရေထွက်မြောင်းကနေ ရေတွေဂဲတွေအကုန်လုံး ပါသွားတဲ့အခါ လေးတဲ့ ကျောက်တွေကပဲ ဇလုတ်ထဲ ရောက်တဲ့အခါမှာ ပြန်မထွက်နိုင်ပဲ မြေကြီး နဲ့ ပေါ့တဲ့အရာတွေသာ ပြန်ထွက် သွားပြီး ကျောက်တွေသာ ကျန်ခဲ့၏။ အဲ့ဒီ ကျန်ခဲ့တဲ့ ကျောက်တွေကို ဝိုင်းဇကာနဲ့ ဆေးချလိုက်ရင် အလယ်မှာ လာစုပါမယ်။
♦(၂) အင်းဗြဲ
ဒါကတော့ စက်ကိရိယာ အင်အား၊ လူအင်အား၊ ငွေအင်အား၊ အများကြီးသုံးကာ လုပ်ကိုင်ရပြီး ဒယ်အိုးကြီး တစ်လုံးကို မြင်ကြည့်လိုက်ပါ။ အင်းဗြဲဆိုတာ အဲ့ဒါပါပဲ။ တူးချင်တဲ့နေရာက မြေကြီး တွေကို စက်ကြီးတွေနဲ့ တူးပြီး ဘေးကိုတင် ကြာလာတော့ ရေအင်းကြီး ဖြစ်သွားသည်။ ဗြုံးလွှာကို မရောက်မချင်း တူးကာ တစ်ချို့ဆိုရင် တော်တော်ကို နက်သည်။ ဗြုံးလွှာကို တွေ့လျှင် တစ်ကြောလုံး တူးတင်ပြီး ဗြုံးဆေးလိုက်တာနဲ့ ရတာ များသလို ကုန်ကျစရိတ်လည်း များသည်။
♦(၃) မျောတွင်း
ဒါကတော့ တောင်ကမ်းပါးရံ တွေကို ရေနဲ့တိုက်ချပြီး အောက်မှာ ရေသွားမြောင်းအကြီးကြီးတွေ လုပ်ကာ
အဲ့ဒီမြောင်း အကြီးကြီးတွေကို ဗြုံးဆေးတဲ့ ရေကန် (ရေမှုံကန်) တွေဆီထိ ဆက်ထားလိုက်သည်။ အဲ့ဒီတော့ မရှင်းဘူးလား။ ဗြုံးလွှာထဲက ကျောက်ပါပါ၊ ရိုးရိုးမြေကြီးထဲက ကျောက်ပါပါ အကုန်ရတယ် ရှင်းရော။ သူကတော့ ငွေအင်အားသုံးရတာ သိပ်မများလှပါ။
♦(၄) ဂဲတွင်း
စကျင်ကျောက်သားတွေထဲကလည်း သက်တမ်းရင့် အရည်အသွေးလှလှ တဲ့ ကျောက်တွေအများကြီး တွေ့နိုင်တယ်ဆို ယုံနိုင်ကြပါ့မလား။ ၁၉၉၆ခုနှစ် လောက်မှာ ဟိုနားတစ်စ ဒီနားတစ်စ နဲ့ စကျင်လို ကျောက်ခဲထဲကနေ
ကျောက်တွေ စတွေ့လာပါပြီ။ အဲ့ဒီနောက်ပိုင်းမှာတော့ စကျင်ဂဲသား (အကြည်) တွေကို ရှာဖွေပြီး ထုခွဲကြတော့သည်။ ဒါမှလည်း အထဲမှာ ကျောက်ရှိရင် တွေ့မှာကိုး။ ၁၉၉၉ လောက်မှာ ဂဲကျောက်ဟာ ဘယ်လောက်အထိအောင် ခေတ်စားသလဲဆိုရင် အိမ်တိုင်းအိမ်တိုင်းရဲ့ မြေသားကြမ်းပြင်တွေမှာ ဖြူဖြူဖွေးဖွေးနဲ့ စကျင်ဂဲအမှုန်များ ခင်းထားတဲ့ ကြမ်းပြင်အဖြစ် ရောက်ရှိသွားပါတော့တယ်။ ယခု မိုးကုတ်မြို့ကို ရောက်မယ်ဆိုလဲ အဲ့ဒီအချိန်လောက်က လက်ရာတွေ မြင်တွေ့ရဦးမှာပါ။
နောက်ပိုင်း စကျင်တောင်ကြီးများကို မျက်စပစ်လာကြသည်။ ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေဟာ ကျောက်ဂဲတွင်းတွေကို ၁၉၉၉ ခုနှစ်လောက်မှာပဲ စတင် ဇောက်ချ လုပ်ကိုင်ပါတော့သည်။ ငွေအား၊ လူအား နဲ့ လုပ်ကိုင်ကြတာကြောင့် တစ်ချို့ကျောက်တောင် ကြီးတွေဆို (၆)လလောက် နဲ့ မြေမှုန့်ဖြူဖြူတွေ ဖြစ်သွားကြတဲ့ အထိပါပဲ။
ဂဲတွင်းမှ ထွက်ရှိသော ကျောက်များမှာ မြေတွင်းမှ ထွက်ရှိသော ကျောက်များထက် များသောအားဖြင့် အရည်အသွေး ပိုမိုကောင်းမွန်လေ့ရှိသည်။
ခဲတွင်း(ဂဲတွင်း)ထဲမှာ အထင်ရှားဆုံးကတော့ ကျောက်ပြသာဒ်ဘုရားတောင် ပါပဲ။ ကျောက်သား အတော်များများထဲမှာကို အဖိုးတန်ကျောက်တွေ ငေါလော ထွက်ပြီး မြင်နေရလို့ ဘုရားဂေါပကအဖွဲ့က အင်္ဂတေနဲ့လိုက်ပြီး ပိတ်ထားရတဲ့အထိပါပဲ။
♦(၅) လူးတွင်း (လှိုဏ်ဂူတွင်း)
လှိုဏ်ဂူတွင်း ဆိုတော့ နားလည်ဖို့လွယ်တာပေါ့။ သဘာဝကျောက်လှိုဏ်ဂူကြီးတွေ အထဲကို ၀င်ပြီးတော့ မီးလေးထွန်းသွား။ အနက်ထဲ ရောက်ပြီဆိုရင် တွေ့တဲ့မြေကြီးက ဗြုံးပဲ။ အိတ်နဲ့ထည့်ပြီး ကောက်ထမ်းလာခဲ့ အပြင်ရောက်မှ ဆေးလိုက် ပြီးပြီ။ တစ်ချို့လှိုဏ်ဂူတွေဆိုရင် လှိုဏ်ခေါင်းတွေ အများကြီးရှိတာကြောင့် လမ်းကို သင်္ဘောဆေးနဲ့ မှတ်သွား ရသည်။ ဒါမှမဟုတ်ရင်တော့ အပြန်လမ်း မမှတ်မိနိုင်ပါဘူး။ ပြန်လမ်းမရှိပေါ့။ အထင်ရှားဆုံးသော လှိုဏ်ဂူဆိုရင်တော့ အလံတစ်ရာလူး ပါပဲ။ မျက်စိ တစ်ဆုံးနက်ပြီး အခုအချိန်အထိ လှိုဏ်ဘယ်နှစ်ပေါက်ရှိလဲ၊ လမ်းဘယ်အထိ ပေါက်သလဲဆိုတာကို ဘယ်သူမှ ပြောနိုင်သူမရှိသေးပါဘူး။
♦ရိုးရာဓလေ့ နှင့် ယုံကြည်မှု
ရိုးရာဓလေ့ ယူံကြည်မှုအရ လုပ်ငန်းလုပ်ကိုင်မည့် ကျောက်တွင်း ရပ်ကွက်ထဲတွင် လုပ်ငန်းမစခင် အရင်ဦးဆုံး ဆိုင်ရာ၊ ပိုင်ရာ၊ နယ်ပယ်စောင့် "နတ်" ကို ရည်စူးကာ ကန်တော့ပွဲများထိုးပြီး ဆုတောင်းအပ်နှံခြင်း၊ ရိုးရာသစ်သားစင်များဖြင့် ဆောက်လုပ် ပူဇော်ခြင်းတို့ ပြုလုပ်ပြီးမှ စတင်လုပ်ကိုင်ကြသည်။
ကျောက်တွင်း၌ ထိခိုက်၍ သေဆုံးသူ ရှိခဲ့လျှင် နတ်စင် (၇) စင်ကို ကန်တော့ပွဲ၊ မုန့်ပွဲ၊ သစ်သီးမျိုးစုံ၊ မီးတိုင်များနှင့် ပသ တင်မြှောက် ပူဇော် တောင်းပန်ပြီးမှ ထိခိုက်သောတွင်းကို ထပ်မံ၍ လုပ်ကိုင်ရသည်။ တွင်းလုပ်သူတို့က မတင်မမြှောက်နိုင်လျှင် ရပ်ရွာ၌ အတူနေထိုင် သူတို့ကဖြစ်စေ (သို့မဟုတ်) မြို့ရွာ၌ အကြီးအကဲ လုပ်သူတို့ကဖြစ်စေ ဂရုစိုက်၍ ပြုလုပ်ကြမြဲ ဖြစ်လေသည်။
