10/10/2014
Hotel & Tourism News in Myanmar
ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်များ ပြန်လည်စတင်
==================================
ခန့်ထက် | | ရန်ကုန် | Wed, 2014-10-08 15:33
ရန်ကုန်မြစ်တွင်းသွား အပျော်စီးသင်္ဘောများကို အောက်တိုဘာလအတွင်း ပြန်လည်ပြေးဆွဲမည်ဟု အပျော်စီးသင်္ဘောလုပ်ငန်းများမှ သတင်းရရှိသည်။
မိုးတွင်းကာလတွင် ခရီးသည်ရရှိမှု နည်းပါးသည့်အပြင် သင်္ဘောများ ပြုပြင်ထိန်းသိမ်းရန်ရှိခြင်းကြောင့် ရန်ကုန်မြစ်တွင်းသွား အပျော်စီးသင်္ဘောလုပ်ငန်းအများစုက ခရီးစဉ်များကို ရပ်နားထားခဲ့သည်။
‘‘အောက်တိုဘာ ၅ ရက်က စပြီးတော့ ပြေးဆွဲပါတယ်’’ဟု Royal Green River အပျော်စီးသင်္ဘောမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြစ်တွင်းပြေးဆွဲသော Yangon River Cruise ကလည်း ခရီးစဉ်များကို အောက်တိုဘာ ၁ ရက်တွင် ပြန်လည်စတင်ပြီဟု ကြေညာထားသည်။
ရန်ကုန်မြစ်တွင်း၌ အပျော်စီးသင်္ဘော ရှစ်စီးပြေးဆွဲနေပြီး ယခုလအတွင်း အပျော်စီးသင်္ဘောအားလုံးနီးပါး ပြန်လည်ပြေးဆွဲမည့်အနေအထားရှိနေကြောင်း သိရသည်။ အများဆုံး လာရောက်စီးနင်းသူများသည် မြစ်အတွင်း၌ ညနေ နေ၀င်ချိန်ကို ကြည့်ရှုသူများဖြစ်ပြီး ဥရောပမှ ခရီးသည်များ ပိုမိုစိတ်ဝင်စားကြသည်ဟု Yangon River Cruise မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုးကာလ၌ သင်္ဘောများရပ်နားထားသော်လည်း စီးနင်းရန်အတွက် မေးမြန်းသော ခရီးသည်များပင် ရှိနေသည်ဟုဆိုသည်။
လက်ရှိတွင် အပျော်စီးသင်္ဘောအများစုမှာ နံနက်ခင်းနှင့် ညနေ နေ၀င်ချိန်တို့ကိုကြည့်ရန် ပြေးဆွဲပေးနေပြီး တစ်ဦးလျှင် စီးနင်းခ မြန်မာငွေကျပ် ၂၀,၀၀၀ ၀န်းကျင် ကျသင့်မည် ဖြစ်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၁၃ နှစ်ကုန်တွင် နိုင်ငံခြားသားဧည့်သည်များ အပျော်စီးသင်္ဘောစီးနင်းမှုမှ ၀င်ငွေမှာ အမေရိကန်ဒေါ်လာ ငါးသန်းနီးပါး ရရှိခဲ့သည်ဟု သိရသည်။
မိုရှီ @ Mòšhï Mòšhï
ရန်ကုန်မြစ်တွင်းသွား အပျော်စီးသင်္ဘော။
ဓာတ်ပုံ −Royal Green River Travels & Tours