20/07/2024
ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ကြတဲ့ လဝါဆို
“ဝါဆိုလ“ ဟု ခေါ်ဆိုကြခြင်းသည် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်၊ သံဃာတော်များက ဝိနည်းနှင့်အညီ ဝါတွင်းသုံးလပတ်လုံး တစ်ရပ်တစ်ပါးသို့ မသွားဘဲ လက်ရှိနေထိုင်ရာ ကျောင်းဆောင်တွင်သာ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဌာန်ပြုကာ ဝါကပ်ကြခြင်းကို အကြောင်းရင်းခံပါသည်။
မှတ်သား မှတ်ရာ ဗုဒ္ဓဝင်စာပေတွင် ဝါဆိုလပြည့်နေ့သည် "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ" ဆိုသည့် အချက်ကြီးလေးချက် အကြောင်း ဖော်ပြလေ့ရှိပါသည်။
📜 နတ်ဗြဟ္မာအပေါင်းတို့က အလောင်းတော်နတ်သားအား ဘုရားဖြစ်ရန် တောင်းပန်ကြသဖြင့် နတ်ပြည်မှစုတေ၍ မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့တွင် မယ်တော်မာယာ၏ ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ တည်နေတော်မူခဲ့သည်။
📜 ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် နိမိတ်ကြီးလေးပါးဖြစ်တဲ့ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း) တို့ကိုမြင်ရာမှ သံဝေဂ ရ၍ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်တော်မူခဲ့လေသည်။
📜 ရဟန်းပြုပြီး ခြောက်နှစ်တာ
ကာလပတ်လုံး “ ဥရုဝေလ “တောအုပ်၌ ဒုက္ကရ
စရိယာကျင့်တော်မူပြီးနောက်
မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊
ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌
ဘုရားရှင်အဖြစ်သို့ရောက်တော်မူပြီး
ထိုသက္ကရာဇ်၊ ဝါဆိုလပြည့်၊ စနေနေ့တွင်
မိဒဂါဝုန်တော၌ ပဉ္စဝဂ္ဂီရဟန်း
တို့အား “ ဓမ္မစကြာ ” တရားတော်ကို
ဟောကြားတော်မူခဲ့ပါသည်။
📜 ဘုရားအဖြစ်သို့ ရောက်တော်မူပြီး
ခုနှစ်ဝါမြောက်လေသောအခါ
သာသနာတော်ကို ထိပါးနှောင့်ယှက်လာသော တိတ္ထိတို့၏ ရန်ကို ဖယ်ရှားခဲ့ပြီး လူအများတို့အားလည်း သဒ္ဓါတရားပွားများကြစေရန်
အလို့ငှာ မဟာသက္ကရာဇ် ၁၁၀ပြည့်နှစ်၊
ဝါဆိုလပြည့်နေ့တွင် သာဝတ္ထိပြည်အနီး
သရက်ဖြူပင်ကြီး၌ ရေ၊ မီး အစုံ
တည်းဟူသော တန်ခိုးပြာဋိဟာများကို ပြတော်မူခဲ့လေသည်ဟု မှတ်သားရပါသည်။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က
ရဟန်းများသည် ဥတုသုံးလီ လှည့်လည်
သွားလာနေကြစဉ် မိုးကာလတွင် လူပုဂ္ဂိုလ်တို့ စိုက်ပျိုးထားသော စိုက်ပျိုးပင်များကို တိုက်မိ၊ နင်းမိကြသဖြင့် ပျက်စီးမှုရှိလာသောကြောင့် ဘုရားရှင်က ရဟန်းတော်များအား
ဝါဆို၊ ဝါကပ်ဥပဒေကို ပညတ်ခဲ့လေသည်။
နှစ်အတန်ကြာပြီးနောက် ဘုရားရှင်က လူတို့
လှူဒါန်းသောသင်္ကန်းကိုခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်း လှူဒါန်းလိုသော သူတို့သည် ရဟန်းများကို
ဝါဆိုချိန်၊ ဝါတွင်းအချိန်၊ ဝါကျွတ်ချိန်ခါနီး
တို့၌ "ဝါဆိုသင်္ကန်း" ကို ကပ်လှူကြပါသည်။
သံဃာတော်များသည် ဝါဆိုလပြည့် ကျော်တစ်ရက်နေ့တွင်စတင် ဝါဆို၍ ဒကာ၊ ဒကာမများက ထိုနေ့မတိုင်ခင်တွင် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများအပြင် အမွေးတိုင်၊ ဖယောင်းတိုင်များကို
ကပ်လှူပူဇော်ခြင်း စသည့်ကောင်းမှု
ပြုကြပါသည်။
အမှန်တကယ် လိုအပ်နေသော သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူဒါန်ခြင်းသည် နိဗ္ဗာန်ကို မျက်မှောက်မပြုခင် ကျင်လည်ရသမျှ ဘဝတွေမှာ
📿အဝတ်၊ အထည်အတွက် စိုးရိမ်မှုကင်းခြင်း
📿ရုပ်ဆင်း အင်္ဂါ ပြည့်စုံညီညာ တင့်တယ်ခြင်း
📿ကိုယ်ရောင် ကိုယ်ဝါ တောက်ပြောင်ခြင်း
📿အသားအရေ နူးညံ့ လှပတင့်တယ်ခြင်း
📿 မျက်နှာ အစရှိသည့် ခန္ဓာကိုအစိတ်အပိုင်းတို့မှာ ပြုပြင်ခြယ်သစရာမလိုပဲ သဘာဝ
အလှတရား ပိုင်ဆိုင်နိုင်ခြင်း
📿 မိမိတို့စိတ်ထဲက လိုချင်သော အဝတ်အထည်များကို တောင်းတ လိုက်ရုံလေးနဲ့ မိမိထံသို့ တစ်ဦးတစ်ယောက်က လက်ဆောင်
ပေး၍ဖြစ်စေ၊ ဝယ်ပေးသည်ဖြစ်စေ ပုံစံတစ်မျိုးမျိုးဖြင့် မိမိထံ ရောက်ရှိလာနိုင်ခြင်း စသည့် လောကီ ကောင်းကျိုးချမ်းသာများကို ရရှိနိုင်ပါသည်။
ထို့အပြင် ဘဝသံသရာတစ်ကွေ့မှာ ဘုရား
တစ်ဆူဆူဖြင့် တွေ့ကြုံဖူးမျှော်ခွင့်ရသည်ရှိသော် ထိုဘုရားရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဖူးခဲ့သော ကောင်းမှုရှင်ကို (ဧဟိ ဘိက္ခု)ခေါ်လိုက်ရုံဖြင့် ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားသော အဝတ်တို့သည် အလိုလို ပျောက်ကွယ်၍ ရဟန်းအသွင်
ဖြစ်ကာ ဧဟိဘိက္ခု ရဟန္တာ ဖြစ်ရခြင်း ဆိုတဲ့ လောကုတ္တရာ ကောင်းကျိုးချမ်းသာကိုပါ
ရရှိနိုင်မည်ဟု ရေးသားဖော်ပြထားပါသည်။
References : ✍️
📑 မဟာဝါ ဘာသာဋီကာ (ဒု) ၁၉၂
📑 သာသနာတော်ထွန်းကားပြန့်ပွားရေး
ဦးစီးဌာန