ဟိုးယခင်ကဆိုလျှင် မိုးကုတ်မြို့တွင် မတော်တဆမှုကြောင့် ရုတ်တရတ် အစိမ်းသေ သေသူ၊ ရိုးရိုးရောဂါ ဖြစ်၍ ကွယ်လွန်သူ၊ ဧည့်သည် အလည်အပတ်ရောက်ရင်း ကွယ်လွန်သူ ဟူ၍ ခွဲခြား သင်္ဂြိုဟ်ရန် သုဿာန်သင်္ချိုင်း (၃) ခု ခွဲခြား၍ ထားရသည်။
♦နတ်ကြီး ၇ စင်
နတ်ကြီး (၇) စင်ဟူ၍ အမည်တွင်သည့် မိုးကုတ်မြို့နယ်ကို စောင့်ရှောက်သော နတ်မောင်နှံ (၇) ဖော် နယ်ပယ်စောင့်နတ်များရှိရာ တည်နေရာများမှာ-
(၁) ရှမ်းစုရပ်ကွက်တွင် တည်ရှိသည့် ဘိုးဘိုးကြီးနတ်နန်း။
(၂) ရှမ်းစုရပ်ကွက် ချမ်းသာကြီးဘုရားတောင်ခြေတွင် တည်ရှိသည့် ဘိုးတော်မှိုင်းနတ်နန်း။
(၃) ရှမ်းစုရပ်ကွက် ချမ်းသာကြီးဘုရား တောင်ခါးပန်းတွင် တည်ရှိသည့် သော့ကိုင်သခင်မနတ်နန်း။
(၄) ရွှေကူရပ်ကွက် အနောက်မြောက်ဖက်တွင် တည်ရှိသည့် ရွှေတိုင် ဘိုးဘိုးကြီးနတ်နန်း။
(၅) က္ကိုဇကုဋ် ရပ်ကွက်နှစ်ကျိပ်ရှစ်ဆူဘုရားတောင်ခြေတွင် တည်ရှိသည့်
(၆) အောင်နန်းရပ်ကွက်တွင် တည်ရှိသည့် ကျောက်ကုလား ဘိုးဘိုးကြီးနတ်နန်း။
(၇) တောင်ကချင်ရပ်ကွက်တွင် တည်ရှိသည့် ချောင်းဆုံ ဘိုးဘိုးကြီး နတ်နန်းတို့ ဖြစ်သည်။
ထိုနတ်နန်းကြီး (၇) စင်အနက် ယခုနောက်ပိုင်းတွင် မြို့နယ်လုံးဆိုင်ရာအဖြစ် အများဆုံး ယုံကြည်ကိုးကွယ်ကြသည်မှာ ရှမ်းစုရပ်ကွက်အတွင်းရှိ ဘိုးဘိုးကြီးပင်ဖြစ်သည်။
ဘိုးဘိုးကြီးသည် မိုးကုတ်မြို့ကိုစောင့်ရှောက်သူ၊ မိုးကုတ်လုပ်ငန်းဆိုင်ရာများကို အကျိုးပေးမ, စနိုင်သူဟူ၍ ယုံကြည်ကြသလို ဆိုင်ကယ်ပြသူ၊ ကားပြသူများ၊ ကျောက်အရောင်းဝယ်လုပ်ငန်း အောင်မြင်အောင် လာရောက်ဆုတောင်း အဓိဌာန်ပြုကြသူများ၊ တွင်းမှ ကျောက်ကြီးကျောက်ကောင်းများ ထွက်ရှိရန်အတွက် ဆုလာတောင်းသူများ၊ ကုန်သည်ပွဲစားများ နှင့် အမြဲစည်ကားလျက် ရှိသည်။ ရှင်လောင်းများကို နတ်ပြရာတွင်လည်း ဘိုးဘိုးကြီးနတ်နန်းတွင်သာ လာပြလေ့ရှိသည်။
နတ်နန်းကြီး (၇) ခုလုံးအား မြို့နယ်လုံးဆိုင်ရာ ပွဲတော်အဖြစ် ပူဇော်ကိုးကွယ်မှုကိုလည်း တစ်နှစ်လျှင် နှစ်ကြိမ်
နတ်တော်လ နှင့် နယုန်လ စနေ သို့မဟုတ် အင်္ဂါ တစ်ရက်ရက်တွင် တစ်ပြိုင်တည်း ပြုလုပ်ကျင်းပ ကြပါသည်။ ပူဇော်ပသပုံမှာ တစ်မြို့လုံးရှိ ရပ်ကွက်များမှ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက် အလိုက် လူခွဲပြီး နတ်နန်းကြီး (၇) ခုလုံးသို့ ကျီးမနိုးမီအချိန်တွင် အရောက်သွားကာ မုန့်ဆီကြော် အနီ၊ အဖြူ၊ ငချိပ်ပေါင်း၊ ရာသီထွက်သီးနှံတစ်မျိုးမျိုး၊ (သရက်သီး ပေါ်ချိန်ဆိုလျှင် သရက်သီး၊ လိမ္မော်သီး ပေါ်ချိန်ဆိုလျှင် လိမ္မော်သီး) တို့ဖြင့် ကန်တော့ပွဲတင်၍ ပူဇော်ဆုတောင်းကြပါသည်။
ထူးခြားမှုအနေဖြင့် ဘိုးဘိုးကြီးနတ်နန်းသို့ တင်မည့် ကန်တော့ပွဲတွင်သာ အုန်းသီးထည့်ရပြီး အခြားနတ်နန်းများတွင်မူ ထည့်စရာမလိုပါ။ ကိုယ်ဝန်ဆောင်ရှိသည့် အိမ်များမှ လူများ မသွားရဘဲ ကန်တော့ပွဲ (သို့မဟုတ်) အလှူငွေလည်း လုံးဝ မထည့်ရပါ။
♦ကိုယ်ကျင့်တရား စောင့်ထိန်းလိုက်နာခြင်း
မြို့၏ ပင်မစီးပွားရေး လုပ်ငန်းဖြစ်သော ကျောက်မျက်တူးဖော်ရေး နှင့် ရောင်းဝယ်ရေး လုပ်ငန်းမှာ ကံတရားနှင့် တိုက်ရိုက်သက်ဆိုင်သည့်အတွက် ဒေသခံ အများစုသည် ကံ,ကံ၏အကျိုးကျေးဇူးကို လေးနက်စွာ ယုံကြည်ကြသည်။ ဘာသာတရားကို စိတ်အားထက်သန်စွာ ကိုးကွယ်အလေးထား ကြသည်။ ဝီရိယစိုက် ကြိုးစားလုပ်ကိုင်သော်လည်း ကံအကျိုးမပေးလျှင် တသက်လုံး စားသောက်နိုင်ရုံသာ ရပ်တည်နိုင်သလို၊ ကံအကျိုးပေးလို့ တချက် "မ" လိုက်လျှင်လည်း နေ့ချင်းညချင်း ချမ်းသာနိုင်သည် ဖြစ်ရာ ကိုယ်ကျင့်တရားကို အတတ်နိုင်ဆုံး စောင့်ထိန်းတည်ဆောက်ကြပြီး ကောင်းသောအမှု ပြုကြသည်။
page မှ ပြန်လည် စုစည်းရေးသားသည်။ page နာမည် ဖြုတ်၍ ကူးယူခြင်း သည်းခံပါ။
#မိုးကုတ်
#ပတ်တမွား
မှီငြမ်း
- အောင်ချမ်းလင်း (မိုးကုတ်မြို့မှ ကျောက်တွင်းဗဟုသုတများ)
- မိုးကုတ်ရတနာမြေ ၏ ရှေးထုံးရိုးရာဓလေ့များ (Myanmar Knowledge Corner)
- မောင်သာ (ရှေးဟောင်းသုတေသန)
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
-wikipedia
-google
၁၉၂၀ ခန့်မှ ဓာတ်ပုံများ နှင့် ယနေ့ခေတ်ဓာတ်ပုံ မူရင်းပိုင်ရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်။

