11/07/2022
ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့)
***********
ဗုဒ္ဓဘာသာ၀င်များအတွက် #ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။
( သန္ဓေ, တောထွက်, ဓမ္မစက်, ဟောမြွက်သံချို လ-ဝါဆို)
#ဝါဆိုလပြည့်နေ့၏ထူးခြားချက်များ
မြန်မာ့ရိုးရာ ၁၂ လ ရှိသည်အနက် ဝါဆိုလပြည့်နေ့သည် -
၁။ ဂေါတမ ဘုရားလောင်း #ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း #တောထွက်တော်မူသောနေ့ဖြစ်၍ထူးခြားခြင်း၊
၃။ ဂေါတမ ဘုရားလောင်း #ဓမ္မစင်္ကြာတရားဦးစတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၄။ ရေမီး အစုံစုံတို့ဖြင့် #တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ #ဘုရားအဖြစ်ကို၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ #တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ #သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ #ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
ဓမ္မစင်္ကြာဟောသောနေ့မှာ သံဃာရတနာအစဦးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့ ဝါဆိုလပြည့် #သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။
ထိုထိုအကြောင်းများကြောင့် ဝါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာ၀င်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဤနေ့ထူးနေ့မြတ်တွင် ပါ၀င်သော ဓမ္မစကြာတရား ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ကို #ဓမ္မစင်္ကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။
🙏ဘုရားရှင်သည် ဓမ္မစင်္ကြာတရားတော်ကို မိဂဒါဝုန်တောရှိ ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့သည်။
🙏ယင်းသို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့်အတူ နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍ ကျမ်းဂန်၌ ဆိုထားသည်။
🙏ဓမ္မစကြာတရားခေါ် ဓမ္မစင်္ကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖြားဖြား ဟောကြားတော်မူသော တရားဒေသနာတော် ဖြစ်သည်။ ဤဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များ၌ ဓမ္မစက္က ပ၀တ္တန သုတ္တန်ဟူ၍ ခေါ်ဆိုထားသည်။
ဓမ္မစင်္ကြာတရားတော်တွင် ရှေးဦးစွာ ဝဲယာ #အစွန်းနှစ်ပါးကိုရှောင်ကြဉ်ရန် ဟောပြောထားသည်။
ဝဲယာအစွန်းနှစ်ပါး ဟူသည် #ကာမသုခလ္လိကာနုယောဂ တည်းဟူသော ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊
#အတ္တကိလမထာနုယောဂ တည်းဟူသော မိမိကိုယ်ကို ဒုက္ခပေး၍ ကျင့်ကြံအားထုတ်ခြင်း၊
ယင်း ၂-ပါးတို့ကို ရှောင်ကြဉ်၍ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက်ကို #မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်သော #မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံအားထုတ်ရန် ညွှန်ပြတော်မူသည်။
#မဂ္ဂင်ရှစ်ပါး ဟူသည်-
(၁) #သမ္မာဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမြင်မှု။
(၂) #သမ္မာသင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။
(၃) #သမ္မာဝါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။
(၄) #သမ္မာကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။
(၅) #သမ္မာအာဇီ၀=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။
(၆) #သမ္မာဝါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။
(၇) #သမ္မာသတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။
(၈) #သမ္မာသမာဓိ=ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု-တို့ ဖြစ်သည်။
ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။
#သစ္စာလေးပါးကား-
(၁) ဆင်းရဲအမှန်ဟူသော #ဒုက္ခသစ္စာ။
(၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော #သမုဒယသစ္စာ။
(၃) ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော #နိရောဓသစ္စာ။
(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော #မဂ္ဂသစ္စာ-ဟူ၍ ဖြစ်ပါသည်။
ဘုရားရှင်က ဤတရားတို့ကို ပူဇော်မှု၊ ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်ရမည်ဟူ၍လည်း ညွှန်ပြထားတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤနေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဓမ္မစကြာတရားတော်ကို ဆင်ခြင်သုံးသပ်၍ ကိုယ်တိုင် တတ်စွမ်းသမျှ ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ အထူးသဖြင့် သစ္စာလေးပါးတွင်
🙏 #ဒုက္ခသစ္စာကိုပိုင်းခြား၍သိရမည်။
🙏 #သမုဒယသစ္စာကိုပယ်ရမည်။
🙏 #နိရောဓသစ္စာကိုမျက်မှောက်ပြု(ဆိုက်ရောက်)ရမည်။
🙏 #မဂ္ဂသစ္စာကိုပွားများရမည်-ဟူသော အချက် ၄-ချက်ကို ခန္ဓာဉာဏ်ရောက် နှလုံးသွင်း၍ လေ့လာမှတ်သား ပြုကျင့်သင့်ပေသည်။
တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံး၀ကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။
ဓါတ်ပုံ🙏 အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တောအုပ်နေရာ
(မြတ်စွာဘုရားရှင်က ဓမ္မစင်္ကြာတရားဦးဟောကြားခဲ့ရာ နေရာ)