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။စည်းလုံးမှုကို သိချင်ရင်တော့ထမင်းဝိုင်းကို ကြည်...
09/06/2022

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်
ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။

စည်းလုံးမှုကို သိချင်ရင်တော့
ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။

လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့
ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။

လူမှုအဆင့်အတန်းကိုသိချင်ရင်
အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။

စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့
စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမြုကို
ကြည့်နိုင်ပါတယ်။

ယဉ်ကျေးမှုကို သိချင်ရင်
ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။

အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့
မီးဖိုချောင်ကို ကြည့်ပါ။

မေတ္တာတရားနဲ့ပျော်ရွှင်မှုကိုသိချင်ရင်တော့
အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။

ဒါ တကယ့်ကို အမှန်တရားတွေပါ။။

Credit_Original Writer
#စာပေဗဟုသုတလူတိုင်းရ

`အညာမြေ´ နှင့် `အညာစကား´ပြောကြရင်သာ 'အညာ အညာ' နဲ့တကယ်တမ်းကျတော့'ညာ'ဖို့နေနေသာသာရိုးပုံရိုးလက်က လက်ဖျားခါသယ်။တမာ-ထနောင်းက...
27/05/2022

`အညာမြေ´ နှင့် `အညာစကား´
ပြောကြရင်သာ 'အညာ အညာ' နဲ့
တကယ်တမ်းကျတော့
'ညာ'ဖို့နေနေသာသာ
ရိုးပုံရိုးလက်က လက်ဖျားခါသယ်။
တမာ-ထနောင်းကိုချန်ထားပြီး
အညာအကြောင်းပြောမယ်ဆို
ဆားမပါတဲ့ အသားကို
သွားမပါဘဲ စားရသလိုနေမှာပါ့။
အညာကိုရောက်ရင်
မန်ကျည်းရွက် ညောင်ရွက်
ထနောင်းရွက် ကုက္ကိုရွက်
ကိုယ့်လူ သုပ်ချင်သာ သုပ်
စေတနာကိုတော့ အိုးမည်းမသုပ်နဲ့
အုတ်ခဲနဲ့ လုပ်ခွဲလိုက်လို့
တုတ်ဆွဲ ဓားဆွဲနဲ့
အကျိုးနည်းသွားမယ် ဘာမှတ်။
အညာသား အညာသူဆိုသာ
အကြောင်းသိတွေမို့ သဘောကောင်းရင်
အညောင်းမိနေရင်တောင် ကျောထောင်းပေးတယ်
အေး
အကြောင်းမသင့်လို့ သဘောဆိုးလို့ကတော့
မောင့် ကျောရိုးတော့ ကွဲပြီသာမှတ်။
အသားညိုသလေး
စကားပိုသလေး လာမပြောနဲ့။
ထက်စရာရှိရင်
ဓားလို ထက်ကြသူချည်း။
ရေနောက်သလေး
မြက်ခြောက်သလေး လာမပြောနဲ့။
ကြောက်စရာရှိလည်း
ကြက်ပျောက် ငှက်ပျောက်ကို ပျောက်ရော။
အညာသူ အညာသားဆိုတာ
ချစ်ရင်သာ အစွဲချစ်သာရယ်
မုန်းရင်တော့ ခဲတပစ်သာသာပဲ
ကဲ
ဘယ်လောက်ကြာမှတ်လို့။
ဒါတောင်
နဂိုချောသာ ထည့်မပြောဘူး။
အပျိုပေါသာ ထည့်မပြောဘူး။
သနပ်ခါးပေါသာ ထည့်မပြောဘူး။
အရက်သမားပေါသာ ထည့်မပြောဘူး။
သံဃာပေါသာ ထည့်မပြောဘူး။
ထန်းလျှက်ပေါသာ ထည့်မပြောဘူး။
ကြံသကာပေါသာ ထည့်မပြောဘူး။
နှစ်ဖက်ခွဲနဲ့ ထလက်(ထန်းလက်)တဲမှာ
လက်ဘက်ပွဲနဲ့ ထညက်(ထန်းလျက်)ခဲကို ပွဲတော်တည်ပြီး
လေအေးလေး တိုးလာရင်
ရေနွေးအိုးလေးကို အသာအယာငှဲ့
ဒါကိုက
အညာရဲ့အရသာပဲ မောင်ရေ့။

♦ကျွန်တော် မှတ်မိသလောက် မဆလခေတ် ၁၉၇၅ လောက် ကပေါ့။ ရန်ကုန် မြို့ထဲ လမ်းတိုင်းမှာ ရေဘုံဘိုင်တွေ ရှိတယ်။တကယ်တော့ "ရေဘုံပိုင...
25/05/2022

♦ကျွန်တော် မှတ်မိသလောက် မဆလခေတ် ၁၉၇၅ လောက် ကပေါ့။ ရန်ကုန် မြို့ထဲ လမ်းတိုင်းမှာ ရေဘုံဘိုင်တွေ ရှိတယ်။
တကယ်တော့ "ရေဘုံပိုင်" လို့အဓိပ္ပါယ်ရတယ်၊ အများပိုင် အများသုံးစွဲခွင့် ရှိတယ်ပေါ့။ ဒါပေမဲ့ အသံထွက်တာက "ရေဘုံဘိုင်" ဘဲ အသံထွက်ကြတယ်၊ ကြားတယ်၊ ပြောကြတယ်။
အဲဒီ ရေဘုံဘိုင်တွေက တခြားလမ်းတော့ မသိဘူး။ ကျွန်တော်တို့ လမ်းမှာ ဗိုလ်ချုပ်လမ်းထိပ်နားမှာ တစ်ခု၊ အလယ်မှာ တစ်ခု၊ အနော်ရထာလမ်းထိပ်နားမှာ တစ်ခု ပေါင်း သုံးခုရှိတယ်။
ကျွန်တော်နေတာက လမ်းအလယ်လောက် မှာဆိုတော့ အလယ်ရေဘုံဘိုင် နဲ့ နီးတယ်။ အိမ်တော်တော်များက ရေဘုံဘိုင်မှာ ရေခပ်ကြ ရေချိုးကြ ရေဆွဲကြ အဝတ်လျှော်ကြတယ်။ အချို့အထပ်မြင့်မှာ နေတဲ့သူတွေ ယောင်္ကျားတွေ မိန်းမတွေ ကလေးတွေရော ရေဆင်းချိုးကြတယ်။
တခါတလေ စိမ်ပြေးတန်းဆော့ သူခိုးပုလိပ်ဆော့ ဘောလုံးကန် လို့မောရင် အိမ်ပြန် ရေမသောက်ဘဲ နီးရာဘုံဘိုင်က ရေကို လက်ခုပ် နဲ့ သောက်ကြတယ်။ ရေသန့်လား မသန့်လား မသိ အမောပြေ သောက်ကြတာ၊ ဘာမှ သိပ်မသိသေးတဲ့ ကလေးအရွယ် ဆိုတော့လဲလေ။
အမောတော့ ပြေပါတယ် ထွေထွေထူးထူးလဲ မဖြစ်လို့တော်သေးတာပေါ့။ အခု ပြန်တွေးတော့ ဒီရေစိမ်းတွေ ငါသောက်ခဲ့ တာဘဲလို့ အံသြမိတယ်။ ငါးတန်း ခြောက်တန်း ရောက်တော့ အိမ်သုံးဖို့ ရေဆွဲပေးရတယ်။ ယောင်္ကျားလေး ဆိုတော့လဲ အိမ်ရဲ့ လိုအပ်ချက်ကိုလဲ ဖြည့်ဆည်းပေးချင်တာ ပါတာပေါ့ဗျာ။
အမေက ယောင်္ကျားလေးတွေ ရေဆွဲပေး ဟေ့ လို့ဆိုလိုက်ရင် ရေပုံးကိုင်ပြီး ရေဘုံဘိုင်ကို သူ့အလိုလို ရောက်သွားတာ ရေဘုံဘိုင်မှာ ရေလာခပ်ကြတဲ့သူတွေ အမြဲလေးငါးယောက် ရှိတယ်။ ရေပုံးတွေ တန်းစီပြီး ခပ်ကြရတယ်။
လုမခပ်ကြဘူး၊ ပျော်ပျော်ရွှင်ရွှင်ပဲ။ တချို့မိန်းမကြီးတွေတောင် ရေခပ်ရင်း စကားပြောကြတာ ရီကြမောကြနဲ့ တခါလေလဲ ရန်ဖြစ်ကြနဲ့ပေါ့။
တချို့ အိမ်တွေက ရေထမ်းသမားကို ပိုက်ဆံ ပေးငှားပြီး ရေထမ်းခိုင်းတယ်။ အဲဒီတုန်းက ရေထမ်းသမား ရေစည်လှည်းတွန်းတဲ့ အလုပ်ဖြစ်ထွန်းတယ်။ တချို့ ပိုက်ဆံရှိတဲ့ အိမ်တွေက ရေစက်တပ်ထားတယ်။ သူတို့တော့ အေးဆေးဘဲ။ အဲဒီ အချိန်တုန်းက ရေမော်တာစက်က တော်တော်စျေးကြီးတာ လူတိုင်းမဝယ်နိုင်ဘူး။ ဝယ်ချင်ရင်လဲ လိုသလောက်မရဘူး ရှားပါးတဲ့ အချိန်ကာလဆိုတော့လေ။
တနေ့တော့ အမေကိုပြောကြည့်တယ်၊ အမေ သူများတွေလို ရေစက်တပ်ပါလားလို့ ဆိုတော့ တပ်မယ်တဲ့ ပိုက်ဆံအဆင်မပြေသေးလို့တဲ့။ ကျွန်တော်လဲ အပူမကပ်တော့ဘူး။ နေ့စဉ် ဝတ္တရား ရှိတဲ့အတိုင်း ညနေ ကျောင်းပြန်လာတာနဲ့ အိမ်ထဲက ရေတိုင်ကီ နှစ်လုံးကို ရေဆွဲဖြည့်တော့တာဘဲ။ တခြားသူတွေလဲ ကိုယ်လိုဘဲလေ။
တစ်ရက် အိမ်မှာ ရေပိုက်တွေ သွယ်ထားတာတွေ၊ အိမ်သာပေါ်မှာ လေးထောင့် သံတိုင်ကီတွေ တွေ့တော့ အိမ်မှာ ရေစက်တပ်ဖူးလားလို့ အမေ့ကို မေးကြည့်တယ်။ အမေက ကျွန်တော်တို့ မမွေးခင်က ဘာမှ ရေစက်တပ်စရာ မလို့ဘူးတဲ့၊ ဂျိုးဖြူ ရေလှောင်ကန်ကနေ ရေတွန်းစက် နဲ့ ပို့ပေးတာ ပထမထပ်ထိ ရေရတယ်တဲ့ ၃ ထပ် ၄ ထပ် အိမ်တွေဘဲ ရေစက်တပ်ရတာတဲ့။
ကျွန်တော့်ကို မွေးပြီးချိန်လောက်မှ အိမ်ထဲကိုရေအားနည်း ရေမဝင် တော့တာ။ ဒါကြောင့် ရေတိုင်ကီတွေ ရေပိုက်တွေ ကျန်နေတာတဲ့။ ကျွန်တော့်ကို မမွေးခင်ထိ ခေတ်ကာလက အခြေအနေမဆိုးသေးလို့ ဆိုလို့ရတာပေါ့။
ကျွန်တော် ကိုးတန်းရောက်တော့ အဖေက ပိုက်ဆံချေးပြီး တပတ်ရစ် တစ်မတ်အား ရေစက် တပ်ပေးတော့ ကျွန်တော်ရေဆွဲတဲ့ အလုပ်က လွတ်ကျွတ်ခဲ့ပါသည်။
၈၈ အပြီး ၉၀ ၉၁ လောက်မှာ ကျွန်တော်တို့လမ်းထဲရှိ ရေဘုံဘိုင်များအားလုံးပိတ်သွားပါသည်။ အိမ်တိုင်း အားလုံးနီးပါး ရေစက်မော်တာ တပ်ဆင်လို့လဲဖြစ်နိုင်သည်။
Credit
Peter Movie (ကျွန်တော်မှတ်မိသလောက် မဆလခေတ် ရပ်ကွက်ထဲက ရေဘုံဘိုင်များ)
(အမေများနေ့တမှတ်တရ ရေးသားထားခြင်းဖြစ်ပါသည်)
မူရင်းဓာတ်ပုံ ပိုင်ရှင်များကို ကျေးဇူးတင်ပါတယ်။

ညောင်ပင်ကြီး မျိုထားတဲ့ရှေးဟောင်းဘုန်းတော်ကြီးကျောင်း(တနည်းပြောရရင်မလည်ပတ်နိူင်သေးတဲ့ဒေါ်လာစက်ရုံကြီး ပေါ့)ကိုယ်တွေ မြန်...
24/05/2022

ညောင်ပင်ကြီး မျိုထားတဲ့
ရှေးဟောင်းဘုန်းတော်ကြီးကျောင်း
(တနည်းပြောရရင်
မလည်ပတ်နိူင်သေးတဲ့
ဒေါ်လာစက်ရုံကြီး ပေါ့)
ကိုယ်တွေ မြန်မာပြည်မှာ
အလွန့်အလွန်
ထူးဆန်းပြီး အံ့ဩဖွယ်ရာ
ပုံရိပ်တွေနဲ့
ပြည်တွင်း ပြည်ပ
ခရီးသွားတွေကို ဆွဲဆောင်နိူင်တဲ့
လူသူမသိကြသေးတဲ့
ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေ
ဘုရားစေတီ ပုထိုးတွေ များစွာရှိပါတယ်။
တနည်းပြောရရင်
အရင်းအနှီးမစိုက်ရပဲ
မီးခိုးမထွက်စေတဲ့
ဒေါ်လာစက်ရုံတွေရှိပါတယ်။
ထိုင်းနိူင်ငံ အယုဒ္ဓယမှာဆို
ညောင်ပင်မှာတွယ်ကပ်နေတဲ့
ဘုရားဆင်းတု ခေါင်းပြတ်လေးကို
သေချာထိန်းသိမ်းပြီး
ကမ္ဘာကျော်အောင် လုပ်ဆောင်ပြီး
ဒေါ်လာရှာနိူင်ကြပါတယ်။
ကိုယ်တွေမြန်မာပြည်မှာ
စေတီတစ်ဆူလုံး ကျောင်းတစ်ခုလုံး
ညောင်ပင်မျိုထားတဲ့ တွယ်ကပ်နေတဲ့
လူလုပ်လို့မရတဲ့ သဘာဝအလှတွေ
ရှေးဟောင်းအဆောက်အဦးတွေ
အများကြီးရှိပါတယ်။
အခုရှေးဟောင်းကျောင်းတော်ကြီးကတော့
ဆင်ဖြူကျွန်းမြို့တောင်ဘက် အထွက်က
ဓမ္မဝိဟာရအုဋ်ကျောင်းအတွင်းက
ရှေးဟောင်းကျောင်းတော်ကြီးပါ။
အလှဓာတ်ပုံတွေရိုက်လို့
အလွန်ကောင်းတဲ့ နေရာတခုပါ။
ဆင်ဖြူကျွန်းမြို့ဆိုတာ
ပုဂံတောင်ဘက်နား (၂)နာရီလောက်
ကားစီးရင် ရောက်ပါတယ်။
အဲ့ဒီမြို့မှာ ရှေးဟောင်း
ဘုန်းတော်ကြီးကျောင်းတွေ
ရှေးဟောင်းဘုရားကြီးတွေ
ထင်ထင်ရှားရှား
သဘာဝအတိုင်း မြင်တွေ့ရနိူင်ပါတယ်။
လွတ်လပ်စွာ Share ခွင့်ပြုပါသည်။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ

CR : Ashin Kavi Nanda
ဓမ္မဝိဟာရအုဋ်ကျောင်း Dhamma_Vihara_ Brick_Monastery
Tha_Yet သရက်ရွာ
SinHpyuKyun ဆင်ဖြူကျွန်း
Salin စလင်း Magway မကွေး
Coordinate : 20.637538, 94.678986

"အထင်မစောပါနဲ့"_________________“ကြည့်စမ်းပါအုံး ဘုန်းကြီးတဲ့ကွာ ဆွမ်းစားနေတယ် အချိန်လဲကြည့်ဦး ဒါသာသနာကို ဖျက်နေတာပဲနော့...
21/05/2022

"အထင်မစောပါနဲ့"
_________________

“ကြည့်စမ်းပါအုံး ဘုန်းကြီးတဲ့ကွာ ဆွမ်းစားနေတယ် အချိန်လဲကြည့်ဦး ဒါသာသနာကို ဖျက်နေတာပဲနော့” တဲ့။

ကျုပ် အလုပ်ကအပြန် ဗိုက်ဆာဆာနဲ့ ဆိုင်ထဲအဝင် ကြားရတဲ့စကားကြောင့် ဆိုင်ထဲ‌ဝေ့အကြည့် ဆွမ်းဘုန်းနေတဲ့ ဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရပါတယ်။ အချိန်ကြည့်တော့။

ဟုတ်သား။

နေ့လည်(၁၂း၀၀)နာရီကျော်နေပြီ။ စားပွဲထိုးလေးကိုခေါ်ပြီး ချိုစိမ့်လေး တစ်ခွက်လှမ်းမှာလိုက်ပါတယ်။ အေးစိမ့်တဲ့ မိုးလေတစ်ချက်အဝှေ့ရှာ ဘာမဆိုင် ညာမဆိုင် ကျုပ်ရဲ့ အတွေးထဲ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်း ဝင်လာတယ်။ သူက ရာဇဂြိုလ်ပြည်က ကျောင်းအမကြီး “ဝိသာခါ”။

ဒီအမျိုးသမီးကို ကျုပ်သဘောကျတာ (၃)ချက်ရှိပါတယ်။ကလေး အ‌တော်မွေးနိုင်လွန်းတဲ့ အမျိုးသမီးဖြစ်သလို သားသမီး အယောက်(၂၀) ရှိတယ်ဗျာ။ တစ်သားမွေးတစ်သွေးလှလို့ ထင်ပါရဲ့။ ဒီအမျိုးသမီးက သူတစ်ပါးပြောတိုင်း မယုံတတ်ဘူး။
ကိုယ်ပိုင်ဉာဏ်နဲ့သာ ဆုံးဖြတ်တတ်တယ်။ ဒါနရဲ့ ရပိုင်ခွင့်တိုင်းကို သာသနာအတွက်သာ ရည်စူးတတ်တယ်။ ဝါဆိုသင်္ကန်း ကပ်လှူတဲ့ ဓလေ့ဟာ ဒီအမျိုးသမီး “ဝိသာခါ” က စခဲ့တာပဲ။

ဇေတဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးချိန် ဝိသာခါက ဆွမ်းစားပင့်ခိုင်းလိုက်တယ်။ အဲ့ညမှာပဲ ထစ်ချုန်းမိုးရွာ သင်္ကန်းအပို သုံးခွင့်မရှိတဲ့ ရဟန်းတွေဟာ အဝတ်ဗလာနဲ့ မိုးရေချိုးနေချိန် ကြုံပါလေရောဗျာ။

ဆွမ်းစားပင့်ဖို့ ဝိသာခါလွှတ်လိုက်တဲ့ အိမ်ဖော်မလေးက ဒါကိုတွေ့သွားတော့ အိမ်ကိုလှည့်ပြန်လာတယ်။ “ရဟန်းတွေမရှိ၊ တက္ကတွန်းတွေသာရှိတယ်”လို့ ပြောသတဲ့ဗျာ။ “ဝိသာခါ”ဆိုတဲ့ အမျိုးသမီးဟာ ဉာဏ်ပညာရှိသူ။ လိမ္မာယဉ်ကျေးသူ။

အတွေးအခေါ် လျင်မြန်ထက်မြက်သူ။ ရဟန်းတွေ ရေချိုးနေမည်ဖြစ်ကြောင်း သိတယ်။ ဒါကြောင့် အိမ်ဖော်မလေး ကို ပြန်လွှတ်တယ်။ ဒီအချိန် ရဟန်းတွေဟာ ဝတ်ရုံဝတ်။ ကျောင်းတွင်းမှာ ငြိမ်ငြိမ်သက်သက် သီတင်းသုံးနေပါပြီ။

တိတ်ဆိတ်နေတော့ အိမ်ဖော်မလေးက “တစ်ကျောင်းလုံး ရဟန်းတစ်ပါးမျှ မရှိ” ဆိုပြီး အိမ်ပြန် ပြန်တယ်။ ဝိသာခါက ချက်ချင်းပြန်လွှတ်ပြီး ပင့်ခိုင်းတာပဲ။ ဒီတော့မှ မြတ်စွာဘုရားနဲ့ ရဟန်းတို့ ဆွမ်းစားကြွတယ်။

ထူးခြားတာက လမ်းမှာ ရေကြီးရေလျှံဖြစ်နေသော်လည်း ဘုရားရှင်အပါဝင် ဘယ်ရဟန်းကမှ ရေစိုခြင်း မရှိဘူး။ ဝိသာခါတို့ အံ့ဩစိတ်နဲ့ ကြည်ညိုသဒ္ဓါစိတ် ပွားရပြီပေါ့။ ဒါအပြင် ဝိသာခါဟာ ဘုရားရှင်ကို ဆွမ်းကပ်လှူပြီးတာနဲ့ ဆု(၈)ခုကို တောင်းခံတယ်။

သူ့အတွက်။ ဆွေမျိုးအတွက်။ မဟုတ်ဘူး။ ကြည့်ပါအုံး။

ရဟန်းတွေ ရေလဲခံ မရှိတဲ့အတွက် အမြင်ကြောင့် သာသနာကို အကြည်ညိုပျက်မှာစိုးလို့

(၁) ရဟန်းတွေကို သက်ဆုံးထိ ဝါဆိုသင်္ကန်း (မိုးရေခံသင်္ကန်း) သုံးစွဲခွင့်။

(၂) ခရီးနှောင့်နှေးမှု အခက်ခဲရှိနိုင်တဲ့အတွက် အာဂန္တု ဧည့်သည်ရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။

(၃) ဆွမ်းရှာနေချိန်ကြောင့်လည်းကောင် ခရီးသွားဖော်ကို ငဲ့၍သော်လည်းကောင်း ခရီးမတွင်ဖြစ်နေ၍ သော်လည်းကောင်း ခရီးသွားရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။

(၄) သူနာရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။

(၅) သူနာရဟန်းများကို အချိန်မရွေး ဆေးလှူခွင့်။

(၆) ဆွမ်းထွက်ရှာရပါက လူနာပြုစုရန် လစ်ဟင်းမည်စိုး၍ သူနာပြုစုရဟန်းများကို အချိန်မရွေး ဆွမ်းစားခွင့်။

(၇) ယာဂုအကျိုး(၅)မျိုးသည် ခန္ဓာအတွက် အသုံးဝင်၍ ရဟန်းများကို အချိန်မရွေး ယာဂု သုံးဆောင်မှီဝဲခွင့်။

(၈)ဘိက္ခူနီအမျိုးသမီး ရဟန်းများကို သက်ဆုံးထိ ဝါဆိုသင်္ကန်း (မိုးရေခံသင်္ကန်း) သုံးစွဲခွင့်။

ဝိသာခါရဲ့တောင်းဆုဟာ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆုမို့ ဘုရားရှင်ကလည်း ဒီ(၈)ချက်ကို ခွင့်ပြုတော်မူခဲ့ပါတယ်။ ကဲ ဘယ်လောက်ချစ်စရာကောင်းတဲ့ အမျိုးသမီးလဲ။ ဒါကို အတွင်းကျကျမသိ။ ကြားဖူးနားဝလည်း မရှိ။ ဘုမသိ ဘမသိနဲ့ ကဲ့ရဲ့နေကြတယ်ဗျာ။

အင်းပေါ့လေ လောကမှာ မရှိတာထက် မသိတဲ့လူတွေက အများသားမို့လား။ ထင်နေ၊ မြင်နေတာကိုပဲ အမှန်ထင်သူတွေနဲ့ ဇွတ်အတင်းမငြင်းလိုပါ။ အမြင်မတူမှုနဲ့ ရန်သူလဲ မပွားလိုပါ။ ကျုပ်အဖို့ ပြန်ချိန်လည်း ရောက်နေပြီမို့ စားပွဲထိုးကိုခေါ်ပြီး ကျသင့်ငွေရှင်းကာ ဆိုင်က ထွက်လာလိုက်တော့တယ်။

လမ်းရောက်မှ ကျုပ် ပီတိလေးနဲ့ ပြုံးမိတယ်။ ခုချိန်ဆို ဘုန်းကြီးလည်း ဆွမ်းစားပြီးလောက်ပြီမို့ ကျသင့်ငွေ ရှင်းသွားတဲ့အလှူရှင်ကို လိုက်ရှာနေလောက်ပြီဆိုတဲ့ အတွေးနဲ့ပေါ့ဗျာ။


#နော်ဂဲလယ်ထူး (စာပေပရဟိတ)

" ကြီးရွာဘုန်းကြီးကျောင်း၊ ဆောမြို့နယ် " သို့ လေ့လာရေးခရီး"တိုင်အလုံးပေါင်း (၁၆၀) နီးပါးရှိတဲ့ ကြီးရွာကျောင်း'' ''လောင်း...
18/05/2022

" ကြီးရွာဘုန်းကြီးကျောင်း၊ ဆောမြို့နယ် " သို့ လေ့လာရေးခရီး
"တိုင်အလုံးပေါင်း (၁၆၀) နီးပါးရှိတဲ့ ကြီးရွာကျောင်း'' ''လောင်းရှည်''က,နေ ''ဆော''ကို အပြန်လမ်း ခရီးမှာတော့ ဆိုင်ကယ်စီးတာ မြန်လို့ ထင်တယ် ၊ (၁)နာရီပဲ စီးရပြီး ဆောကို ပြန်ရောက်တယ်။ ဆောကိုလည်း ရောက်ရော ဆိုင်ကယ်ကို ဆီအပြည့် ဖြည့်ပြီး မနေ့ညက အိပ်ခဲ့တဲ့ အိတုံ ထမင်းဆိုင် အထိ အရောက်သွားပြီး နေ့လည်စာ စားလိုက်ကြတာ။ မနေ့ညတုန်းက စားလို့ ကောင်းသလောက် ၊ ဒီနေ့ နေ့လည်စာက စားလို့ အဆင် သိပ်မပြေဘူး။ ၀က်သားက,လည်း အဆီတွေ များတယ် ၊ နွားနောက်သားက,လည်း မာလွန်းလို့ မစားနိုင်ဘူး။ ဆောက,နေ ပြန်အထွက် ဆိုင်ကယ်ကို ခပ်မြန်မြန်လေး စီးခဲ့ကြတယ်။ ဆောက,နေ ကျောက်ထု .... (၂၅)မိုင်လောက် နီးနီး ခရီးကို အတက်အဆင်းလေးတွေနဲ့ ဆိုတော့ အချိန် (၁)နာရီလောက်တောင် ပေးရတာ။ ကျောက်ထုမြို့အ၀င် ညာဖက်ခြမ်းက ဆီပန့်လေးမှာ ဆီ၀င်ဖြည့်တယ်။ ပြီးတော့ ကျောက်ထုက,နေ ထီးလင်းကို သွားတဲ့ လမ်းပေါ်က ၊ ကျောက်ထုက,နေ (၁၀)မိုင်လောက် ဝေးတဲ့ ကြီးရွာ ကို ထွက်ခဲ့ကြပါပြီ။ ကြီးရွာမှာ ရှိတဲ့ သူငယ်ချင်းမ,ကို ဖုန်းဆက်ပြီး ဘုန်းကြီးကျောင်းကို ၊ နောက်ထပ် နာရီ၀က်လောက်ရှိရင် ရောက်မယ်လို့ ကိုရင်က လှမ်းပြောတယ်။ လမ်းမှာ လမ်းပြင်နေတာတွေက လေးငါးနေရာ ... ကျောက်ခွဲစက်ကြီးတွေနဲ့ ကျောက်ခွဲနေတာက,လည်း နှစ်နေရာလောက် တွေ့ရတယ်။ လမ်းတွေက အတက်နေရာ တချို့မှာ ဂုံးတွေကို ဖြည်မထားတော့ ၊ ဟိုဖက်က လာတဲ့ ဆိုင်ကယ်တွေ ၊ ကားတွေကို ဂုံးနားရောက်မှ ကပ်ပြီး မြင်ရတယ် ၊ အန္တရာယ်နည်းနည်း ရှိတယ်။ လမ်းအကွေ့တချို့က လိမ်နေတော့ ကွေ့လိုက်ရင် တဖက်ယာဉ်ကြောကို ရောက်ရောက် သွားတာ။ လမ်းအဆင်း တနေရာမှာတော့ ပန်းနှမ်းခင်း တွေပေါ်ကို နေရောင်ခြည်လေးတွေ ဖြာပြီး ကျနေတာကို အပေါ်စီးကနေ မြင်လိုက်ရတယ်။ တော်တော်လှတဲ့ ရှုခင်း ၊ မရိုက်လိုက်နိုင်ဘူး။ ကြီးရွာကို ရောက်လာတော့ ရွာရဲ့ အနောက်ဖျားဆုံး အထိ မောင်းပြီးမှ လမ်းဘယ်ဖက်ကို ကွေ့၀င်လာခဲ့တယ်။ ရွာဟောင်းက အတွင်းပိုင်းထဲမှာပါ။ ကားလမ်းမဘေးက အိမ်တွေက ၊ ကွက်သစ် ထွက်ရင်းနဲ့ တဖြည်းဖြည်း ကားလမ်းမဘေးကို ရောက်ကုန်တာ။ ကားလမ်းမကြီးရဲ့ဘေးက အိမ်တွေက အခုခေတ် အိမ်တွေပါ။ ကြည့်လိုက်ရင်တော့ ရွာက အထင်ကြီးစရာ မရှိဘူး။ အိမ်ခြေ နည်းနည်းလေးလို့ ထင်လိုက်မိတာ။ အတွင်းပိုင်းထဲကို ရောက်မှ ရွာကြီးက အကြီးကြီး ဖြစ်နေတယ်။ အိမ်တွေက ယောဒေသရိုးရာ ရှေးဆန်ဆန် အိမ်တွေ။ တချို့နေရာမှာ အိမ်အကြီးကြီး တွေကိုလည်း တွေ့ရတယ်။ အထဲပိုင်းထဲရောက်လေ ရွာက ကြီးလေ ဖြစ်နေတာပါ။ တနေရာမှာ လမ်းရဲ့ ဘယ်ဖက်ကို ကွေ့လိုက်တော့ သာသနရက္ခိတ ဆိုတဲ့ ဘုန်းကြီးကျောင်း အကြီးကြီးကို တွေ့လိုက်ရ ပါပြီ။ ဘုံ (၉)ဆင့် ထီး(၉)ဆင့်နဲ့ ရယ်ပါ။ ကျွန်းတိုင်လုံးကြီးတွေနဲ့ တိုင်ပေါင်း (၁၀၀) ကျော်တဲ့ ရှေးကျောင်းကြီးပေါ့။ ကျောင်းကြီးရဲ့ အမြင့်ကို လေ့လာကြည့်မယ် ဆိုရင်တော့ မြေပြင်ကနေ စိန်ဖူးတော်အထိ (၉၉) ပေ ရှိတယ်လို့ ဆိုပါတယ်။ ထီးတော်ကြီးရဲ့ အမြင့်ပေက ၄' ၇" ရှိပြိး ထီးတိုင်အရှည်က ၁၃' ၄'' နဲ့ စိန်ဖူးတော်ကြီးက ၇'' ရှည်တယ်လို့ မှတ်တမ်းများအရ သိရတာပါ။ ကျောင်းဆောင်ကြီးမှာတော့ ကျောင်းဆောင်ရဲ့ တိုင်လုံးပေါင်းက (၁၂၁)တိုင် ၊ ကြမ်းပြင်တိုင်လုံးပေါင်းက ( ၁၇)တိုင် ၊ လှေကားကြီးမှာတော့ တိုင်လုံးကြီး ( ၁၆)တိုင်နဲ့ ရေအိုးစင်ကိုတော့ တိုင်လုံး ( ၄ )တိုင် အသုံးပြု တည်ဆောက်ထားတဲ့အတွက် အားလုံးပေါင်း ကျွန်းတိုင် (၁၅၈)တိုင် ရှိပါတယ်။ လူဝင်တဲ့ ခြေကျော်တံခါးပေါက်ပေါင်း ( ၁၁) ပေါက်နဲ့ ပြူတင်းပေါက်ပေါင်း ( ၃၉) ပေါက် (ယ္ခု ၃၃ ပေါက်သာရှိ) ရှိပြီး ၊ လှေကားကြီး ( ၂)စင်းနဲ့ ခမ်းခမ်းနားနား ဆောက်လုပ်ထားတာပါ။ ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကုန်ကျငွေ စုစုပေါင်းဟာဖြင့် (၁၀၉၀) ကျပ်နဲ့ ( ၃ ) ပဲ အထိ ရှိကြောင်းကိုလည်း မှတ်တမ်းများအရ သိခွင့်ရခဲ့တာပါ။ မြန်မာသက္ကရာဇ် (၁၃၁၉) ခုနဲ့ ၊ (၁၃၂၂ ) ခုနှစ် ( ခရစ်နှစ် ၁၉၅၈ ခု နဲ့ ၁၉၆၀ ခုနှစ်) တွေမှာ သွပ်မိုး ထောင်ကာလို့ ဒုတိယအကြိမ် (၇၁၁၀) ကျပ် ( ၉၅) ပြား ကုန်ကျခဲ့ကြောင်း ၊ (၁၃၅၅) ခုနှစ် (၁၉၉၃) မှာ ဆွမ်းလှယ်ဆောင် သွပ်မိုးတဲ့အတွက် (၄၉၇၈၃) ကျပ် ကုန်ကျခဲ့ကြောင်း သိရပါတယ် ။ ကျောင်းဝန်းကြီးရဲ့ ပတ်ပတ်လည် စည်းရိုးတွေက,လည်း ကျွန်းတိုင်လုံးတွေ ကာပြီး ထားလို့ရယ်ပါ။ ကျောင်းကြီးရဲ့ ရှေ့မှာလည်း ၃၆ တောင် ( ၅၄ ပေ) မြင့်တဲ့ ကျွန်းတိုင်လုံးကြီးပေါ်မှာ ၊ အသံချဲ့စက် တပ်ထားပြီး ဟွန်း (၄)လုံးကို တွဲထားတဲ့ ၊ အချက်ပေး နာရီစင် တစ်မျိုးကို တွေ့ရပါတယ်။ ရင်သပ်ရှုမောဖွယ်ရာ စင်းလုံးချော ကျွန်းတိုင်ကြီးပါ။ တသက်နဲ့တကိုယ် တစ်ခါမှ မတွေ့ဖူးတဲ့ ကျွန်းတိုင်လုံးကြီး။ ကျောင်း၀န်းထဲမှာတော့ ကလေးတွေ ဘောလုံး ကန်လို့ ။ အပြင်ဖက်ကနေ ကြည့်လိုက်တော့ ကျောင်းကြီးရဲ့ ပုံစံက မြင်းခြံနယ်ထနောင်းတိုင်ရွာက ယွန်းကျောင်းရဲ့ ပုံစံနဲ့ တူနေပါတယ်။ ကျောင်းကြီးရဲ့ အပေါ်ကိုလည်း တက်လိုက်ရော ကျွန်းတိုင် လုံးကြီးတွေမှ အများကြီးပဲ ၊ ရွှေဆေးတွေ သုတ်ထားတာ။ တိုင်တွေ အားလုံးကို ဟင်္သာပြဒါးရောင် သုတ်ထားနိုင်မယ် ဆိုရင် ပိုပြီးကောင်းလိမ့်မယ်လို့ တွေးမိတယ်။ ဘုန်းကြီးကျောင်းရဲ့ ရှေ့က အိမ်တွေက,လည်း ရှေးဆန်တယ် ။ ဘုန်းကြီးကျောင်းကြီးရဲ့ ကျောင်းအောက်မှာတော့ တုံးခေါက်တဲ့ ဧရာမ အုန်းမောင်း ကြီး ( ၂) ခု ရှိနေတယ်။ ရှေးမြန်မာ ဘုန်းကြီးကျောင်းတွေမှာ အာရုံတက်ချိန် ဆွမ်းစားချိန်နဲ့ အကြောင်းကိစ္စကြီးငယ် ရှိတဲ့အချိန်တွေမှာ ခေါက်ကြ ထိုးကြတဲ့ ချစ်စရာ ဓလေ့စရိုက်လေးပါ။ ရှေးမြန်မာတွေက,တော့ အုန်းမောင်းထိုးတယ် ၊ တုံးခေါက်သံ ၊ ကလတက်ခေါက်တာ စသဖြင့် ဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ် သုံးစွဲခဲ့ကြတာ။ ~ ရှေးပညာရှိတွေရဲ့ အသံ ကျယ်ကျယ်မြည်ပြီး အဝေးအရပ်က ကြားရအောင် အုန်းမောင်းထွင်းနည်း (က) ထိပ်ဝတစ်ပြန်၊ အနားချန်၊ လေးပြန် အလယ်ထား (ခ) ထိပ်ဝငါးချိုး၊ ပယ်တစ်ချိုး၊ လေးချိုး အနက်ထား (ဂ) ထိပ်ဝခြောက်ချိုး၊ ပယ်ငါးချိုး၊ တစ်ချိုး အပေါက်(ပါးစပ်)ထား (ဃ) လက်၄သစ်အောက်၊ကား၍ဖောက်၊ တောင်မြောက် အဝေးကြား (င) တီးလိုက်တဲ့အခါ၊ အသံမှာ၊ လွန်စွာ နာပျော်သား (စ) လက်ရိုက်ကက်ကင်း၊ ရန်ဘေးရှင်း၊ သတင်း ကျော်ထင်ရှား။ အုန်းမောင်းခေါက်တဲ့ အချက်ရေက,လည်း ဒေသကို လိုက်လို့ ၊ ကျောင်းထိုင်ပုဂ္ဂိုလ်ရဲ့ အတွေးအမြင်အပေါ်ကို မူတည်ပြီး အချက်အရေတွေက မတူညီကြပါဘူး။ ကျောင်းကြီးပေါ်မှာတော့ ရွာထဲက ဒကာတွေ အများကြီးနဲ့။ ဆွမ်းပွဲတွေကို အုပ်တဲ့ အုပ်ဆောင်း အကြီးကြီးတွေ ၊ ထမင်းဟင်းပို့တဲ့ ယွန်းဆွမ်းအုပ်တွေ ၊ ရှေးတုန်းက သုံးခဲ့တဲ့ သစ်သားငြုတ်ဆုံတွေ ၊ ရှေးတုန်းက ပန်းချီကားတွေကို ရွာသားဒကာတွေက စိတ်ရှည်ရှည်နဲ့ ပြပေးကြပါတယ်။ ပန်းချီကားတွေမှာ ရေးထားတာက တန်ဖိုး (၆)ကျပ်ခွဲတဲ့ ။ ဆွဲထားတာက နှစ်ပေါင်း တော်တော်လေး ကြာပြီလို့ ထင်လိုက်မိတာ။ စကားဝိုင်းက အချိန်တော်တော်လေး ကြာသွားပြီ ဆိုတော့ ပြန်ဖို့ ပြင်ကြတယ်။ သူတို့က,လည်း ကိုယ်တွေကို ညတောင် အိပ်စေချင်ပုံပဲ ၊ စကားတွေ ပြောလို့က,လည်း အလွန့်ကို ကောင်းနေတာ။ ကျောင်းပေါ်က ဆင်းကာနီး ... ကျောင်းကြီးရဲ့အပေါ်ကို တက်တဲ့ ဆွမ်းပို့လှေကားက ကျဉ်းနေလို့ ၊ အခုံးလေးကို ပြင်ချင်ကြောင်း ဆရာတော်က ပြောလာတယ်။ ရှေးအမွေအနှစ် ပုရပိုဒ်ခေါက်ပုံစံ လှေကားမို့ ထိန်းသိမ်းစေ့ချင်လို့ ၊ မပြင်ဖို့ရန် ဆရာတော့်ကို လျှောက်ခဲ့သေးတာပါ။ ပြင်ဖြစ် မပြင်ဖြစ်တော့ မသိရတော့ပါဘူး။ ဒီကျောင်းကြီးမှာ အစဉ်အဆက် ကျောင်းထိုင်ခဲ့ကြတဲ့ ဆရာတော်ကြီး တွေကတော့ ၊ ဦးသာသန (စတင်ပြီး ဆောက်လုပ်ခဲ့တဲ့ ဆရာတော်ကြီး) ၊ ဦးဉာဏ (၅၉ နှစ်/၃၈ ဝါ) ၊ ဦးဇောတ (၆၁ နှစ်/၄၀ ဝါ) ၊ ဦးနာယဒ (၇၉ နှစ်/၅၉ ဝါ) နဲ့ ဦးသဒ္ဓမ္မ (၄၉ နှစ်/၂၆ ဝါ) တို့ ဖြစ်ကြောင်း သိရပါတယ်။ ဒီကျောင်းကြီးရဲ့ သက်တမ်းက နှစ်ပေါင်း ( ၈၀) ကျော် ၊ ( ၉၀) လောက်တော့ ရှိနေပါပြီ။ မြန်မာသက္ကရာဇ် ၁၂၈၉ ခု ၊ တပို့တွဲလ္ဆန်း (၁၃)ရက် ၊ (ခရစ်နှစ် ၃. ၂. ၁၉၂၈)၊ သောကြာနေ့ ( ၄) ချက်တီး ( ၁၂) ဖဝါး (စက်နာရီ ၅၈-မိနစ်) အချိန်မှာ စတင်တည်ဆောက်ခဲ့ကြောင်း သိရပါတယ်၊ ကိုလိုနီခေတ် အတွင်းက ဆောက်ခဲ့တာပါ ၊ လက်ရာက,တော့ တော်ဝင်သမားတွေရဲ့ လက်ရာတွေနဲ့ မတူဘူး။ အနုစိပ် အပြောက်အမွန်းတွေ မပါ ၊ တောလက်သမား လက်ရာမျိုး။ ဒါပေမယ်လို့ ဒီကျောင်းမျိုးကို နောင်,တချိန် မပြောနဲ့ ၊ အခုခေတ်မှာတောင် ဒီကျောင်းမျိုး မဆောက်နိုင်လောက်တော့ ပါဘူး။ ဟိုခေတ်က ကျွန်းသစ်တွေ ပေါခဲ့လို့သာ ဒီကျောင်းမျိုးကို ဆောက်နိုင်တာပါ။ ဒါတောင် အင်္ဂလိပ်တွေဆီကို ကျောင်းဆောက်ဖို့ သစ်ထုတ်ခွင့် တောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ (၃)တန်လောက် လျှောက်မှ (၁)တန်လောက် နှုန်းပဲ ချပေးခဲ့တာ တဲ့။ လူအများကြီး နာမည်တွေ ခွဲလျှောက်ခဲ့ရတယ်လို့ သိခွင့်ရခဲ့ပါတယ်။ ကျောင်းကြီးရဲ့ ထီးတော်ကြီးကို ကြီးရွာသူရွာသားတွေရဲ့ စုပေါင်းအလှူအဖြစ် ၊ မြန်မာသက္ကရာဇ် (၁၃၅၅) ခု ၊ နယုန်လ္ဆန်း ( ၉)ရက် (၁. ၅. ၁၉၉၃) စနေနေ့မှာ ၊ (၃၀၇၄၄) ကျပ် အကုန်အကျခံပြီး အသစ်တဖန် ပူဇော်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနှစ် (၁၃၅၅) ခု ၊ တပို့တွဲလ္ဆန်း ( ၃)ရက် (၁၃. ၂. ၁၉၉၄) တနင်္ဂနွေနေ့မှာတော့ ဦးဇာနီ + ဒေါ်အေးဇုံ မိသားစုက (၁၅၄၅၀) ကျပ် အကုန်အကျခံပြီး ဘုရားကျောင်းဆောင်ရဲ့ ထီးတော်ကို ရွှေချကာ ပြန်လည်တင်လှူ ပူဇော်ခဲ့ကြောင်း သိရပါတယ်။ ပြန်လာခဲ့တဲ့ အချိန်အထိ ကိုရင်ရဲ့ သူငယ်ချင်းမ,က ရောက်မလာပါဘူး။ အပြန်ခရီးကိုတော့ လာလမ်းအတိုင်း မပြန်ပဲ အရှေ့ ဖက်ကို ထွက်ခဲ့ကြပါတယ်။ မှောင်နေပြီဆိုတော့ မူလက ၀င်မလို့ စီစဉ်ထားတဲ့ ၊ တောင်သားလူမျိုးတွေ နေကြတဲ့ မိအယ်ရွာ ကို မ၀င်နိုင်တော့ပါဘူး။ မိုးချုပ်ကာ နီးလာလို့ ခပ်သွက်သွက်လေးပဲ စီးလာကြပါတယ်။ လမ်းပြင်တဲ့ အဖွဲ့တွေက,တော့ ၊ အဲဒီ အချိန်ထိ အလုပ်မသိမ်းကြ သေးပါဘူး။ ကျောက်ထုကိုလည်း ရောက်ရော အတော့်ကို မဲမှောင်နေပါပြီ။ ကိုရင့် သူငယ်ချင်းရဲ့ ဆိုင်ကယ်ပြင်ဆိုင်မှာ ၊ စီးလာတဲ့ ဆိုင်ကယ်ကို ၀င်ပြဖြစ်တော့ ဘတ္ထရီအိုးက သိပ် မကောင်းတော့ဘူးလို့ ဆိုလာတယ်။ လက်ပန်းရွာအထိ ပြန်မယ် ဆိုရင် ပြန်လို့က ရပေမယ်လို့ ၊ လမ်းမှာ ဆိုင်ကယ်မီးကို စိတ်မချလို့ မပြန်နိုင်တော့ပါဘူး။ ဒါနဲ့ပဲ သူ့ရဲ့ သူငယ်ချင်းက အိမ်ထဲအထိ ခေါ်ပြီး ဧည့်ခံပါတယ်။ သူ့ သူငယ်ချင်းနံမည်က ကျော်မင်းထွန်းလို့ ပြောတယ် ထင်တာပဲ ၊ စကားသံက ခပ်ဝဲဝဲနဲ့ နားထောင်လို့တောင် ကောင်းသေး ။ ယောဒေသ ဖွံ့ဖြိုးစေဖို့ ခရီးသွားလုပ်ငန်းတွေ မြှင့်တင်နိုင်ဖို့ ၊ ရှိတဲ့ အကြံဥာဏ်တွေ ပေးရင်း ၊ စကားဝိုင်းက အရှိန် တက်လာတတာ။ ညစာ စားဖို့ရန်အတွက် ... ထမင်းဆိုင်ကို ပြောင်းထိုင်ကြရင်း ၊ စကားပြောရင်းနဲ့ ထမင်း ဆက်စားကြတယ်။ အာလူးဖုတ်တာ အချိန် အတော်လေးကြာသွားတော့ ၊ လမ်းခွဲကြရင်းနဲ့ ညအိပ်မယ့် ပန်းဆန် ရွာကို သွားခဲ့ကြပါတယ်။ ဒီရွာလေးရဲ့ ရွာဘေးက,ချောင်းမှာ ကိုယ်ထူကိုယ်ထ တာဘိုင်လေး တပ်ထားတဲ့အတွက် တညလုံး မီးမှန်တယ်။ ဒီရွာကျောင်းက ကျောင်းထိုင် ဆရာတော်ရဲ့ စေတနာ မေတ္တာတွေ ကြောင့်ပါ။ တချိန်တုန်းက မီးအကြီးအကျယ် လောင်ခဲ့ဖူးပေမယ့် ဆရာတော်ရဲ့ အစီအမံနဲ့ ပြန်လည်ရုန်းထ နိုင်ခဲ့တဲ့ ရွာလေးပါ။ ကျောက်ထုမြို့မှာ,တောင် မီးက ညတိုင်း (၉)နာရီအထိသာ မီးပေးနိုင်သေးတာ။ ပန်းဆန်ရွာက ကိုရင့်အမရဲ့ အိမ်ကို ရောက်လာတော့ သူ့အမနဲ့ မိတ်ဆက်ပေးပါတယ်။ ကြည့်ရတာက,တော့ သူ့အမကို လာပြီးနှိပ်စက်နေကြ ဖြစ်မယ့်ပုံပါပဲ။ တနေကုန်လုံး ခရီးသွား လာခဲ့ရတော့ စကားတောင် သိပ်မပြောနိုင်တော့ပဲ ချက်ခြင်း အိပ်ပျော်သွားခဲ့ပါတော့တယ်။ ၁၃-၁၂-၂၀၁၅ (တနင်္ဂနွေနေ့) ကိုရဲ (ကျိုင်းတုံ)

CR : Ye Myint Aung

Address

Hledan
Yangon

Telephone

09788205817

Website

Alerts

Be the first to know and let us send you an email when Golden Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Tour Agencies in Yangon

Show All

You may also like